ပြည်ပသတင်းများ

ဩစတြေးလျနိုင်ငံ၏ ၂၀၂၁ ခုနှစ်၊ ဇွန်လအတွင်း စီးပွားရေး အခြေအနေ အစီရင်ခံစာ

COVID-19 ဆိုင်ရာ ကန့်သတ်ချက်များ လျှော့ချခြင်းနှင့် လုပ်သားဈေးကွက်ပြန်လည် ဦး မော့လာခြင်းတို့နှင့်အတူ GDP မှာ ပြီးခဲ့သည့် မတ်သုံးလပတ်နှင့် နှိုင်းယှဉ်ပါက ယခု ဇွန်သုံး လပတ်တွင်၁.၈ % မြင့်တက်ခဲ့ပါသည်။ စီးပွားရေးတိုးတက်မှုနှုန်းဆိုင်ရာ စာရင်းအချက်အလက် များအရ ဩစတြေးလျ စီးပွားရေးမှာ ကူးစက်ရောဂါမတိုင်မီအဆင့်အထက်သို့ ရောက်ရှိခဲ့ပြီဖြစ် ပါသည်။ ၂၀၁၉-၂၀၂၀ခုနှစ်တွင်စီးပွားရေးမှာ ၀.၂ % ကျုံ့ခဲ့ပြီးနောက် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ၁.၃ % ခန့် တိုးတက်လာနိုင်ကြောင်းနှင့် ၂၀၂၁-၂၀၂၂ တွင်မူ ၄.၅ % အထိ ခိုင်မာစွာဖြင့် တိုးတက်လာနိုင် ကြောင်း ခန့်မှန်းထားပါသည်။ အလုပ်လက်မဲ့နှုန်းထားမှာလည်း ဧပြီလမှ မေလ အတွင်း ၀.၄ % ကျ ဆင်းသဖြင့် ၅.၁ % သို့ရောက်ရှိခဲ့ရာ (၇) လဆက်တိုက် အလုပ်လက်မဲ့နှုန်း ထားကျဆင်းခဲ့ခြင်းဖြစ် ပါသည်။

စီးပွားရေးအခြေအနေမှာ တည်ငြိမ်လျက်ရှိပြီး၊ လုပ်ငန်း ၇၈ % ၏ စစ်တမ်းများအရ မေလအတွင်း ဝင်ငွေမှာ ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်လျက်ရှိပါသည်။ Reserve of Australia ၏ အတိုးနှုန်းမှာ သမိုင်းဝင် ၀.၁ % သို့ ရောက်ရှိနေပါသည်။ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ဩစတြေးလျ ငွေကြေးတန်ဖိုးမှာ ပျမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ ၇၈ ဆင့် တက်မည်ဖြစ်ကြောင်း ခန့်မှန်း ထားပါသည်။ ၂၀၂၀-၂၀၂၁ ခုနှစ်အတွက် လယ်ယာထွက်ကုန်စည် ထုတ်လုပ်မှု တန်ဖိုးကို အေ ဒေါ်လာ ၆၆.၃ ဘီလီယံခန့်မှန်းထားပြီး၊ ပို့ကုန်တင်ပို့မှုတွင်  အေဒေါ်လာ ၄၇ ဘီလီယံအောက် သို့ ၃% အထိကျသွားလိမ့်မည်ဟု ခန့်မှန်းထားပါသည်။ ၂၀၂၁-၂၀၂၂ ခုနှစ် အတွက်မူ လယ်ယာ ထွက်ကုန်စည်ထုတ်လုပ်မှု စုစုပေါင်းတန်ဖိုးမှာ အေဒေါ်လာ ၆၅ ဘီလီယံခန့်ရှိနိုင်ကြောင်း ခန့် မှန်းထားပါသည်။ ၂၀၂၁ ခုနှစ်ဆောင်းဦးရာသီရှိ ကောင်းမွန်သော  ရာသီဥတုအခြေအနေကြောင့် ကောက်ပဲသီးနှံထုတ်လုပ်မှုနှင့် စားကျက်မြေတို့အတွက် များစွာအထောက်အပံ့ဖြစ်စေပါသည်။

COVID-19 ကူးစက်ရောဂါကြောင့် ၂၀၂၁ ခုနှစ်အတွင်း လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် လုပ်သားပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။ အထူးသဖြင့်သိုးမွှေးရိတ်ခြင်း၊ အသားထုတ်လုပ်ခြင်း နှင့်သီးနှံခူးဆွတ်ခြင်းတို့တွင် များစွာသက်ရောက်မှုများဖြစ်ပေါ်ခဲ့ပါသည်။ လယ်ယာစိုက်ပျိုးရေး ကဏ္ဍရှိလုပ်သားသွင်းအားစုမှာ ထိရှလွယ်သည့်အနေအထားဖြစ်သော်လည်း ရာသီဥတုကောင်း မွန်ခြင်းနှင့်အတူ ထုတ်လုပ်မှုတိုးတက်ခြင်းနှင့် ကျွမ်းကျင်သော လုပ်သားသုံး လယ်ယာမြေစီမံ ခန့်ခွဲမှုစနစ်တို့ကြောင့် အသီးအနှံနှင့်ဟင်းသီးဟင်းရွက်ဈေးနှုန်းများ သိသိသာသာမြင့်တက်ခြင်း အပါအဝင်အလားအလာရှိသော အကျိုးဆက်များကို ရှောင်ရှားနိုင်ခဲ့ပါသည်။

ဩစတြေးလျနိုင်ငံ၏ လယ်ယာထွက်ကုန် တင်ပို့မှုတွင် အမဲသား၊ သိုးမွှေးနှင့် နို့ထွက် ပစ္စည်းတင်ပို့မှုများပြားလာခြင်းနှင့် ဝါဂွမ်းတင်ပို့မှု သိသိသာသာ ပြန်လည်ဦးမော့လာခြင်းတို့ ကြောင့်တင်ပို့မှု ၆ % တိုးတက်လာနိုင်ပြီး၊ အေဒေါ်လာ ၄၉.၇ သန်းသို့ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားပါသည်။ ဒုတိယအကြီးဆုံး ဆောင်းသီးနှံကိုစံချိန်တင်ရိတ်သိမ်းခဲ့ပြီး နောက်ကောက်ပဲ သီးနှံတင်ပို့မှုမှာ မျှော်မှန်းထားသည်ထက် များစွာတိုးတက်လာပြီး၊ အထူးသဖြင့် ဂျုံ၊ မုယော စပါးနှင့် ကာနိုလာ တင်ပို့မှုတို့မှာ လွန်စွာတိုးတက်လျက်ရှိပါသည်။ သို့သော် နယူးဆောက် ဝေးလ် နှင့် ကွင်းစလန်ပြည်နယ် တောင်ပိုင်းတို့တွင် ကြွက်ကပ်ဘေးကြောင့် နွေသီးနှံများနှင့် ဆောင်းအဝင် စိုက်ပျိုးမှုများကို ပျက်စီးစေပါသည်။

စိုက်ပျိုးမှုစံချိန်တင်ခြင်း၊ မိုးဦးကျစောခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဆီထွက်သီးနှံရှားပါးမှုတို့ သည်အနောက်ဩစတြေးလျ လယ်သမားများကို အေဒေါ်လာ ၂ ဘီလီယံတန်ဖိုးရှိ ကာနိုလာ ဆီထွက်သီးနှံရိတ်သိမ်းမှုကို ဖြစ်ပေါ်စေပါသည်။ ဈေးနှုန်းမြင့်တက်လာသည်နှင့်အမျှ မိုးရွာသွန်းမှု များပြားသည့်အတွက် ဩစတြေးလျတခွင်ရှိ စိုက်ပျိုးသူများသည် ကာနိုလာဆီထွက်သီးနှံကို ဧက ပေါင်း ၂.၉ သန်းနီးပါး စိုက်ပျိုးရန် ခန့်မှန်းထားပြီး၊ အနောက်ဩစတြေးလျတွင် ကာနိုလာ စိုက်ခင်းဧရိယာများကို ဧက ၁.၅ သန်းအထိ တိုးချဲ့စိုက်ပျိုးနိုင်ခဲ့ခြင်းဖြစ်ပါသည်။ ပြီးခဲ့သည့် မတ်လအတွင်းက မိုးအနှံ့ရွာသွန်းမှုကြောင့် လာမည့်ရာသီအတွက် ဝါဂွမ်းစိုက်ပျိုးထုတ်လုပ်မှုကို ချည်ထုတ် (bale)၂ သန်း မှာ ၂ဆ ဖြစ်သည့် ၄ သန်းသို့ တိုးမြှင့်ထုတ်လုပ်နိုင်သော်လည်း တရုတ် နိုင်ငံနှင့် သံတမန်ဆက်ဆံရေးမပြေလည်မှုကြောင့် ထုတ်လုပ်မှု၏ ၇၀ % ကျော်တင်ပို့လျက်ရှိ သည့် အကြီးဆုံးဈေးကွက်ဆုံးရှုံးမှု နှင့်ရင်ဆိုင်ရဆဲဖြစ်ပါသည်။

မွေးမြူရေးထုတ်ကုန်ဈေးနှုန်းများမှာ သမိုင်းဝင်မြင့်မားနေသော်လည်း ယေဘုယျအား ဖြင့် ဈေးနှုန်းကျဆင်းနိုင်မည်ဟု ခန့်မှန်းထားပါသည်။ မွေးမြူရေးထုတ်ကုန် တင်ပို့မှုကျဆင်းရသည့် အကြောင်းမှာ ကျွဲ၊ နွား၊ သိုးအုပ်စု ပြန်လည်တည်ဆောက်လျက်ရှိရာ အသားထုတ်လုပ်မှုမှာ သမိုင်းဝင်အနိမ့်ဆုံးသို့ ရောက်ရှိခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ အစိုးရမှာ စိုက်ပျိုးမွေးမြူသူများကို အပြည့်အဝအထောက်အပံ့ပေးလျက်ရှိပြီး၊ ယခုနှစ်ဘတ်ဂျက်တွင် ဇီဝလုံခြုံရေး ပိုမိုအားကောင်း လာစေရေးအတွက် အေဒေါ်လာ သန်း ၄၀၀ ကျော်၊ စိုက်ပျိုးမွေးမြူရေး လုပ်သားအင်အား တိုးမြှင့် နိုင်ရေးအတွက် အေဒေါ်လာ ၂၉.၈ သန်းနှင့် ဈေးကွက်ဝင်ခွင့်အတွက် အေဒေါ်လာ ၁၅ သန်းကို ထပ်မံခွဲဝေလျာထားပါသည်။ ဩစတြေးလျနိုင်ငံသည် ကိုဗစ်ကာလအတွင်း နိုင်ငံတကာ ခရီးသွား ဝင်ရောက်မှုများကို ကန့်သတ်တားမြစ်ထားခဲ့ရာ ရာသီအလိုက် အသီးအနှံများ ခူးဆွတ်ချိန်တွင် လုပ်သားအင်အား ပြတ်လပ်မှုများကြောင့် ထုတ်လုပ်မှုပိုင်းတွင် အခက်အခဲများ ကြုံတွေ့ခဲ့ရခြင်းကို နောင်တွင် ကျော်လွှားနိုင်ရန် မကြာသေးမီက ကြေညာလိုက်သည့် “ရာသီအလိုက် စိုက်ပျိုးမွေးမြူ ရေး လုပ်သားဗီဇာအသစ်” မှာ ဩစတြေးလျ စိုက်ပျိုးမွေးမြူရေးကဏ္ဍအတွက် လယ်ယာမြေ များတွင် အလုပ်လုပ်ကိုင်မည့် လုံခြုံစိတ်ချရသည့် လုပ်သားသွင်းအားစုကို စဉ်ဆက်မပြတ်ထောက် ပံ့နိုင်ရန် ရည်ရွယ်သည့် အစိုးရ၏ အမျှော်အမြင်ရှိမှုပင်ဖြစ်ပါသည်။

ဩစတြေးလျအစိုးရသည် ကုန်စည်တင်ပို့သူများ၏ ကုန်ထုတ်စွမ်းအား မြှင့်တင်နိုင်ရေး နှင့်အချိန်ကုန်၊ ငွေကုန် သက်သာခြင်းများကို အထောက်အကူဖြစ်စေရန် လုပ်ထုံးလုပ်နည်းများ ဖြေလျော့ပေးခြင်းအပြင်ကုန်သွယ်မှုလုပ်ငန်းစဉ်များကို ရိုးရှင်းလွယ်ကူရှိစေရန် “ရိုးရှင်းလွယ်ကူ သည့် ကုန်သွယ်မှုစနစ် အကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့”ကို အသစ်ဖွဲ့စည်းလိုက်ပြီး၊ အပြည် ပြည်ဆိုင်ရာကုန်သွယ်ရေးစည်းမျဉ်းများကို ပြန်လည်သုံးသပ်မည်ဖြစ်ပြီး၊ ခေတ်မမှီတော့သည့် ICT စနစ်များကို ခေတ်မီအောင် ဆောင်ရွက်ပေးခြင်းဖြင့် ကူးသန်းရောင်းဝယ်မှုကဏ္ဍအတွက် ပြုပြင် ပြောင်းလဲမှုများကို ဖော်ဆောင်ပေးလျက်ရှိပါသည်။

ဩစတြေးလျ မုယောစပါးအပေါ် တရုတ်နိုင်ငံ၏ တန်ပြန်စုပုံတင်သွင်းခွန် ကောက်ခံမှု ကြောင့် WTO သို့ တင်ပြအရေးဆိုထားသည့်ကိစ္စနှင့် စပ်လျဉ်း၍ ကုန်သွယ်ရေး အငြင်းပွားမှု ခုံရုံး တစ်ရပ်ဖွဲ့စည်းရန် တောင်းဆိုထားပါသည်။ ထို့အပြင်ဩစတြေးလျဝိုင်အပေါ် တန်ပြန်စုပုံတင်သွင်း ခွန်ကောက်ခံမှုအတွက် ဩစတြေးလျဝိုင်ထုတ်လုပ်သည့်ကဏ္ဍ အကျိုးစီးပွားကို ကာကွယ်ရန် WTO တွင် ကုန်သွယ်ရေးအငြင်းပွားမှုအဖြစ် အရေးဆိုဆောင်ရွက်သွားမည် ဖြစ်ပါသည်။

တရုတ်ဈေးကွက်ဆုံးရှုံးသွားသော ဩစတြေးလျမုယောစပါးကို ဗီယက်နမ်နိုင်ငံသို့ ပြောင်းလဲတင်ပို့နိုင်ခဲ့ပြီး၊ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် တင်ပို့မှုမှာ တန်ချိန် ၅၀၀,၀၀၀ သို့ရောက်ရှိ လာပြီ ဖြစ်ရာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက တန်ချိန် ၂၀၀,၀၀၀ ပိုမိုတိုးမြှင့်တင်ပို့ခဲ့ခြင်း ဖြစ်ပါသည်။ ဗီယက် နမ်နိုင်ငံဈေးကွက် ပေါ်ထွန်းလာခြင်းမှာ ကောင်းမွန်သောတိုးတက်မှုဖြစ်သော်လည်း ဆုံးရှုံးသွား သည့် တရုတ်နိုင်ငံဈေးကွက်ကို အစားထိုးနိုင်ခြင်းမရှိသေးကြောင်း တွေ့ရှိရပါသည်။ သို့သော် ဗီယက်နမ်နိုင်ငံတွင် ကြီးမားသည့် ဝက်ထုတ်လုပ်မှုကဏ္ဍနှင့် ကြီးထွားလာသည့် နို့ထွက်ပစ္စည်း ထုတ်လုပ်မှုကဏ္ဍနှင့်အတူ အဓိကကျသော ကောက်ပဲသီးနှံ ဝယ်လက်အဖြစ် ဆက်လက် ရပ်တည် မည့်အလားအလာဖြစ်ပါသည်။

ကမ္ဘာ့ဝိုင်ဦးဆောင်ထုတ်လုပ်သူ ဩစတြေးလျနိုင်ငံအနေဖြင့် စိန်ခေါ်မှုရှိသော ကုန်သွယ်မှုဆိုင်ရာ အခြေအနေများနှင့် လိုက်လျောညီထွေမှုရှိအောင် ပြုလုပ်ခြင်းဖြင့် ဝိုင်ထုတ်လုပ်သူများက ၎င်းတို့၏ ဝယ်လက်များကို ပြောင်းလဲနိုင်ခဲ့ပါသည်။ ပြီးခဲ့သည့် မတ်သုံးလပတ်အတွင်း တင်ပို့နေကျ မဟုတ်သည့် ဝိုင်ဈေးကွက်များသို့ ရောင်းချမှုများ မြင့်တက်ခဲ့ရာ  နယ်သာလန်နိုင်ငံသို့ တင်ပို့မှုမှာ ၆၃ % မြင့်တက်ခဲ့ပြီး၊ တန်ဖိုးအားဖြင့် အေဒေါ်လာသန်း ၂၀ နှင့် တောင်ကိုရီးယား နိုင်ငံသို့ရောင်းချ မှုမှာ ၁၃၃.၆ % မြင့်တက်ခဲ့ပြီး၊ တန်ဖိုးအားဖြင့် အေဒေါ်လာ ၁၃.၆ သန်းအထိ ရောက်ရှိခဲ့ပါသည်။ အစိုးရသည် အေဒေါ်လာ ၇၂ သန်း တန်ဖိုးရှိ Agri-Business Expansion Initiative အစီအစဉ်ဖြင့် ဝိုင်ထုတ်လုပ်သူများ နိုင်ငံတကာဈေးကွက် ချဲ့ထွင်နိုင်ရန်၊ ဈေးကွက် ထောက်လှမ်းရေးနှင့် ဈေးကွက်ချဲ့ထွင်နိုင်ရေးအတွက် အစိုးရနှင့် လုပ်ငန်းကဏ္ဍပူးပေါင်းလုပ် ဆောင်ရန် သင့်တော်သော အထောက်အပံ့များပေးခြင်းတို့ဖြင့် အကူအညီပေးလျက်ရှိပါသည်။

ယခု ဇွန်လအတွင်း ဩစတြေးလျ-ယူကေ လွတ်လပ်သော ကုန်သွယ်မှုဒေသ သဘောတူ စာချုပ်ကိုလည်း မူအားဖြင့် သဘောတူညီခဲ့ပြီးဖြစ်ရာ ၎င်းသဘောတူစာချုပ်အရ စာချုပ်သက်ဝင် သည်နှင့် ဩစတြေးလျ ဝိုင်အပေါ် အကောက်ခွန်နှုန်းထားများ ပယ်ဖျက်ပေးမည်ဖြစ်ရာ ဩစတြေး လျဝိုင်အတွက် ဆွဲဆောင်မှုရှိသည့်အပြင် ပိုမိုယှဉ်ပြိုင်နိုင်စွမ်းကို ရရှိစေသည့်အပြင် ဩစတြေးလျ Sheepmeat ထုတ်လုပ်မှုကဏ္ဍအတွက် ဈေးကွက်ပြောင်းလဲ တင်ပို့နိုင်မည့် အခွင့်ရေးရရှိခဲ့ခြင်း ဖြစ်ပါသည်။ သို့သော်ယူကေနှင့် ဩစတြေးလျနိုင်ငံတို့အကြား အစားအသောက်နှင့် လယ်ယာစိုက် ပျိုးရေးစံချိန် စံညွှန်းသတ်မှတ်ချက်မတူညီမှုများက သဘောတူ စာချုပ်ဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများ တွင်ကွဲပြားခြားနားချက်များ ဖြစ်ပေါ်လျက်ရှိရာ ယခုချုပ်ဆိုမည့် သဘောတူစာချုပ်မှာ ယူကေ၏ အစားအသောက် စံနှုန်းသတ်မှတ်ချက်များကို အလျှော့ပေးမည်(သို့) ဩစတြေးလျ၏ ပို့ကုန်များအ ပေါ်မြင့်မားသောစံနှုန်းများ သတ်မှတ်မည်ဆိုသည်ကို ဆက်လက်စောင့်ကြည့်ရမည် ဖြစ်ပါသည်။

သုံးသပ်တင်ပြချက်

COVID-19 ဆိုင်ရာ ကန့်သတ်ပိတ်ဆို့မှုများကြောင့် ဖြစ်ပေါ်လာသည့် မသေချာမရေရာ မှုများက အိမ်ထောင်စုများ၏ စုဆောင်းမှုကို တိုးပွားစေခြင်းနှင့်အတူ အစိုးရ၊ ပုဂ္ဂလိက ရင်းနှီး မြှုပ်နှံမှုများက စီးပွားရေး တိုးတက်လာသည့် အဓိကအချက်များ ဖြစ်ပါသည်။ ဩစတြေးလျ နိုင်ငံ၏ လယ်ယာထွက်ကုန်စံချိန်တင်ထုတ်လုပ်နိုင်မှုနှင့်အတူ ထုတ်လုပ်မှုကဏ္ဍ ပြန်လည်နိုးထ လာချိန်တွင် တရုတ်နိုင်ငံဈေးကွက်ဆုံးရှုံးမှုကြောင့် နောက်ထပ်ဈေးကွက်အသစ်များ ရှာဖွေရန် အရေးတကြီးလိုအပ်နေပြီဖြစ်ပါသည်။ နိုင်ငံ၏ စီးပွားရေးအတွက် အရေးပါလှသည့် လယ်ယာ ထွက်ကုန်ကဏ္ဍရှိ စိုက်ပျိုးမွေးမြူရေးသမားများ၊ ငါးဖမ်းသူများနှင့် သစ်တောလုပ်ကိုင်သူများ မှာ ကိုဗစ်ကူးစက်ရောဂါကို တွန်းလှန်၍ ထုတ်လုပ်မှုတိုးတက်လာပြီး၊ အမြင့်ဆုံးသို့ ရောက်ရှိခဲ့ခြင်းဖြစ် ပါသည်။ စိုက်ပျိုးမွေးမြူသူများမှာ နိုင်ငံတကာရှိဈေးကွက် အသစ်များရှာဖွေခြင်းနှင့် ထုတ်လုပ်မှု အခြေစိုက်နေရာများကို ပြောင်းလဲထုတ်လုပ်နိုင်ရေး အစိုးရ၏ အကူအညီများဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သုံးသပ်တင်ပြအပ်သည်။

“ရာသီအလိုက် စိုက်ပျိုးမွေးမြူရေး လုပ်သားဗီဇာအသစ်”ကို အစိုးရက ယခုနှစ်ကုန်ပိုင်း တွင်ထုတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ အဆိုပါဗီဇာအစီအစဉ်အသစ်တွင် အာဆီယံ (၁၀) နိုင်ငံပါအကျုံးဝင်သည့်အတွက် မြန်မာနိုင်ငံမှ သွားရောက်လုပ်ကိုင်လိုသူများအတွက် အခွင့် အလမ်းကောင်းတစ်ရပ်ဖြစ်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

အစိုးရ၏ Ag 2030 အစီအစဉ်ဖြစ်သည့် ၂၀၃၀ ပြည့်နှစ်တွင် လယ်ယာထွက်ကုန် ထုတ် လုပ်မှုတန်ဖိုး အေဒေါ်လာ ၁၀၀ ဘီလီယံ ထုတ်လုပ်ရန် ရည်မှန်းချက်ပြည့်မီနိုင်ရေးအတွက် အစိုးရ ကသက်ဆိုင်ရာကုန်စည်အလိုက် နည်းပညာအကူအညီနှင့် ငွေကြေးအကူအညီများ ထောက်ပံ့ပေး ခြင်း၊ ပို့ကုန်မြှင့်တင်ရေးအတွက် အထောက်အပံ့များပေးခြင်း၊ ကုန်သွယ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်း များဖြေလျော့ပေးခြင်းနှင့် ရိုးရှင်းလွယ်ကူစေခြင်း၊ ဈေးကွက်ပြောင်းလဲ တင်ပို့နိုင်အောင်ဆောင် ရွက်ပေးခြင်း၊ ထုတ်လုပ်မှုကဏ္ဍအလိုက် အကျိုးစီးပွား ကာကွယ်ပေးခြင်း၊ နိုင်ငံတကာ ကုန်သွယ် မှုစည်းမျဉ်းများနှင့်အညီ ဖြေရှင်းဆောင်ရွက်ခြင်းတို့ဖြင့် နိုင်ငံ့ စီးပွားရေးအတွက်အရေးပါလှသည့် ကုန်သွယ်မှုကဏ္ဍကို ရေရှည်ဖွံ့ဖြိုးတိုးတက်စေပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

ရှင်စောသု၊ စီးပွားရေးသံမှူး

ကင်ဘာရာမြို့

Loading