ပြည်ပသတင်းများ

ပဲမျိုးစုံ သိုလှောင်နိုင်မှုပမာဏ ကန့်သတ်ကြောင်း အိန္ဒိယ အစိုးရက အမိန့်ထုတ်ပြန်ခြင်း

အိန္ဒိယနိုင်ငံ၊ စားသုံးသူရေးရာ၊ စားနပ်ရိက္ခာနှင့် ပြည်သူ့ ဖြန့်ဖြူးမှုရေးရာဝန်ကြီးဌာနသည် ပြည်တွင်းရှိ ပြည်နယ်/ပြည်ထောင်စုနယ်မြေအားလုံးတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များ လက်ဝယ်၌ ပဲတီစိမ်းမှအပ ကျန်ပဲများအားလုံး ထားရှိသိုလှောင်နိုင်သည့် ပမာဏအား ၃၁-၁၀-၂၀၂၁ နေ့အထိ ကန့်သတ်လိုက်သည့် အမိန့်အမှတ် S.O. 2674(E) ကို ၂-၇-၂၀၂၁ နေ့၌ ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါအမိန့်အရ လက်ကားဖြန့်ဖြူးသူများအနေဖြင့် ပဲအမျိုးအစားတစ်ခုလျှင် မက်ထ ရစ်တန် ၁၀၀ ထက်မပိုပဲ စုစုပေါင်းတန်ချိန် ၂၀၀ အထိသာ သိုလှောင်ထားရှိနိုင်ကြောင်း၊ လက်လီ ရောင်းချသူများကို ၅ တန်အထိ လက်ဝယ်ထားခွင့်ပြုကြောင်း၊ ပဲခွဲစက်လုပ်ငန်းများအနေဖြင့် ၃ လစာ ထုတ်လုပ်မှုပမာဏနှင့် နှစ်စဉ်ကြိတ်ခွဲနိုင်မှု ၂၅% တို့အနက် များရာပမာဏကို သိုလှောင် ခွင့်ရှိမည်ဖြစ်ကြောင်း၊ သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ၁၅-၅-၂၀၂၁ နေ့မတိုင်မီ ပဲများတင် သွင်းထားခြင်းဖြစ်ပါက လက်ကားဖြန့်ဖြူးသူများနည်းတူ သိုလှောင်ခွင့်ရှိမည်ဖြစ်ပြီး ၎င်းနေ့ရက် နောက်ပိုင်း၌ တင်သွင်းခြင်းဖြစ်ပါက အကောက်ခွန်ရှင်းလင်းမှု လုပ်ဆောင်သည့်နေ့မှ ၄၅ ရက် နောက်ပိုင်းတွင် လက်ကားဖြန့်ဖြူးသူများအား ခွင့်ပြုထားသည့် ပမာဏအတိုင်းသာ သိုလှောင်နိုင် မည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် အကယ်၍ မိမိတို့လက်ဝယ်တွင် ပဲမျိုးစုံပမာဏသည် သတ်မှတ်ပြဌာန်းချက်ထက် ပိုမိုလျက်ရှိလျှင် အိန္ဒိယစားသုံးသူရေးရာဌာန၏ အင်တာနက်စင်္ကြန် ၌ ထုတ်ဖော်ကြေညာရမည်ဖြစ်ပြီး ရက်ပေါင်း ၃၀ အတွင်း ယခုအမိန့်စာပါပမာဏသို့ လျော့ချသို လှောင်ရမည်ဖြစ်ကြောင်း သိရှိရသည်။

ထိုကဲ့သို့ အရေးကြီးကုန်စည်ဖြစ်သည့် ပဲမျိုးစုံ၏ ဈေးနှုန်းများတည်ငြိမ်မှုအား ထိန်းသိမ်း နိုင်ရန်အလို့ငှာ ပဲမျိုးစုံသိုလှောင်နိုင်မှု ပမာဏအား အစိုးရက ၄ လတာ ကန့်သတ်လိုက်မှုအပေါ် ပြည်တွင်းဈေးကွက်တွင် ပဲမျိုးစုံဈေးနှုန်းများမှာ အခြေခံရည်ညွှန်းဈေးနှုန်း (MSP) ပတ်ဝန်းကျင် ၌သာ ရောင်းဝယ်ဖောက်ကားမှုရှိကြောင်း ဝေဖန်ထောက်ပြလျက် ၎င်းအမိန့်အား ပြန်လည်ရုပ် သိမ်းပေးရန် အိန္ဒိယကုန်သည်အသိုင်းအဝိုင်းက တောင်းဆိုလျက်ရှိကြပါသည်။

အိန္ဒိယပဲမျိုးစုံနှင့် ကောက်ပဲသီးနှံအသင်း (IPGA) ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Mr. Bimal Kothari က ၎င်းတို့အနေဖြင့် ပဲမျိုးစုံသိုလှောင်နိုင်မှု ပမာဏအား ကန့်သတ်ကြောင်း အမိန့်ထုတ် ပြန်မှုအပေါ် ကြီးစွာအံ့အားသင့်မှုဖြစ်ရကြောင်း၊ အစိုးရ၏ ယခုဆောင်ရွက်ချက်မှာ နောက်ပြန်ဆွဲ သည့် ခြေလှမ်းတစ်ရပ်ဖြစ်ပြီး ကုန်သည်လုပ်ငန်းရှင်များကိုသာမက တောင်သူများနှင့် စားသုံးသူ များကိုပါထိခိုက်စေမည်ဖြစ်ကြောင်း၊ လက်ရှိကာလတွင် ကုလားပဲဈေးနှုန်းမှာ MSP အောက်၌ ရှိပြီး ပဲစင်းငုံနှင့်မတ်ပဲတို့မှာ MSP ဈေးနှုန်းခန့်ဖြင့် ရောင်းဝယ်လျက်ရှိရာ အစိုးရ၏ လုပ်ဆောင်မှု က ဈေးနှုန်းများထိုးကျမှု ဖြစ်ပေါ်စေလျက် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအပေါ် ဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်း၊ ပုံမှန်အားဖြင့် သွင်းကုန်လုပ်ငန်းရှင်တစ်ဦးသည် ပဲအမျိုးအစားတစ်ခုလျှင် တန်ချိန် ၃၀၀၀ မှ ၅၀၀၀ အထိ တင်သွင်းလျက်ရှိရာ ပဲတစ်မျိုးလျှင် တန် ၁၀၀ ထက်မပိုပဲ သိုလှောင်ရန် ကန့်သတ်ခြင်းမှာ သွင်းအားစုကဏ္ဍ ထိန်းချုပ်ခံရသည့် အနေအထားသို့ ဦးတည် လျက်ရှိကြောင်း၊ သို့ဖြစ်ရာ သွင်းကုန်လုပ်ငန်းရှင်များသည် ပဲမျိုးစုံအား ပမာဏအမြောက်အမြား တင်သွင်းနိုင်မှု မရှိသည့် အခြေအနေသို့ ရောက်ရှိမည်ဖြစ်ကြောင်းနှင့် မည်သူ့ကိုမျှ အကျိုးဖြစ် ထွန်းဖွယ်မရှိသဖြင့် ၎င်းတို့အနေဖြင့် အဆိုပါအမိန့်အား ဆောလျင်စွာ ပြန်လည်ရုပ်သိမ်းပေးရန် အစိုးရသို့ တိုက်တွန်းတောင်းဆိုကြောင်း စသည်ဖြင့် ပြောဆိုပါသည်။

အိန္ဒိယစားသုံးသူရေးရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ရာတွင် အစိုးရသည် ကပ်ရော ဂါ၏ ထိခိုက်သက်ရောက်မှုကိုခံရသည့် အခြေအနေ၌ လိုအပ်သော စီမံဆောင်ရွက်မှုများကို အချိန် အခါနှင့် လိုက်လျောညီထွေစွာ လုပ်ဆောင်လျက်ရှိကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း ပဲမျိုးစုံ လက်လီဈေးနှုန်းများ မြင့်တက်လျက်ရှိမှုအပေါ် ပဲတီစိမ်း၊ မတ်ပဲနှင့် ပဲစင်းငုံ အရန်ရိက္ခာများကို သက်သာချောင်ချိရေးဆိုင်များ၊ စားသုံးသူ သမဝါယမ အသင်းအဖွဲ့များမှတစ်ဆင့် ရောင်းချပေး ခြင်းဖြင့် သက်သာမှု ရရှိစေခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ လအတွင်း အရန်သိုလှောင်ထားရှိမှုမှ ပဲစင်းငုံတန်ချိန် ၂ သိန်းအား ပြည်တွင်း ဈေးကွက်သို့ ဖြန့် ဖြူးပေးခဲ့ကြောင်း၊ အရန်ရိက္ခာ ဝယ်ယူရေးအဖွဲ့အစည်းဖြစ်သော NAFED ၏ ကြိတ်ခွဲပြုပြင်မှု၊ ထုပ်ပိုးမှု၊ သယ်ယူပို့ဆောင်မှုစသည့် စရိတ်စကများကို အစိုးရက ကျခံဆောင်ရွက်ခဲ့ကြောင်း၊ ပြည်တွင်း ပဲမျိုးစုံဈေးကွက်အတွင်း ပါဝင်လုပ်ကိုင်လျက်ရှိသည့်လုပ်ငန်းရှင်များအား လက်ဝယ်ရှိ ကုန်လက်ကျန်စာရင်းကို ထုတ်ဖော်ပြောကြားစေပြီး တိုက်ဆိုင်စစ်ဆေးမှုပြုရန် ပြည်နယ်အစိုးရ အဖွဲ့များသို့ ၁၄-၅-၂၀၂၁ နေ့တွင် ညွှန်ကြားခဲ့ကြောင်း၊ လုပ်ငန်းရှင်ပေါင်း ၇၀၀၁ ဦးထံမှ စာရင်း ပေးပို့ပြန်ကြားခဲ့ပြီး ပဲမျိုးစုံစုစုပေါင်း တန်ချိန် ၂၈.၃၁ သိန်း ၎င်းတို့လက်ဝယ်ရှိသည်ကို စာရင်း ရရှိကြောင်း၊ ယခု ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ကုလားပဲ တန်ချိန် ၁၀ သိန်းအပါအဝင် ပဲမျိုးစုံ တန်ချိန် ၂၃ သိန်းအား အရန်ရိက္ခာဝယ်ယူရန် ရန်ပုံငွေများချမှတ်ထားရှိပြီးဖြစ်ကြောင်း ဖော်ပြပါသည်။

အိန္ဒိယ၏ နှစ်စဉ်ပဲမျိုးစုံလိုအပ်ချက်မှာ တန်ချိန် ၂၅ သန်းခန့်ရှိပြီး အိန္ဒိယအစိုးရ၏ စာရင်း များအရ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ကုလားပဲတန်ချိန် ၁၂.၆၁ သန်းနှင့် ပဲတီစိမ်းတန်ချိန် ၂.၆၄ သန်း အပါအဝင် ပဲမျိုးစုံ တန်ချိန် ၂၅.၅၈ သန်း ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။

Source:        1. Order No. S.O. 2674(E) dated 2nd July 2021 of Ministry of Consumer Affairs, Food and Public Distribution of India

  1. Govt. of India has issued a landmark order imposing stock limits on Pulses applicable to wholesales, retailers, millers and importers, 2-7-2021, Press information Bureau of India
  2. Trade, industry shocked by govt’s move to impose stock limit on pulses to send ‘right’ signal to the market, 3-7-2021, Economic Times

နေအေးလွင်၊ စီးပွားရေးသံမှူး

ဒေလီ

Loading