ပြည်ပသတင်းများ

စကော့တလန် အစားအသောက်ကဏ္ဍက ဩစတြေးလျ ကုန်သွယ်ရေးသဘောတူညီချက်အပေါ် ဝေဖန်ပြောကြား

စကော့တလန် အစားအသောက် ထုတ်လုပ်သူများသည် ဩစတြေးလျ ကုန်သွယ်ရေးသဘောတူညီချက်ဆိုင်ရာ ဆွေးနွေး ညှိနှိုင်းမှုနှင့်စပ်လျဉ်း၍ ယူကေကုန်သွယ်ရေး အတွင်းဝန်  Liz Truss ထံသို့ သတိပေးစာတစ်စောင်ပေးပို့ခဲ့ကြောင်း သိရှိရပါသည်။ ကုမ္ပဏီ (၁၄) ခုနှင့် ကုန်သွယ်ရေး အသင်းအဖွဲ့များက ဩစတြေးလျနှင့် ထူထောင်ရန် ဆွေးနွေးညှိနှိုင်းလျက်ရှိသည့် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်အပေါ် စိုးရိမ်မှုများရှိနေကြောင်း ဖော်ပြထားပါ သည်။

ပေးပို့သော သတိပေးစာတွင် လယ်ယာစိုက်ပျိုးမွေးမြူရေး၊ ငါးဖမ်းခြင်းနှင့် ပြုပြင်ထုတ် လုပ်သည့် အဓိကအသင်းအဖွဲ့များက အစိုးရအဖွဲ့ (Whitehall) နှင့် လုပ်ငန်းကဏ္ဍအကြား ပူးပေါင်း ဆောင်ရွက်မှုမရှိကြောင်း ပြောကြားထားပါသည်။ EU မှ ထွက်ခွာလာခြင်းကြောင့် ကုမ္ပဏီများ သည် ခရစ်စမတ်တွင် ကုန်သွယ်ရေးသဘောတူညီမှုကို ထိခိုက်စေပြီး၊ ကုန်ကျစရိတ်ကြီးမားသည့် အကျိုး ဆက်များကို ရင်ဆိုင်ကြုံတွေ့ရသည်ဖြစ်ရာ ဩစတြေးလျနှင့် အခြားလယ်ယာထွက်ကုန် အဓိက တင်ပို့သူများနှင့်သဘောတူညီမှုအသစ်များကို အလျင်စလို ပြုလုပ်ခြင်းဖြင့် ကုန်ကျစရိတ် ကြီးမားသည့် အကျိုးဆက်များကို ထပ်မံရင်ဆိုင်ကြုံတွေ့နိုင်ကြောင်း သတိပေးထားပါသည်။

Ms. Liz Truss က ဗြိတိသျှလယ်သမားများအနေဖြင့် ကြောက်ရွံ့နေရန် မလိုကြောင်းနှင့် ဩစတြေးလျ နှင့်ကုန်သွယ်ရေးသဘောတူစာချုပ်မှ အမြတ်အစွန်းများစွာ ရရှိနိုင်မည်ဖြစ် ကြောင်း အခိုင်အမာပြောကြားထားပါသည်။ ထို့အပြင် EU မှ ယူကေနိုင်ငံ ထွက်ခွာသည့် အချိန်မှစ၍ ပထမဆုံးသဘောတူစာချုပ်တွင် ဝီစကီ အတွက် ၅ % အကောက်ခွန်နှုန်းကို  ပယ်ဖျက်နိုင်ကောင်း ပယ်ဖျက်နိုင်မည်ဖြစ်ကြောင်း ပြောကြားထားပါသည်။ အစိုးရအဖွဲ့ (Whitehall) ဝန်ကြီးများက သဘောတူညီချက်တွင်ထုတ်လုပ်သူများအတွက် အကာအကွယ်ပေးသည့် အစီအမံများပါရှိမည်ဖြစ် ကြောင်း အာမခံပေးထားပြီး၊ ကုန်သွယ်ရေး သဘောတူညီချက် အသစ်များသည် အီးယူပြင်ပ သို့တင် ပို့ရောင်းချနိုင်မည့် အခွင့်အလမ်းများရရှိနိုင်ရန် လမ်းဖွင့်ပေးထားကြောင်း ပြောကြားထား ပါသည်။

သို့သော်လည်း ဝေဖန်သူများက အဆိုပြုသဘောတူစာချုပ်၏ အကောက်ခွန် သုညရာခိုင် နှုန်းများနှင့် အရေအတွက်ကန့်သတ်ခြင်းများ မရှိသည့်အပေါ် စိုးရိမ်လျက်ရှိကြောင်း သိရှိရပါသည်။ စကော့တလန် အမျိုးသားလယ်သမားများသမဂ္ဂ၊ စကော့တလန် ပင်လယ်စာအသင်း နှင့်စကော့ တလန်အစားအသောက်အဖွဲ့တို့မှ အကြီးအကဲများ ပါဝင်လက်မှတ်ရေးထိုးထားသည့် စာတွင် အီးယူ ပြင်ပနိုင်ငံများနှင့် အခွင့်အလမ်းသစ်များ ဖန်တီးရန် ယူကေအစိုးရ၏ လျင်လျင် မြန်မြန် ဆောင်ရွက် လိုသည့်ဆန္ဒကို အသိအမှတ်ပြုပါကြောင်း၊ သို့သော်လည်း ဆွေးနွေးညှိနှိုင်းမှု ခြေလှမ်း များအနက် အထူးသဖြင့် ဩစတြေးလျနှင့် လွတ်လပ်သော ကုန်သွယ်မှုဒေသ သဘောတူစာချုပ်မှာ အလွန်လျင် မြန်ပြီး၊ သင့်လျော်သော စိစစ်ခြင်းနှင့် တိုင်ပင်ဆွေးနွေးခြင်းများအတွက် အခွင့်အရေး မရှိမည်ကို စိုးရိမ်ပါကြောင်း၊ ကုန်သွယ်ရေး သဘောတူစာချုပ်များမှာ ရှုပ်ထွေးပြီး၊ အထိအခိုက် မခံသည်ကို Brexit သဘောတူစာချုပ်က ပြသပြီးဖြစ်ပါကြောင်း၊ ယခု ဩစတြေးလျ နှင့်သဘောတူ စာချုပ်မှာ အစားအသောက်ထောက်ပံ့မှု ကွင်းဆက်တစ်ခုလုံး အတွက် စွန့်စားမှုများစွာရှိကြောင်း၊ ဆန့်ကျင်ဖက် ကိုပြသသည့် တရားဝင်သက်ရောက်မှု အကဲဖြတ်ချက်မရှိခြင်းက အလွန်အဓိက ကျသည့် အစားအသောက် ကဏ္ဍအပေါ် သက်ရောက်မှုကို အလွန်အမင်း စိုးရိမ်ပါကြောင်းနှင့် အကယ်၍ အစားအသောက်ထုတ်လုပ်သူများအတွက် အခွင့်အလမ်းသစ်များရရှိမည်ဆိုပါက ၎င်း ရည်မှန်းချက်ကြီးမားသည့် ကုန်သွယ်မှုမူဝါဒကို ကြိုဆိုပါကြောင်း ဖြည့်စွက်ပြောကြားထားပါသည်။

အီးယူဈေးကွက်မှာ ယူကေအတွက် အရေးကြီးဆုံးသော ပို့ကုန်ဈေးကွက်အဖြစ် ဆက် လက်တည်ရှိနေပြီး၊ အစားအသောက်ပို့ကုန်စုစုပေါင်း၏သုံးပုံနှစ်ပုံကို တင်ပို့ဆဲဖြစ်ပါသည်။ စကော့ တလန် အစားအသောက်အသင်းက ပြောကြားသည်မှာ အစားအသောက်နှင့် စိုက်ပျိုးထုတ်လုပ် ရေးကဏ္ဍမှာ ကမ္ဘာ့လုံးဆိုင်ရာကုန်သွယ်မှုပြုလုပ်ရန် စိတ်အားထက်သန်မှုရှိပါကြောင်း၊ ကဏ္ဍ အနေဖြင့် အနာဂတ်အတွက် နိုင်ငံတကာကုန်သွယ်မှုပေါ်သာမီခိုနေရပြီး၊ ပုံမှန်အားဖြင့် တစ်နှစ် လျှင်ယူရို (၆) ဘီလီယံ တန်ဖိုးခန့်ရောင်းချလျက်ရှိပါကြောင်း၊ အကယ်၍ ဩစတြေးလျနှင့် ကုန်သွယ်မှု သဘောတူစာချုပ်ကို သေချာစွာ မစိစစ်သည့်အပြင်  သက်ဆိုင်ရာကဏ္ဍ၊ အခြား ကျွမ်းကျင်သူပညာရှင်များနှင့်ပါထိတွေ့ ဆက်ဆံမှုများမရှိဘဲ အလျင်အမြန်ချုပ်ဆိုမည်ဆိုပါက စီးပွားရေးလုပ်ငန်းများနှင့် အသိုင်းအဝန်းများ၊ သဘာဝပတ်ဝန်းကျင်နှင့် ယူကေ၏ နိုင်ငံတကာ ဂုဏ်သိက္ခာတို့ကိုပါ ထိခိုက်နိုင်ကြောင်း ပြောကြားထားပါသည်။

နိုင်ငံတကာကုန်သွယ်မှုဌာနမှ ပြောကြားခွင့်ရှိသူတစ်ဦးက ကုန်သွယ်မှုသဘောတူစာချုပ် ဆိုင်ရာဆွေးနွေးညှိနှိုင်းမှုများမစတင်မီ၊ ဆွေးနွေးညှိနှိုင်းဆဲကာလအတွင်းနှင့် ဆွေးနွေးညှိနှိုင်း မှုများ အပြီးတွင်ကျယ်ပြန့်သော အမြင်များကို ရှာဖွေခဲ့ပြီး၊ ဆန္ဒသဘောထားများ အားလုံးကို ထင်ဟပ်စေခဲ့ပါကြောင်း၊ ဆွေးနွေးညှိနှိုင်းမှုများမစတင်မီ  စကော့တလန်၊ ဝေလနယ်နှင့် မြောက် ပိုင်းအိုင်ယာလန်တို့တွင် ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ဆက်ဆံခဲ့ခြင်းဖြင့် နိုင်ငံအဝှမ်းတွင် ကျယ်ပြန့်စွာတိုင်ပင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါကြောင်း၊ ဩစတြေးလျနှင့် ဖြစ်နိုင်ချေရှိသော သဘောတူညီချက်အပါအဝင် ယူကေ၏အစိတ်အပိုင်းအားလုံးအတွက် အလုပ်ဖြစ်သော သဘောတူ စာချုပ်များကိုသာ လက်မှတ်ရေးထိုးမည်ဖြစ်ပါကြောင်း၊ ပို့ကုန်ဝန်ကြီးက ပြီးခဲ့သည့်အပတ်တွင် စကော့တလန်၌ အကောက်ခွန်နှုန်း လျှော့ချခြင်းဖြင့် စကော့ဝီစကီကဲ့သို့ အထင်ကရ ကုန်စည်များ အတွက်ဩစတြေးလျ ကုန်သွယ်ရေး သဘောတူစာချုပ်၏ အကျိုးကျေးဇူးများကို မီးမောင်းထိုးပြခဲ့ ပါကြောင်း၊ အစိုးရအနေဖြင့် လက်မှတ်ရေးထိုးသည့် မည်သည့်သဘောတူစာချုပ်မဆို စိုက်ပျိုးရေး လုပ်ငန်းအတွက် အကာအကွယ် ပေးမှုများ ပါဝင်မည်ဖြစ်ပြီး၊ ယူကေလယ်သမားများကို ပျက်စီး စေခြင်း(သို့) မိမိတို့၏မြင့်မားသော စံချိန်စံနှုန်းများကို အလျှော့ပေးခြင်းတို့ပြုလုပ် မည်မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားထားပါသည်။

Source: www.bbc.com

ရှင်စောသု၊ စီးပွားရေးသံမှူး

ကင်ဘာရာမြို့

၂၀၂၁ ခုနှစ်၊ ဇွန်လ  ၁၆    ရက်

Loading