ပြည်ပသတင်းများ

ပိုးသတ်ဆေးကြွင်းဆိုင်ရာ သတ်မှတ်ချက်များက အနောက် အာရှဒေသသို့ အိန္ဒိယ၏ဘာစမာတီဆန်တင်ပို့မှုကို ထိခိုက် စေဖွယ်ရှိခြင်း

အနောက်အာရှဒေသရှိအိုမန်၊ ဂျော်ဒန်၊ ဆော်ဒီအာရေးဘီးယား၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့် အီဂျစ်နိုင်ငံတို့သည် လယ်ယာထွက်ကုန်များတင်သွင်းရာ၌ ပိုးသတ်ဆေးကြွင်း ဆိုင်ရာ သတ်မှတ်ချက်များအား ဥရောပသမဂ္ဂနိုင်ငံများနှင့် အဆင့်တူညီစွာ ပြဌာန်းခဲ့ကြရာ အိန္ဒိယ ၏ အဆိုပါနိုင်ငံများသို့ ဘာစမာတီဆန်များတင်ပို့နေမှုအပေါ် ထိခိုက်သက်ရောက်မှုများ ဖြစ်ပေါ် လာဖွယ်ရှိနေပါသည်။

ဥရောပသမဂ္ဂ (EU)  အဖွဲ့ဝင်နိုင်ငံများတွင် ဆန်၌ ပိုးသတ်ဆေးကြွင်းပါဝင်မှု သတ်မှတ် ချက်အား အဆင့်မြှင့်တင်ခဲ့သည့် ၂၀၁၇ ခုနှစ် နောက်ပိုင်းမှစ၍ အိန္ဒိယနိုင်ငံ၏ ပရီမီယံအရည် အသွေးအဆင့် ဘာစမာတီဆန်များအား EU သို့ တင်ပို့မှုမှာ ကျဆင်းလျက်ရှိသည်။ လက်ရှိကာလ၌   ရူပီးငွေကုဋေ ၃၀,၀၀၀ (အမေရိကန်ဒေါ်လာ ၄.၁ ဘီလီယံ) တန်ဖိုးရှိသော အိန္ဒိယ၏  ဘာစမာတီဆန် ပြည်ပတင်ပို့မှုလုပ်ငန်း၏ ၈၀% ခန့်သည် အနောက်အာရှဒေသဈေးကွက်သို့ တင်ပို့လျက်ရှိသည်။  သို့ဖြစ်ရာ အဆိုပါနိုင်ငံများက ကြိုတင်အသိပေးခြင်းမရှိပဲ ပိုးသတ်ဆေးကြွင်းပါဝင်မှုအဆင့်ပြောင်းလဲ သတ်မှတ်ခဲ့ခြင်းနှင့်စပ်လျဉ်း၍  ညှိနှိုင်းဆောင်ရွက်ပေးရန် အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှု ဝန်ကြီးဌာနသို့ အိန္ဒိယဆန်တင်ပို့သူလုပ်ငန်းရှင်များအသင်း (AIREA) ကတောင်းဆိုလျက်ရှိသည်။

EU နှင့် အခြားနိုင်ငံများတွင် လယ်ယာထွက်ကုန်များ၌ ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင် ခွင့်အားကွဲပြားခြားနားစွာ သတ်မှတ်ချက်ပြဌာန်းထားခြင်းက အိန္ဒိယ၏ ဆန်တင်ပို့မှုလုပ်ငန်း အတွက် စိန်ခေါ်မှုများစွာ ကြုံတွေ့စေရကြောင်း AIREA အသင်း၏ ဥက္ကဋ္ဌ Mr. Nathi Ram Gupta ကပြောဆိုပါသည်။ အဆိုပါအသင်းမှ အမှုဆောင်ဒါရိုက်တာ Mr. Vinod Kaul ကလည်း ပိုးသတ် ဆေးကြွင်းပါဝင်ခွင့်အား အနောက်အာရှဒေသနိုင်ငံများက EUနှင့် အဆင့်တူ သတ်မှတ်ခဲ့ရာ အိန္ဒိယ ကုန်သည်များအနေဖြင့် လိုက်လျောညီထွေဖြစ်အောင် အပြင်းအထန် အားထုတ်လုပ်ကိုင်နေရ ကြောင်း၊ EU အဖွဲ့ဝင်နိုင်ငံများ၌ အရည်အသွေးသတ်မှတ်ချက်မှာ တစ်ပြေးညီရှိသော်လည်း အရှေ့အလယ်ပိုင်း ဒေသနိုင်ငံများတွင်မူ GSO, Codex နှင့် EU တို့၏ စံသတ်မှတ်ချက်များအား ရောထွေးစွာ ပြဌာန်းထားခြင်းက အခက်အခဲဖြစ်စေကြောင်း၊ ဤပြဿနာများက အိန္ဒိယ၏ ယခု နှစ်ဆန်တင်ပို့မှု စာရင်းအင်းများအပေါ် ကြီးမားစွာသက်ရောက်စေမည်ဖြစ်သကဲ့သို့ တောင်သူ လယ်သမားများနှင့် ပြုပြင်ထုတ်လုပ်သူများကိုလည်း ထိခိုက်နိုင်ဖွယ်ရှိကြောင်း၊ သို့ဖြစ်ရာတောင် သူလယ်သမားများအနေဖြင့် စိုက်ပျိုးရေးလုပ်ကိုင်ချိန်တွင်  ပြည်ပဈေးကွက်နိုင်ငံများ၌ ပိုးသတ် ဆေး ဓာတ်ကြွင်းပါဝင်ခွင့် သတ်မှတ်ချက်အား ကွဲပြားခြားနားစွာ ပြဌာန်းထားသည်ကို သိရှိနား လည်နိုင်ရေးအတွက် အိန္ဒိယနိုင်ငံ၏ လယ်ယာကဏ္ဍ အသိပညာပေးလုပ်ငန်းများကို ပြင်ဆင်လုပ် ဆောင်ရန်လိုအပ်ကြောင်း စသည်ဖြင့် ပြောကြားပါသည်။

အိန္ဒိယနိုင်ငံ၌ လယ်ယာလုပ်ငန်းသုံး ပိုးသတ်ဆေးများအား ထုတ်လုပ်ဖြန့်ဖြူးသည့် ကုမ္ပဏီများအနေဖြင့် ၄င်းတို့၏ ပိုးသတ်ဆေးအုပ်စုများအား မှတ်ပုံတင်ခြင်းမပြုမီ အဆိုပါ ထုတ် ကုန်များကို EU နှင့် အမေရိကန်နိုင်ငံတို့၌ မှတ်ပုံတင်ထားရှိနှင့်ပြီးဖြစ်ကြောင်း စာရွက်စာတမ်း အထောက်အထားများ ဦးစွာတင်သွင်းစေရေး စီစဉ်ဆောင်ရွက်ရန် AIREA က တောင်းဆိုထားပါ သည်။  အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသို့ ပေးပို့သည့်စာတွင် ဒူဘိုင်းမြူနီစီ ပယ်အာဏာပိုင်သည် လက်လီဈေးကွက်အတွင်းရောင်းချလျက်ရှိသော ဘာစမာတီဆန်များကို နမူ နာကောက်ယူ စစ်ဆေးလျက်ရှိကြောင်းနှင့် Thiamethoxam နှင့် Tricyclazole ပိုးသတ်ဆေး ဓာတ်ကြွင်း ပါဝင်မှုမှာ သတ်မှတ်ခွင့်ပြုချက်ထက် ပိုမိုကြောင်းတွေ့ရှိရပါက ဆန်တင်သွင်းမှုကို လက်မခံပဲ ငြင်းပယ်မည်ဖြစ်သည်ဟု အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များထံ စတင်အသိပေး ဆောင်ရွက် လျက်ရှိကြောင်းဖြင့် AIREA က ဖော်ပြထားပါသည်။ အိန္ဒိယဆန်ကုန်သည်အသင်း၏ ပြောဆိုမှုအရ အိုမန်၊ လက်ဘနွန်နှင့် အီဂျစ်နိုင်ငံတို့သည် လွန်ခဲ့သော ၁ နှစ်ကာလကပင် ပိုးသတ်ဆေး ဓာတ် ကြွင်းဆိုင်ရာ လိုအပ်ချက် အတိအကျအား ကုန်သွယ်ဘက်များထံ ကြိုတင်အသိပေးခြင်းမရှိပဲ နမူ နာစမ်းသပ်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြကြောင်း သိရှိရသည်။

Mr. Vinod Kaul က ၄င်းတို့အသင်းသည် ဤကိစ္စရပ်အပေါ် ကိုင်တွယ်ဖြေရှင်းရန် အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် လယ်ယာပို့ကုန်များ ဖွံ့ဖြိုးတိုးတက်ရေး အာဏာ ပိုင်အဖွဲ့ (APEDA) တို့ထံ တောင်းဆိုခဲ့သည်မှာ ၂ နှစ်ကြာကတည်းကပင်ဖြစ်ကြောင်း၊ EU အဖွဲ့ဝင် နိုင်ငံများ၌ မှတ်ပုံတင်ထားခြင်းမရှိသော ပိုးသတ်ဆေးများအတွက် ဓာတ်ကြွင်းပါဝင်မှု အမြင့်ဆုံး ပမာဏ ခွင့်ပြုချက်များ (MRLs) ကို 0.01 ppm သတ်မှတ်ထားကြောင်း၊ သို့ဖြစ်ရာ အိန္ဒိယနိုင်ငံ တွင်လည်း MRLs သတ်မှတ်ထားခြင်းမရှိသေးသော ပိုးသတ်ဆေးများအတွက် အလားတူ ဆောင် ရွက်လျက်ချက်ချင်းလက်ငင်း တားမြစ်သင့်ကြောင်း ပြောဆိုပါသည်။

AIREA ၏ ဖော်ပြချက် AIREA ၏ ဖော်ပြချက်အရ ၂၀၂၀-၂၁ ခုနှစ်တွင် အိန္ဒိယမှ ပြည်ပ သို့ ဘာစမာတီဆန်တင်ပို့မှု တန်ဖိုးမှာ ရူပီးငွေ ၂၉,၈၅၉ ကုဋေရှိပြီး ၄င်းအနက် အနောက်အာရှ နိုင်ငံများသို့ တင်ပို့မှုတန်ဖိုး ရူပီး ၂၂,၈၄၉ ကုဋေ ပါဝင်ကြောင်း၊ ဥရောပသမဂ္ဂနိုင်ငံများသို့ ဘာစ မာတီဆန်တန်ချိန် ၃၉၇,၀၀၀ အား ၂၀၁၇-၁၈ ခုနှစ်၌ တင်ပို့ခဲ့သော်လည်း ၂၀၁၉-၂၀ ခုနှစ်တွင် တင်ပို့မှုတန်ချိန် ၂၄၁,၀၀၀ သို့ ကျဆင်း ခဲ့ကြောင်း သိရှိရသည်။

Source:         Basmati exports to West Asia to be hit on tighter pesticide norms, 29-5-2021, Financial Express

နေအေးလွင်၊ စီးပွားရေးသံမှူး

နယူးဒေလီ

Loading