ပြည်ပသတင်းများ

တောင်ကိုရီးယားနိုင်ငံသည် OECD အဖွဲ့ဝင်နိုင်ငံများအကြား Happiness Index အရ မပျော်ရွှင်ရဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်နေ

စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဖွဲ့အစည်း (Organization for Economic Cooperation and Development- OECD)၏ အဖွဲ့ဝင်နိုင်ငံများအနက် တောင်ကိုရီးယားနိုင်ငံ သည် အလုပ်ချိန်များခြင်းနှင့် သက်ကြီးရွယ်အိုများ ဆင်းရဲနွမ်းပါးမှုနှုန်းမြင့်မားခြင်းတို့ကြောင့် မပျော်ရွှင် ရဆုံးနိုင်ငံများအနက်မှ တစ်နိုင်ငံဖြစ်ကြောင်း(Korea Development Institute- KDI) က(၁၉-၅-၂၀၂၁) ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် အကြားတွင် တောင်ကိုရီး ယားနိုင်ငံ၏ ပျော်ရွှင်မှုအဆင့်သည် ပျမ်းမျှရမှတ် (၅.၈၅ / ၁၀) ဖြင့် OECD အဖွဲ့ဝင် (၃၇) နိုင်ငံအနက် အဆင့် (၃၅) တွင် ရပ်တည်လျက်ရှိကြောင်း သိရှိရပါသည်။

ကုလသမဂ္ဂ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးဆိုင်ရာဖြေရှင်းရေးကွန်ရက် (United Nations Sustainable Development Solutions Network) ၏ ပျော်ရွှင်မှုညွှန်းကိန်း (Happiness Index) ကို ကိုးကား၍ KDI ၏ စီးပွားရေးသတင်းအချက်အလက်နှင့် ပညာရေးဗဟိုဌာနမှထုတ်ပြန် သည့်အစီရင်ခံစာအရ Happiness Index အနေဖြင့် တူရကီနိုင်ငံသည် (၄.၉၅)၊ ဂရိနိုင်ငံသည် (၅.၇၂)၊ ဆွီဒင်နိုင်ငံသည် (၇.၃၆)၊ နော်ဝေနိုင်ငံသည် (၇.၃၉)၊ နယ်သာလန်နိုင်ငံသည် (၇.၄၆)၊ အိုက်စလန် နိုင်ငံသည် (၇.၅၅)၊ ဆွစ်ဇာလန်နိုင်ငံသည် (၇.၅၇)၊ ဒိန်းမတ်နိုင်ငံသည် (၇.၆၂)နှင့် ဖင်လန်နိုင်ငံသည် (၇.၈၄)အသီးသီးဖြင့် ဖင်လန်နိုင်ငံသည် ပျော်ရွှင်မှုအဆင့်အမြင့်ဆုံးနိုင်ငံအဖြစ် ရပ်တည်လျက်ရှိ ကြောင်း လေ့လာသိရှိရပါသည်။ ကုလသမဂ္ဂအဖွဲ့သည် Gross Domestic Product (GDP) အပါအဝင် ပြည်သူများ၏ ပျမ်းမျှသက်တမ်း စသည့်အချက်အလက်အမျိုးမျိုးတို့ အပေါ်တွင်အခြေခံ၍ ကမ္ဘာ့စီးပွား ရေးအင်အား အကြီးမားဆုံးနိုင်ငံများ၏ ပျော်ရွှင်မှုအဆင့်ကိုတိုင်းတာရန် နှစ်စဉ်စစ်တမ်းများကောက် ယူသည့် Gallup World Poll ကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ သုတေသနအေဂျင်စီများနှင့် လက်တွဲဆောင် ရွက်လေ့ရှိကြောင်း လေ့လာသိရှိရပါသည်။

တောင်ကိုရီးယားနိုင်ငံသည် ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့စီးပွားရေးအင်အားအကြီးမားဆုံး နိုင်ငံအဆင့် (၁၀) တွင် ရပ်တည်ခဲ့သော်လည်း ယင်းသည် OECD အဖွဲ့ဝင်နိုင်ငံများအကြား၌ လူမှုဘဝ အရည်အသွေးအနိမ့်ဆုံးဖြစ်ကြောင်း၊ တောင်ကိုရီးယားနိုင်ငံ၏ အလုပ်လုပ်ရသောအချိန်ကြာမြင့်မှုနှင့် သက်ကြီးရွယ်အိုများ ဆင်းရဲနွမ်းပါးမှု မြင့်မားနေခြင်းက နိုင်ငံ၏ပျော်ရွှင်မှုအဆင့်ကို နိမ့်ကျစေသည် ဟု KDI က သုံးသပ်ကြောင်း၊ တောင်ကိုရီးယားနိုင်ငံ၏အလုပ်သမားများသည် ၂၀၁၉ ခုနှစ်တွင် ပျမ်းမျှ အလုပ်လုပ်ချိန် (၁,၉၆၇) နာရီရှိခဲ့ပြီး ယင်းသည် OECD အဖွဲ့ဝင် (၃၅) နိုင်ငံတို့၏ ပျမ်းမျှအလုပ်လုပ်ချိန် နာရီများထက် (၂၄၁) နာရီခန့် ပိုမိုကြောင်း၊ ကိုလံဘီယာနိုင်ငံနှင့် တူရကီနိုင်ငံတို့သည် စစ်တမ်းတွင် မပါရှိကြောင်းသိရှိရပြီး၊ မက္ကဆီကိုနိုင်ငံတွင်လည်း  နာရီပေါင်းများစွာ အလုပ်လုပ်ကြရကာ ပျမ်းမျှအား ဖြင့် (၂,၁၃၇) နာရီဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

ပြင်သစ်အခြေစိုက် အဖွဲ့အစည်းတစ်ခု၏စစ်တမ်းအရ တောင်ကိုရီးယားနိုင်ငံ၌ ၂၀၁၈ ခုနှစ် တွင် အသက် (၆၆) နှစ်နှင့်အထက် ဆင်းရဲနွမ်းပါးမှုမှာ (၄၃.၄) ရာခိုင်နှုန်းသို့ရောက်ရှိခဲ့ပြီး OECD ၏ ပျမ်းမျှရာခိုင်နှုန်းဖြစ်သော (၁၄.၈) ရာခိုင်နှုန်းထက် သုံးဆပိုမိုခဲ့ကြောင်း၊ ထို့ပြင် ဖုန်မှုန့်ကြောင့် လေထုမသန့်ရှင်းမှုပြဿနာသည်လည်း မပျော်ရွှင်ရခြင်း၏ အကြောင်းရင်းတစ်ရပ်အဖြစ်ပါဝင် ကြောင်း KDI က သုံးသပ်ထားပါသည်။ ၂၀၁၈ ခုနှစ်စာရင်းများအရ လေထုသန့်စင်မှုကိုတိုင်းတာသော PM10 AQI အနေဖြင့် တောင်ကိုရီးယားနိုင်ငံသည် ပျမ်းမျှအဆင့် (၂၇.၄) µg/m3 ဖြစ်သဖြင့်  OECD အဖွဲ့ဝင်နိုင်ငံများအတွင်း အဆိုးရွားဆုံးဖြစ်ကြောင်း၊ ပျော်ရွှင်မှုအမြင့်ဆုံးနိုင်ငံဖြစ်သည့် ဖင်လန်နိုင်ငံ ၏  PM10 AQI သည် (၅.၆) µg/m3 သာရှိကြောင်း လေ့လာသိရှိရပါသည်။

Source: The Korea Herald

ဝင်းပပသူ၊ စီးပွားရေးသံမှူး

ဆိုးလ်မြို့

Loading