ပြည်ပသတင်းများ

ဘရာဇီးလ်နိုင်ငံ၏ ပြည်ပသို့ဝက်သားတင်ပို့မှုသည် ပုံမှန် တိုးတက်လျက်ရှိပြီး ဧပြီလစတုတ္ထပတ်တွင် ၂၁ ရာခိုင်နှုန်း တိုးတက်တင်ပို့နိုင်ခဲ့

၂၀၂၁ ခုနှစ်၊ ဧပြီလ တတိယရက်သတ္တပတ်ကာလအထိ ဘရာဇီးလ်နိုင်ငံ၏ဝက်သား တင်ပို့မှု မှာစုစုပေါင်းတန်ချိန် ၇၆,၁၁၂,၀၀၀ ရှိခဲ့ပြီး အဆိုပါပမာဏသည် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ၏ အစိုးရ ရုံးဖွင့်ရက်ပေါင်း ၂၀ ရက်အတွင်း တင်ပို့ခဲ့သည့်ဝက်သားတန်ချိန် ၆၂,၉၀၀,၀၀၀နှင့် နှိုင်းယှဉ်ပါက ၂၁ ရာခိုင်နှုန်း ပိုမိုတိုးတက်ခဲ့ကြောင်း ဧပြီလ ၂၆ ရက်နေ့တွင် စီးပွားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းတွင် ဖော်ပြထားသည်။

ဝက်သားတင်ပို့မှုအပြင် ဘရာဇီးလ်နိုင်ငံ၏ ဧပြီလအတွင်းအမဲသားတင်ပို့မှုသည်လည်း အခြေအနေများ တိုးတက်လျက်ရှိနေပြီး ဧပြီလ၏ စတုတ္ထမြောက် ရက်သတ္တပတ်အတွင်း အမဲသားတန်ချိန် ၁၀၆,၆၀၆ ကို ပြည်ပသို့ သင်္ဘောတင်ပို့နိုင်ခဲ့ကြောင်း၊ အဆိုပါပမာဏသည် ဧပြီလ ၂၅ ရက် နေ့အထိ တင်ပို့ခဲ့သည့် ပမာဏဖြစ်ပြီး ဧပြီလကုန်ဆုံးပါက အသားတင်ပို့သည့် ပမာဏသည် ၂၀၂၀ ပြည့်နှစ် ကာလတူတွင် တင်ပို့ခဲ့သည့် အသားတန်ချိန် ၁၁၆,၂၉၅,၀၀၀ ကို ကျော်လွန်နိုင်ကြောင်း ဝန်ကြီးဌာန၏ သတင်းတွင်ဖော်ပြခဲ့သည်။

ဘရာဇီးလ်နိုင်ငံ၏ တစ်လထက်တစ်လ အခြေအနေကောင်းမွန်လျက်ရှိသော ပြည်ပပို့ကုန် တစ်မျိုးမှာ ပဲပုတ်စေ့ဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ ဧပြီလ၏စတုတ္ထရက်သတ္တပတ်တွင် ဘရာဇီးလ်နိုင်ငံ ၏ ပဲပုတ်စေ့တင်ပို့မှုသည် တန်ချိန် ၁၄.၆ သန်းရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတစ်လလုံးတွင် တင်ပို့ခဲ့သည့် ပဲပုတ်စေ့တန်ချိန် ၁၄.၈ သန်းသို့ ရောက်ရှိရန် နီးကပ်လျက်ရှိနေသည်။ ထို့အပြင် ဧပြီလတွင် ဆီထွက်သီးနှံ တင်ပို့မှုတွင်လည်း စံချိန်တင်မြင့်တက်လျက်ရှိကြောင်း ဝန်ကြီးဌာန၏ သတင်းထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

ထွန်းအောင်ဇော်၊ စီးပွားရေးသံမှူး

ဘရာဇီးလ်နိုင်ငံ

သတင်းရင်းမြစ် – canalrural.com.br

Loading