ပြည်ပသတင်းများ

ဥရောပ၌ အပူလှိုင်းနှင့်မိုးခေါင်မှုများကြောင့် ကောက်ပဲသီးနှံ ဆုံးရှုံးမှုသည်နှစ် (၅၀) အတွင်း (၃) ဆ မြင့်တက်လာခြင်း

ဥရောပတွင် ပြီးခဲ့သည့်နှစ် (၅၀) အတွင်းအပူလှိုင်းနှင့် မိုးခေါင်မှုများကြောင့် ကောက်ပဲသီးနှံဆုံးရှုံးမှု(၃) ဆပိုများလာခဲ့ကြောင်း ရာသီဥတုပြောင်းလဲမှုနှင့်စားနပ်ရိက္ခာစနစ်၏ ထိရှ လွယ်မှုအခြေအနေကို လေ့လာမှုတစ်ရပ်အရသိရသည်။ အဆိုပါလေ့လာမှုသုတေသနသည် ၁၉၆၁ခုနှစ် မှ၂၀၁၈ခုနှစ်အတွင်းဥရောပနိုင်ငံများရှိ စိုက်ပျိုးထုတ်လုပ်မှုကို စစ်တမ်းပြုစုခဲ့ခြင်းဖြစ် သည်။ အဆိုပါစစ်တမ်းအရမိုးခေါင်မှု၊ အပူလှိုင်းဖြတ်မှု၊ရေကြီးမှုနှင့် အအေးလွန်ကဲမှုစသည့် ရာသီဥတုဖြစ်စဉ်များဆိုင်ရာ အချက်အလက်များကိုနှိုင်းယှဉ်လေ့လာခဲ့ပြီး၊ ရာသီဥတုပြောင်းလဲမှု ကြောင့် ကောက်ပဲသီးနှံဆုံးရှုံးမှုမြင့်တက်လာစေသည့် သက်သေအထောက်အထားများကို တွေ့ရှိ ခဲ့ခြင်းဖြစ်သည်။

အပူလှိုင်းနှင့်မိုးခေါင်မှုတို့ကြောင့် ကောက်ပဲသီးနှံဆုံးရှုံးမှုသည် ၁၉၆၄ခုနှစ်မှ ၁၉၉၀ ခုနှစ် ကြားကာလတွင် (၂.၂) ရာခိုင်နှုန်းရှိခဲ့ရာမှ ၁၉၉၁ခုနှစ်မှ၂၀၁၅ခုနှစ်အကြားကာလ၌ (၇.၃) ရာခိုင်နှုန်းရှိလာခဲ့ပါသည်။ အထူးသဖြင့်မိုးခေါင်မှုအကြိမ်ရေပိုများသဖြင့် ယင်း၏ ကောက်ပဲသီးနှံ ဆုံးရှုံးမှု အပေါ်သက်ရောက်မှုသည် ပိုမိုပြင်းထန်ကြောင်းသိရသည်။ သို့သော်ရာသီဥတု လွန်ကဲစွာ ပြောင်းလဲသည့် ဖြစ်စဉ်များကြောင့်ကောက်ပဲသီးနှံများဆုံးရှုံးမှုသည် သီးနှံအမျိုးအစားအလိုက် ကွဲပြားမှုရှိသည်ဟုဆိုသည်။

အီးယူရှိစိုက်ပျိုးမြေဧရိယာ၏ (၆၅) ရာခိုင်နှုန်းနီးပါး၌ စိုက်ပျိုးပြီး၊ တိရစ္ဆာန်အစာအဖြစ် အဓိကအသုံးပြုသည့် Cereals သည်အများဆုံးထိခိုက်သည့် သီးနှံဟုသိရသည်။ မိုးခေါင်သည့် နှစ်တိုင်းတွင် ယင်းသီးနှံဆုံးရှုံးမှုသည် (၃) ရာခိုင်နှုန်းကျော်ရှိပြီးအခြားသီးနှံများထက် ပို၍ဆုံးရှုံးမှု ကြီးမားခြင်းဖြစ်သည်။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံကဲ့သို့သော အခြားသီးနှံများထက် Cereals ကိုပို၍တွင်ကျယ်စွာစိုက်ပျိုးသည့် အချက်မှာအကြောင်းရင်းတစ်ရပ်ဖြစ်နိုင်ကြောင်း သုတေသီများကပြောကြားသည်။

ရာသီဥတုပြောင်းလဲမှုကြောင့် အပူလှိုင်းနှင့်မိုးခေါင်မှုတို့အပါအဝင် မိုးလေဝသမမှန် သည့်ဖြစ်စဉ်များကို ပိုများလာစေမည်ဟု မျှော်လင့်ထားပါသည်။ ယင်းဖြစ်စဉ်များကြောင့် ဥရောပ ၏ ကောက်ပဲသီးနှံထုတ်လုပ်မှုကို သက်ရောက်လာခြင်းမှတစ်ဆင့် ကမ္ဘာ့စားနပ်ရိက္ခာစနစ်နှင့် စားသောက်ကုန်ဈေးနှုန်းများအပေါ်ဂယက်ရိုက်သက်ရောက်မှုများ (ripple effects) ရှိလာနိုင်မှု ကို အီးယူ၏ သုတေသနစစ်တမ်းကသတိပေးထားပါသည်။

ဥရောပ၌၂၀၁၈ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သည့် အပူလှိုင်းနှင့်မိုးခေါင်မှုကြောင့်ကောက်နှံများ ထုတ်လုပ်မှု (grain production) သည်ယခင် (၅) နှစ်နှင့်နှိုင်းယှဉ်လျှင်ပျမ်းမျှ (၈) ရာခိုင်နှုန်း လျော့ကျခဲ့သည်။ အကျိုးဆက်အနေဖြင့်မွေးမြူရေးလုပ်ငန်းများအတွက် အစာပြတ်လပ်မှုနှင့် ကုန်စည်ဈေးနှုန်းမြင့်တက်မှုများဖြစ်ပေါ်စေခဲ့ကြောင်းသိရသည်။

ရင်းမြစ် –  (Euractiv)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading