ပြည်ပသတင်းများ

ဈေးကွက်အတွင်းသို့ သီးနှံဝင်ရောက်မှု နည်းပါးသဖြင့် ပြောင်းစေ့ အရောင်းအဝယ်များ ကျဆင်းလျက်ရှိ

၂၀၂၁ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့တွင် ဘရာဇီးလ်နိုင်ငံပြောင်းဈေးကွက်သို့ သီးနှံဝင်ရောက်မှု နည်းပါးသဖြင့် အရောင်းအဝယ်များကျဆင်းခဲ့သည်။ လတ်တလောကာလတွင် တောင်သူများ အနေဖြင့် ပဲပုတ်စေ့သီးနှံရိတ်သိမ်းမှုအား အဓိကထား လုပ်ဆောင်နေရသဖြင့် အခြားသီးနှံများ ဈေးကွက်တင်ပို့ရောင်းချမှုများအား ခေတ္တရပ်နားထားရသည်။ ဝယ်လိုအားရှိ၍ ဈေးနှုန်းအမြင့် ဖြင့် ဈေးကွက်ဖြစ်ပေါ်နေသော်လည်း ပြောင်းသီးနှံများ ဈေးကွက်သို့ ဝင်ရောက်မှုလျှော့နည်း နေသည့်အတွက် အရောင်းအဝယ်ဖြစ်မှုတွင် ကျဆင်းလျက်ရှိနေသည်။ နိုင်ငံတကာဈေးကွက် အနေဖြင့် ချီကာဂိုစတော့ပ်ဈေးကွက်တွင် သီးနှံရောင်းဝယ်မှုကာလကို တိုးချဲ့သတ်မှတ်ပေးထား သည်။

ဘရာဇီးလ်နိုင်ငံ၏ ပြောင်းသီးနှံဈေးကွက်သည် ဈေးနှုန်းအမြင့်များဖြစ်ပေါ်နေသော်လည်း မျှော်လင့်မထား‌သည့် အရောင်းအဝယ်ကျဆင်းမှုများ ဖြစ်ပေါ်လျက်ရှိသည်။ ဘရာဇီးလ်သီးနှံ ဈေးကွက်တစ်ခုလုံးကို ခြုံငုံကြည့်ပါက ဈေးကွက်သို့ ဒေသအသီးသီးမှ သီးနှံများတင်ပို့ရန် အခက် အခဲများ ရှိနေကြောင်း၊ တောင်သူများအနေဖြင့်လည်း ပြောင်းစေ့များ ဈေးကွက်တင်ပို့ရေးထက် ပဲပုတ်စေ့ အချိန်မီရိတ်သိမ်းပြီးစီးရေးအပေါ်တွင်သာ အာရုံစိုက်လုပ်ဆောင်နေရကြောင်း၊ သီးနှံ ဈေးကွက်တွင် သီးနှံဝယ်ယူရေးအမှာစာများ မြင့်တက်နေသော်လည်း လုပ်ငန်းရှင်များ၏ လတ်တလောအခက်အခဲများကြောင့် အနာဂတ်ရောင်းဝယ်မှုများအပေါ်တွင်ပါ ရိုက်ခတ်နိုင်ကြောင်း စိုက်ပျိုးရေးထွက်ကုန်များဆိုင်ရာ စီးပွားရေးအကျိုးဆောင်ကုမ္ပဏီ SAFRAS & Mercado မှ စိုက်ပျိုးရေးသုတေသနပညာရှင် Fernando Henrique Iglesias က သတင်းဌာနသို့ ပြောကြားခဲ့ သည်။

ပြည်တွင်းဈေးကွက်တွင် ပြောင်းစေ့ ၁ အိတ်ပေါက်ဈေးမှာ Santos ဆိပ်ကမ်းအရောက် တန်ဖိုးဘရာဇီးလ်ဟဲရာ ၈၀.၅၀ မှ ၉၀.၀၀၊ Paranaguá ဆိပ်ကမ်းအရောက်တန်ဖိုးမှာ ဘရာဇီးလ် ဟဲရာ ၇၉.၀၀ မှ ၈၇.၀၀၊ Paraná ပြည်နယ် Cascavel ဈေးကွက်တွင် ဟဲရာ ၉၃ မှ ၉၅ ၊ São Paulo ပြည်နယ် Mogiana ဈေးကွက်တွင် ဟဲရာ ၉၅ မှ ၉၇၊ Campinas ဈေးကွက်တွင် ဟဲရာ ၉၈ မှ ၁၀၀၊ Rio Grande do Sul ပြည်နယ် Erechim ဈေးကွက်တွင် ဟဲရာ ၉၄.၀၀ မှ ၉၆.၀၀၊ Minas Gerais ပြည်နယ် Uberlândia တွင် ဟဲရာ ၈၄.၀၀ မှ ၈၅.၀၀၊ Rio Verde ဈေးကွက်တွင် ဟဲရာ ၈၅.၀၀ မှ ၈၆.၀၀ ၊ Mato Grosso ပြည်နယ်ရှိ Rondonópolis ဈေးကွက်တွင် ဟဲရာ ၇၈.၀၀ မှ ၈၀.၀၀ အသီးသီးတို့ဖြင့် အရောင်းအဝယ်များဖြစ်ပေါ်လျက်ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။

ချီကာဂိုစတော့ပ်ဈေးကွက်

အမေရိကန်နိုင်ငံ၊ ချီကာဂိုစတော့ပ်ဈေးကွက်တွင် ပြောင်းစေ့တစ်စည်တန်ဖိုးအမေရိကန် ဒေါ်လာ ၁၁.၁၆ ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိကြောင်း၊ အမေရိကန်နိုင်ငံတွင် ဖြစ်ပေါ်လျက် ရှိသည့် ရာသီဥတုအခြေအနေများအရ ပြောင်းသီးနှံစိုက်ပျိုးနိုင်မည့် ဧရိယာများသည် ခန့်မှန်းထား သည့် ပမာဏအောက်လျှော့ကျနိုင်ကြောင်း သုတေသနပညာရှင်၏ပြောကြားမှုကို သတင်းတွင် ဖော်ပြထားသည်။

လေ့လာတွက်ချက်မှုများအရ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် အမေရိကန်နိုင်ငံ၏ ပြောင်းထုတ် လုပ်တင်ပို့မှုသည် စည်ပေါင်း ၁.၃၄၆ ဘီလီယံမှ ၁.၅၀၂ ဘီလီယံအထိ ရှိနိုင်ကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ကမ္ဘာ့ပြောင်းဈေးကွက်သို့ ဝင်ရောက်နိုင်မည့် ပမာဏမှာ စုစုပေါင်းတန်ချိန် ၂၈၄.၉ သန်း အထိရှိနိုင်ကြောင်း United State Department of Agriculture (USDA) ၏ ထုတ်ပြန်ချက်ကို သတင်းတွင် ဖော်ပြထားသည်။

၂၀၂၀-၂၀၂၁ ခုနှစ် နှစ်ကုန်ဆုံးချိန်တွင် ဘရာဇီးလ်နိုင်ငံ၏ ပြောင်းစေ့တင်ပို့မှုသည် တန်ချိန် ၁၀၈.၃ သန်းအထိရောက်ရှိနိုင်ကြောင်း၊ အာဂျင်တီးနားနိုင်ငံ၏ ပြောင်းတင်ပို့မှုသည် တန်ချိန် ၄၆.၈ သန်းအထိ ရှိနိုင်ကြောင်း ခန့်မှန်းချက်များအား သတင်းတွင် ဖော်ပြထားသည်။

ထွန်းအောင်ဇော်၊ စီးပွားရေးသံမှူး

ဘရာဇီးလ်နိုင်ငံ

သတင်းရင်းမြစ် – safras.com.br

Loading