သတင်းများ

အိန္ဒိယနိုင်ငံ၌ လက်ကားဈေးနှုန်းများ မြင့်တက်မှုကြောင့် အရန်ရိက္ခာပဲစင်းငုံများ ဝယ်ယူနိုင်မှုမရှိသေးခြင်း

အိန္ဒိယနိုင်ငံ မဟာရဋ္ဌပြည်နယ်ရှိ အကြီးမားဆုံး ပဲစင်းငုံ လက္ကားဈေးကွက်ဖြစ်သော Latur ဒေသတွင် ပဲစင်းငုံနှင့် ပဲပုတ်စေ့တို့၏ ဈေးနှုန်းများမှာ အစိုးရက အနိမ့်ဆုံးထားရှိ ဝယ်ယူ ပေးမည့် အခြေခံရည်ညွှန်းဈေးနှုန်း (MSP price) ထက် ပိုမိုမြင့်မားလျက်ရှိရာ နိုင်ငံပိုင်စီးပွားရေး ကော်ပိုရေးရှင်းတစ်ခုဖြစ်သော အမျိုးသားစိုက်ပျိုးရေးသမဝါယမဈေးကွက် မြှင့်တင်မှုအသင်းချုပ် လီမိတက် (NAFED) သည် အရန်ရိက္ခာပဲစင်းငုံများကို ဝယ်ယူနိုင်ခြင်း မရှိသေးကြောင်းသိရှိရ ပါသည်။

Latur ဒေသရှိ NAFED လီမိတက်မှ အမှုဆောင်အရာရှိ Mr Y. E. Sumthane က အစိုးရ၏ MSP ဈေးနှုန်းသတ်မှတ်ချက်အရ ကုန်ချိန် ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်) လျှင် ပဲစင်းငုံအတွက် ရူပီးငွေ ၆၀၀၀ နှင့် ပဲပုတ်စေ့အတွက် ရူပီးငွေ ၃၈၀၀ ဖြစ်ကြောင်း၊ သို့ရာတွင် ပြင်ပကုန်စည်ဒိုင် များ၌ ပဲစင်းငုံ ၁ ကွင်တယ်လျှင် ရူပီးငွေ ၆၉၀၀ မှ ၇၅၀၀ အထိနှင့် ပဲပုတ်စေ့မှာ ၁ ကွင်တယ်လျှင် ရူပီး ၄၇၀၀ အထိ ဈေးရရှိလျက်ရှိကြောင်း၊ ယခုနှစ်၌ ဈေးကွက် အတွင်းသို့ ပဲစင်းငုံဝင်ရောက်မှု နည်းပါးသဖြင့် ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် Latur ဒေသရှိ ဈေးကွက်မှ ပဲစင်းငုံအား နှစ်စဉ် ပျမ်းမျှတန်ချိန် ၂ သောင်းမှ ၃ သောင်းအထိ ဝယ်ယူရသော်လည်း ယခုနှစ်တွင် ဝယ်ယူရရှိမှု  မရှိသေးကြောင်းဖြင့် TheHindu Business Line သတင်းဌာနသို့ ပြောဆိုပါသည်။

အိန္ဒိယနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်မိုးရာသီ၌ စိုက်ပျိုးသော ပဲစင်းငုံများမှာ ၂၀၂၁ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ရိတ်သိမ်းထွက်ရှိခဲ့သော်လည်း မဟာရဋ္ဌပြည်နယ်ရှိ တောင်သူလယ်သမားများ သည် အစိုးရထံသို့ MSP ဈေးနှုန်းဖြင့် ပေးသွင်းခြင်းမပြုပဲ ဈေးနှုန်းပိုမိုရရှိသည့်ပြင် ကုန်သည် များထံသို့သာ ရောင်းချလျက်ရှိသည်။ ယခုနှစ်တွင် အချိန်အခါမဟုတ်မိုးရွာသွန်းမှုကြောင့် ပဲစင်းငုံ စိုက်ခင်းများ ထိခိုက်မှုရှိခဲ့ပြီး အမှန်ထုတ်လုပ်မှုကုန်ကျစရိတ်မှာ MSP ဈေးနှုန်းထက် များစွာ ပိုမိုလျက်ရှိရာ တောင်သူများသည် အစိုးရသို့ ၎င်းဈေးနှုန်းဖြင့် ရောင်းချလိုခြင်း မရှိကြောင်း၊ လက်ရှိဈေးကွက်၌ ဖြစ်ပေါ်နေသော ပဲစင်းငုံဈေးနှုန်းများမှာ တမင်ဖန်တီးမှုကြောင့် ဖောင်းပွ လျက်ရှိပြီး ကုန်သည်များသည် ၎င်းဈေးနှုန်းများအတိုင်း ပေးချေခြင်းမပြုပဲ MSP ဈေးနှုန်းထက် အနည်းငယ်မျှသာ ပိုမိုသည့်နှုန်းထားဖြင့် တောင်သူများထံမှ ဝယ်ယူနေကြ ခြင်းဖြစ်ကြောင်း၊ သို့ဖြစ်ရာ တောင်သူလယ်သမားများသည် လက်ရှိဈေးကွက်စနစ်အတွင်း ခေါင်းပုံဖြတ်အမြတ် ထုတ်ခံရသည့် အခြေအနေတွင်ရှိနေပြီး ဈေးနှုန်းများကျဆင်းမှုကို အကာအကွယ်ပေးနိုင်ရန် အတွက် MSP မှာ လိုအပ်ဆဲဖြစ်ကြောင်းဖြင့် Latur ဒေသခံများက ပြောဆိုကြကြောင်း၊ အိန္ဒိယ ပဲခွဲစက်လုပ်ငန်းရှင်များအသင်း၏ ပဲစင်းငုံကို ဈေးနှုန်းကန့်သတ်လျက် တင်သွင်းခွင့်ပြုရေး တောင်းဆိုထားမှုအပေါ် တောင်သူလယ်သမားများကဆန့်ကျင်လျက်ရှိကြကြောင်း စသည်ဖြင့် The Hindu Business Line သတင်းဌာနကဖော်ပြပါသည်။

အိန္ဒိယ ပဲခွဲစက်လုပ်ငန်းရှင်များအသင်းက ယခုနှစ်ပဲစင်းငုံထွက်ရှိမှုမှာ ၂၀ ရာခိုင်နှုန်း ခန့် လျော့ကျမည်ဟု ခန့်မှန်းပြောဆိုလျက် ဈေးနှုန်းများ တည်ငြိမ်မှုရှိစေရေးအတွက် ပြည်ပမှ တင်သွင်းခွင့်ပြုရန် အစိုးရထံ တောင်းဆိုလျက်ရှိသည်။ သို့ရာတွင် အိန္ဒိယစိုက်ပျိုးရေးဝန်ကြီး ဌာနက ၂၀၂၀-၂၀၂၁ ခုနှစ်အတွက် အဓိကသီးနှံများ စိုက်ပျိုးထွက်ရှိနိုင်မည့်အခြေအနေ ဒုတိယ အကြိမ် ကနဦးခန့်မှန်းချက်ကို ၂၄-၂-၂၀၂၁ နေ့၌ ထုတ်ပြန်ခဲ့ရာ၌ ပဲစင်းငုံထုတ်လုပ်မှုမှာ ယခင် နှစ်အောက်တန်ချိန် ၁ သောင်း (၀.၂၅၇%) ခန့်သာ လျော့ကျဖွယ်ရှိကြောင်း ဖော်ပြထားပါသည်။

Source:   Nafed fails to make headway in tur, soya procurement, 24 Feb 2021, The Hindu Business Line

နေအေးလွင်၊  စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့

Loading