ပြည်ပသတင်းများ

၂၀၂၁ ခုနှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်း ၃.၅၀ ရာခိုင်နှုန်းသို့ ရောက်ရှိနိုင်ကြောင်းနှင့် GDP တိုးတက်မှုနှုန်း မြင့်တက် နိုင်ကြောင်း ဈေးကွက်သုတေနပညာရှင်များ ခန့်မှန်း

ဘရာဇီးလ်နိုင်ငံ၏ငွေကြေးဖောင်းပွမှုသည် ၂၀၂၁ ခုနှစ်၏ ပထမရက်သတ္တပတ် ၃ ပတ် ဆက်တိုက်ဖြစ်ပေါ်နိုင်ပြီး နိုင်ငံ၏ပြည်တွင်းအသားတင် ထုတ်ကုန်တန်ဖိုး (GDP) လည်း မြင့်တက် မည်ဖြစ်ကြောင်း ဈေးကွက်သုတေသနပညာရှင်များက ခန့်မှန်းချက်ထုတ်ပြန်ထားသည်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ဗဟိုဘဏ်က ထုတ်ဝေသည့် ဈေးကွက် သတင်းလွှာ Focus အပေါ်တွင် အခြေခံ၍ ခန့်မှန်းချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။ သတင်းလွှာတွင် ဖော်ပြပါရှိသည့်အချက်အလက်များမှာ ငွေကြေးဆိုင်ရာလုပ်ငန်းအဖွဲ့အစည်း ပေါင်း ၁၀၀ ကျော်မှ သုတေသနပြုကောက်ယူထားခြင်းဖြစ်သည်။

စားသုံးသူဈေးဆနှုန်းကိန်းပြုစုရေးအဖွဲ့၏ ယခုနှစ်အတွက် ဈေးကွက်ခန့်မှန်းချက်သည် ၃.၄၃ ရာခိုင်နှုန်းမှ ၃.၅၀ ရာခိုင်နှုန်းသို့ တိုးမြှင့်ခဲ့သည်။ စားသုံးသူဈေးဆနှုန်းကိန်းကို မြှင့်တင် ထားသော်လည်း ယခုနှစ်အတွက် ဈေးကွက်က မျှော်မှန်းထားသည့် ငွေကြေးဖောင်းပွမှုနှုန်း သည် သတ်မှတ်ထားသည့် ၃.၇၅ ရာခိုင်နှုန်းအောက်တွင် ဆက်လက်တည်ရှိနေသည်။ ဈေးဆနှုန်း ကိန်းသတ်မှတ်မှုစနစ်အရ ၂၀၂၁ ခုနှစ်၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂.၂၅ နှင် ၅.၂၅ ရာခိုင်နှုန်း အကြားတွင် အတက်အကျဖြစ်ပေါ်နေပါက လက်ခံနိုင်သည့် အခြေအနေတစ်ရပ်ဖြစ်သည်။

၂၀၂၀ ပြည့်နှစ်တွင် စားသုံးသူဈေးဆနှုန်းကိန်းသည် ၄.၅၂ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့ သဖြင့် စားသောက်ကုန်ဈေးနှုန်းများအပေါ်တွင် ဖိအားဖြစ်စေခဲ့သော်လည်း သတ်မှတ်ချက် ၄ ရာခိုင်နှုန်းအထက်သို့ အနည်းငယ်သာမြင့်တက်ခဲ့သဖြင့် လက်ခံနိုင်သည့်အခြေအနေဖြစ်ခဲ့သည်။ ၎င်းပမာဏသည် ၂၀၁၆ ခုနှစ်မှစတင်၍ ငါးနှစ်တာကာလအတွင်း အမြင့်ဆုံးပမာဏဖြစ်ခဲ့ သည်။

၂၀၂၂ ခုနှစ်တွင် ငွေကြေးဈေးကွက်၏ ငွေကြေးဖောင်းပွမှုနှုန်းအား ၃.၅၀ ရာခိုင်နှုန်း တွင် ထိန်းထားနိုင်ရန် မျှော်မှန်းထားသည်။ ၂၀၂၂ ခုနှစ်၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း သတ်မှတ် ချက်သည် ၃.၅၀ ရာခိုင်နှုန်းဖြစ်ပြီး ၂ ရာခိုင်နှုန်းနှင့် ၅ ရာခိုင်နှုန်းအကြားတွင် အတက်အကျ ဖြစ်နေပါက ပျမ်းမျှနှုန်းရည်မှန်းချက်ကို ပြည့်မှီစေမည်ဖြစ်သည်။

ငွေကြေးဖောင်းပွမှုနှုန်းကို အမျိုးသားငွေကြေးကောင်စီ (National Monetary Council – CMN) က တွက်ချက်ထုတ်ပြန်ပေးပြီး သတ်မှတ်ထားသည့် ငွေကြေးဖောင်းပွမှုအောက်တွင် ရှိနေစေရန်အတွက် ဗဟိုဘဏ်က ဘဏ်တိုးနှုန်းအတိုးအလျှော့အား လုပ်ဆောင်ပေးသည်။

စီးပွားရေးကျယ်ပြန့်လာခြင်း

၂၀၂၁ ခုနှစ်၊ ဘရာဇီးလ်နိုင်ငံ၏ စီးပွားရေးအခြေအနေသည် ပြည်တွင်းအသားတင် ထုတ်ကုန်တန်ဖိုးတွင် ၃.၄၅ ရာခိုင်နှုန်းမှ ၃.၄၉ ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်ကြောင်း စီးပွား‌ရေးပညာရှင်များက ခန့်မှန်းပြောဆိုလျက်ရှိပြီး ၂၀၂၂ ခုနှစ်တွင် ပြည်တွင်းအသားတင် ထုတ်ကုန်တိုးတက်မှုအား ၂.၅၀ ရာခိုင်နှုန်းသို့ ရောက်ရှိရန် မျှော်မှန်းထားသည်။

အဆိုပါ ခန့်မှန်းချက်များသည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာ့စီးပွားရေး ကျဆင်းပြီး နိုင်ငံများအနေဖြင့် ငွေကြေးအကြပ်အတည်းဆီသို့ ဦးတည်နေချိန်တွင် ထွက်ပေါ်လာ ခြင်းဖြစ်သည်။ သို့ရာတွင် လတ်တလောကာလများတွင် ဖော်ပြနေသည့် ညွှန်းကိန်းများအရ ဘရာဇီးလ်နိုင်ငံ၏ စီးပွားရေးသည် ပြန်လည်ကောင်းမွန်လာသည့် အခြေအနေသို့ ညွှန်ပြလျက် ရှိသည်။

နိုဝင်ဘာလတွင် ၂၀၂၀ ပြည့်နှစ်အတွက် GDP ကျဆင်းနိုင်မှုအား အစိုးရက ၄.၇ ရာခိုင်နှုန်း မှ ၄.၅ ရာခိုင်နှုန်းအထိသာ လျှော့ချခန့်မှန်းခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ဘရာဇီးလ်နိုင်ငံ၏ GDP အတွက် ကမ္ဘာ့ဘဏ်က ခန့်မှန်းတွက်ချက်ရာတွင် ၅.၄ ရာခိုင်နှုန်းကျဆင်းနိုင်ကြောင်း ဖော်ပြခဲ့ပြီး နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့က ၅.၈ ရာခိုင်နှုန်းကျဆင်းနိုင်ကြောင်း ဖော်ပြခဲ့သည်။ အစိုးရ၏ ထုတ်ပြန်ချက်များအရ ၂၀၂၀ ပြည့်နှစ် ပထမ (၃) လပတ် ကာလအပြီးတွင် ဘရာဇီးလ်နိုင်ငံ၏ GDP ကျဆင်းမှုနှုန်းသည် ၂.၅ ရာခိုင်နှုန်းနှင့် ဒုတိယ (၃) လပတ်ကာလအပြီးတွင် ၉.၇ ရာခိုင်နှုန်း တို့ အသီးသီးကျဆင်းခဲ့ပြီး ၁၉၉၆ ခုနှစ်မှ လက်ရှိအချိန်ကာလအထိ GDP ကျဆင်းမှုရာခိုင်နှုန်း အမြင့်ဆုံးဖြစ်ခဲ့သည်။

အခြေခံဘဏ်တိုးနှုန်းများ

၂၀၂၁ ခုနှစ်တွင် အခြေခံဘဏ်တိုးနှုန်းများ မြင့်တက်နိုင်ကြောင်း ငွေကြေးဈေးကွက် က ခန့်မှန်းထားသည်။ အချက်အလက်များအပေါ် အခြေခံ၍ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် အခြေခံ ဘဏ်တိုးနှုန်းသည် ၃.၂၅ ရာခိုင်နှုန်းမှ ၃.၅၀ ရာခိုင်နှုန်းသို့ မြင့်တက်နိုင်ကြောင်း ခန့်မှန်းထား သည်။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလဒုတိယအပတ်တွင် ကျင်းပခဲ့သည့် ဘဏ်အစည်းအဝေးတွင် အခြေခံဘဏ်တိုးနှုန်းအား ၂ ရာခိုင်နှုန်းတိုးမြှင့်ရန် သဘောတူညီခဲ့သည်။ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်း တွင် ၄.၇၅ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ ဘဏ်တိုးနှုန်းများ မြင့်တက်နိုင်ကြောင်း ငွေကြေး ဈေးကွက်မှ စီးပွားရေးပညာရှင်များက ခန့်မှန်းထားသည်။

ငွေလဲနှုန်း၊ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မျှော်မှန်းချက်များ

၂၀၂၁ ခုနှစ်တွင် ပျမ်းမျှနိုင်ငံခြားငွေလဲနှုန်း အမေရိကန်‌ ၁ ‌ဒေါ်လာလျင် ဘရာဇီးလ် ဟဲရာ ၅ နှုန်းနှင့် ၂၀၂၂ ခုနှစ်တွင် ဘရာဇီးဟဲရာ ၄.၉၀ မှ ၅ အတွင်းသာ ငွေလဲနှုန်းဖြစ်ပေါ်နိုင်ရန် ခန့်မှန်းထားသည်။ ကုန်သွယ်မှုနှင့်ပတ်သက်၍ ၂၀၂၁ ခုနှစ်ကုန်သွယ်မှုတွင် အမေရိကန်ဒေါ်လာ ၅၅ ဘီလီယံ ကုန်သွယ်မှုပိုငွေရရှိရန် ခန့်မှန်းထားပြီး ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၉.၃၀ ဘီလီယံ မှ ၅၀ ဘီလီယံအထိ ရရှိရန် ခန့်မှန်းထားသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် ၂၀၂၁ ခုနှစ်အတွက် အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံတန်ဖိုးခန့် ဝင်ရောက်လာရန် မျှော်မှန်း ထားပြီး ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇၀ ဘီလီယံတန်ဖိုးခန့် ဝင်ရောက်ရန် မျှော်မှန်း လျက်ရှိသည်။

ထွန်းအောင်ဇော်၊ စီးပွားရေးသံမှူး

ဘရာဇီးလ်နိုင်ငံ

သတင်းရင်းမြစ် – Market analysts raise inflation estimate to 3.50% in 2021 and see higher GDP growth

Loading