ပြည်ပသတင်းများ

အလုပ်လက်မဲ့နှုန်းမှာ (၁၆) နှစ်တာကာလအတွင်း အမြင့်ဆုံး ရောက်ရှိခဲ့ပြီး အဆိုးရွားဆုံးဖြစ်နိုင်ကြောင်း ခန့်မှန်းထားခြင်း

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် ဟောင်ကောင်ဒေသ၏ အလုပ်လက်မဲ့နှုန်းမှာ (၁၆) နှစ်တာကာလအတွင်း အမြင့်ဆုံးရောက်ရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ စတုတ္ထသုံးလပတ်အတွင်း (၆.၆) ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့ကြောင်းနှင့် အလုပ်လက်မဲ့ဦးရေ (၁,၅၀၀) ဦးရေရှိခဲ့ရာ ၂၀၂၀ ပြည့်နှစ်အတွင်း အလုပ်လက်မဲ့ဦးရေစုစုပေါင်း (၂၄၅,၈၀၀) ဦးရှိခဲ့ကြောင်း၊ ဟောင်ကောင်ဒေသ၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလက ဖြစ်ပွားခဲ့သည့် COVID-19  စတုတ္ထလှိုင်းကြောင့် ဒေသတွင်း စားသုံးမှုအပေါ် ဖိအားများ ဆက်လက်ဖြစ်ပေါ်စေပြီး စီးပွားရေးလုပ်ငန်းများကို ထိခိုက်လျက် ရှိကာ လုပ်သားဈေးကွက်တွင် ဖိအားများဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်ကြောင်း၊ အိမ်ခြံမြေ၊ လက်လီလုပ်ငန်းနှင့် စားသောက်ကုန်လုပ်ငန်းများမှာ ပြင်းထန်စွာ ထိခိုက်လျက်ရှိကြောင်း၊ စားသောက်ကုန်လုပ်ငန်းတွင် အလုပ်လက်မဲ့နှုန်းမှာ (၁၃.၈) ရာခိုင်နှုန်း၊ ဟိုတယ်လုပ်ငန်းတွင် (၈.၈) ရာခိုင်နှုန်းနှင့် လက်လီလုပ်ငန်းတွင် (၈.၃) ရာခိုင်နှုန်း၊ အနုပညာ၊ ဖျော်ဖြေရေးလုပ်ငန်းနှင့် အပန်းဖြေလုပ်ငန်းတွင် (၉) ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်းနှင့် ဒေသအစိုးရမှ ကူညီပံ့ပိုးနိုင်ရေး နည်းလမ်းရှာဖွေလျက်ရှိကြောင်း ဟောင်ကောင်အလုပ်သမားရေးရာအတွင်းဝန် (ဝန်ကြီး) Mr. Law Chi-kwong က ပြောကြားခဲ့ကြောင်း ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ CannixYau နှင့် Denise Tsang တို့က “Jobless Rate Hits 16-year High And Worse Predicted” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

အဆိုပါသတင်းတွင် COVID-19 ကြောင့် ဒေသတွင်းစားသုံးမှုမှာလည်း လျော့ကျလျက် ရှိပြီး တရုတ်နှစ်သစ်ကူးအားလပ်ရက်ပြီးဆုံးလျှင် စီးပွားရေးလုပ်ငန်းအများစုမှာ ထပ်မံပိတ်သိမ်း မည်ဖြစ်ပြီး လာမည့်နှစ်လ၊ သုံးလအတွင်း အလုပ်လက်မဲ့နှုန်းများ ဆက်လက်ဖြစ်ပေါ်နေမည် ဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသခရီးသွားလုပ်ငန်း EGL သည် ဟောင်ကောင်ဒေါ်လာ (၂၀) မီလီယံ ကုန်ကျလျက်ရှိသည့် ခရီးသွားဧည့်လမ်းညွှန် (၁၂၀) ဦးအား အလုပ်မှ ရပ်နားလိုက်ရကြောင်း၊ ဂျပန်နိုင်ငံ ခရီးသွားလုပ်ငန်းကျွမ်းကျင်သူများကို အလုပ်လျှောက်ထားရာတွင် ဦးစားပေးခန့် ထားမည်ဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသရှိ ခရီးသွားဧည့်လမ်းညွှန်နှင့် ဆက်စပ်ဝန်ထမ်း (၂၀,၀၀၀) ဦး ရာခိုင်နှုန်းအားဖြင့် (၉၅) ရာခိုင်နှုန်းခန့်ကို အလုပ်မှ ရပ်နားလိုက်ရကြောင်း၊ ရှန်းကျန့်နယ်စပ်ဂိတ်ကို ဆက်လက်ဖွင့်ထားပြီး အသွားအလာကန့်သတ်စောင့်ကြည့်မှုတို့ကို ဖြေလျှော့ပေးလျှင် တရုတ်ပြည်မကြီးမှ ခရီးသွားဧည့်သည်များနှင့် စီးပွား‌ရေးလုပ်ငန်းရှင်များ လာရောက်မှုကြောင့် ဟောင်ကောင်ဒေသ၏စီးပွားရေး ပြန်လည်ကောင်းမွန်လာနိုင်ကြောင်း ရေးသားဖော်ပြထားပါသည်။

အေးသီခိုင်၊ စီးပွားရေးသံမှူး

ဟောင်ကောင်မြို့

Loading