ပြည်ပသတင်းများ

တရုတ်လုပ်ငန်းနှင့် မြန်မာလုပ်ငန်းတို့ အရောင်းအဝယ် စာချုပ် ချုပ်ဆိုသည့်အခါ သတိပြုရမည့်အချက်များ

တရုတ်လုပ်ငန်းနှင့် မြန်မာလုပ်ငန်းတို့အကြား အရောင်း အဝယ်စာချုပ်များ ချုပ်ဆို သည့်အခါ အောက်ဖော်ပြပါအချက်များအား သတိပြုလျက် စာချုပ်ချုပ်ဆိုခြင်းမပြုမီ ကြိုတင် ညှိနှိုင်းထားကြရန် လိုအပ်ပါသည် –

(၁)    စာချုပ်၏ခေါင်းစဉ် (ဉပမာ- အရောင်းအဝယ်စာချုပ်ဟု အပြည့်အစုံဖော်ပြရမည်။ အတိုကောက်စာလုံးများဖြင့် ဖော်ပြခြင်းမပြုရ။

(၂)    ရောင်းသူနှင့်ဝယ်သူတို့ လက်မှတ်ရေးထိုးကြသည့်အခါ လုပ်ငန်းအား ကိုယ်စား ပြုသည့် တံဆိပ်တုံးကိုပါ ရိုက်နှိပ်ရမည်။ (အတုအပပြုလုပ်ခြင်း မရှိစေရန် စာရွက်တိုင်း၏ ညာဘက်အား ခေါက်ယပ်တောင်ပုံ စီထပ်၍ စာမျက်နှာညာဘက် အားလုံး ခြုံငုံမိသည့်နေရာတွင် တံဆိပ်တုံးတစ်ချက် ထုပေးသင့်သည်။)

(၃)    ရောင်းချသူ၏ လုပ်ငန်းအမည်၊ နေရပ်လိပ်စာ၊ ဝယ်ယူသူ၏ လုပ်ငန်းအမည်၊ နေရပ်လိပ်စာ၊ ရောင်းဝယ်မည့်ကုန်ပစ္စည်းအမည်၊ အမျိုးအစား၊ အရေအတွက်၊ ရေတွက်ပုံ၊ ဈေးနှုန်း၊ တန်ဖိုး၊ ထုပ်ပိုးမှု၊ ကုန်တင်ဆိပ်ကမ်း၊ ကုန်ချဆိပ်ကမ်း၊ ကုန်တင်မည့်ကာလ၊ သယ်ယူပို့ဆောင်ရေး၊ အာမခံစသည်များကိုလည်း ရှင်းလင်း စွာ ထည့်သွင်းရေးသားရမည်။

(၄)    ထုပ်ပိုးမှုအတွက် အိတ်ခွံပေါ်တွင် ဝယ်ယူသူ၏ လိုအပ်ချက်အတိုင်း ရိုက်နှိပ် ပေးရမည်ဆိုပါက  ဝယ်သူဘက်မှ စာသားနှင့် ဒီဇိုင်းများ ပံ့ပိုးပေးရမည်ဖြစ်ပြီး၊ ရောင်းသူဘက်မှ အိတ်တစ်အိတ်ပေါ်တွင် နမူနာရိုက်နှိပ်၍ ပြသကာ အများအပြား ပုံနှိပ်ခြင်းမပြုမီ အတည်ပြုချက်ရယူရမည်။

(၅)    ပို့ကုန်တင်ပို့မည့်သူ၏ဘက်တွင် ကုန်ပစ္စည်းအရည်အသွေးနှင့် အလေးချိန်စမ်းသပ် စစ်ဆေးရေးနှင့်စပ်လျဉ်း၍ မည်သူက ကျခံမည်၊ မည်သည့်အဖွဲ့က စစ်ဆေးမည်၊ မည်သည့်အထောက်အထားများ ထုတ်ပေးမည်ကို စာချုပ်ပေါ်တွင် ထည့်သွင်း ရေးသားရမည်။ ပိုမိုတိကျသေချာစေရန် ကုန်ပစ္စည်း၏ အရည်အသွေးဖော်ပြ ချက်အား နောက်ဆက်တွဲအဖြစ် တွဲပေးနိုင်ပါက ပိုကောင်းပါသည်။ ၎င်းနောက် ဆက်တွဲပေါ်၌လည်း လုပ်ငန်းများ၏ တံဆိပ်တုံးများကို ရိုက်နှိပ်ထားသင့်သည်။

(၆)   ကုန်ပစ္စည်း ပို့ဆောင်မည့်နည်းလမ်း၊ လုပ်ငန်းစဉ်နှင့် ကုန်လက်ခံရရှိချိန်များနှင့် အခြေအနေများအပေါ် ရေးသားထားသည်များကိုလည်း အသေးစိတ်ဖတ်ရှုရမည်။

(၇)   သဘောတူညီထားသည့် ပို့ဆောင်ရေးနှင့် ငွေပေးချေမှုများကိုလည်း ဖော်ပြရမည်။

(၈)    ရောင်းသူဘက်မှ ပံ့ပိုးပေးရမည့် စာရွက်စာတမ်းလိုအပ်ချက်များကိုလည်းစာချုပ် ပေါ်တွင် ဖော်ပြပေးထားရမည်။

(၉)    စာချုပ်ပါကတိကဝတ်များအား ချိုးဖောက်ခဲ့ပါက မည်ကဲ့သို့ ဆောင်ရွက်မည်၊ မမျှော်မှန်းနိုင်သော ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံတွေ့လာပါက မည်ကဲ့သို့ဆောင်ရွက် မည်စသည်တို့ကို ဖော်ပြရမည်။

(၁၀) အငြင်းပွားမှုဖြစ်ပွားပါက ဖြေရှင်းမည့်နည်းလမ်းများ၊ ဖြေရှင်းရန် ကိုးကားရမည့် ဉပဒေများ သို့မဟုတ် စည်းမျဉ်းများကိုလည်း ရှင်းလင်းစွာ ထည့်သွင်းဖော်ပြ ထားရမည်။

(၁၁) အခြားသဘောတူညီချက်များကိုလည်း လိုအပ်သကဲ့သို့ ထည့်သွင်းနိုင်သည်။ ဉပမာ – ပြင်ဆင်လိုက ရောင်းသူနှင့်ဝယ်သူတိုင်ပင်ညှိနှိုင်း၍ ပြင်ဆင်နိုင်ကြောင်း စာပိုဒ်ထည့်သွင်းခြင်းမျိုးဖြစ်သည်။

ရင်းမြစ်၊ စီးပွားရေးသံမှူးရုံး (မြန်မာကုန်သွယ်ရေးကိုယ်စားလှယ်ရုံး)၊ နန်နင်းမြို့

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့

Loading