ပြည်တွင်းသတင်းများ

ရန်ကုန်ဈေးကွက် လယ်ယာထွက်ကုန် ရောင်းဝယ်မှု အခြေအနေ

မြန်မာနိုင်ငံ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)မှ ၄-၁၁-၂၀၂၀ ရက်နေ့ ထုတ်ပြန်သော ဆန် အမျိုးအစားအလိုက် ဈေးနှုန်းများမှာ ဖျာပုံပေါ်ဆန်း (အသစ်) တစ်တင်းခွဲအိတ် တစ်အိတ်လျှင် ၃၆,၀၀၀ ကျပ်မှ ၃၇,၅၀၀ကျပ်၊ မြောင်းမြ/ ပုသိမ်ပေါ်ဆန်း (အသစ်) တစ်တင်းခွဲအိတ် တစ်အိတ် လျှင် ၃၈,၅၀၀ ကျပ်မှ ၄၁,၀၀၀ ကျပ်၊ ပေါ်ကျွဲတစ်အိတ်လျှင် ၃၂,၅၀၀ကျပ်မှ ၃၃,၅၀၀ ကျပ်၊ ဧည့်မထ ဆန်တစ်အိတ်လျှင် ၂၆,၀၀၀ ကျပ်မှ ၂၇,၅၀၀ ကျပ်၊ မနောသုခဆန်တစ်အိတ်လျှင် ၂၄,၅၀၀ ကျပ်မှ ၂၆,၀၀၀ ကျပ်၊ ငစိန်ဆန်တစ်အိတ်လျှင် ၁၉,၅၀၀ ကျပ်မှ ၂၁,၀၀၀ ကျပ်ဖြင့် ရောင်းဝယ်မှုရှိသဖြင့် ယခင်တစ်ပတ် ၂၇-၁၀-၂၀၂၀ ရက်နေ့ ဈေးနှုန်းများနှင့် နှိုင်းယှဉ်ကြည့်သောအခါ ဈေးအတက် အကျ ပြောင်းလဲမှုအနည်းငယ်သာရှိကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်အတွင်း ရှိ မြို့နယ်များမှထွက်ရှိသော ရွှေဘိုပေါ်ဆန်းဆန်အသစ်များ ရန်ကုန်ဈေးကွက်သို့ ဝင်ရောက် လျက်ရှိပြီး ၄-၁၁-၂၀၂၀ ရက်နေ့ ဈေးနှုန်းအရ တစ်တင်းခွဲအိတ်တစ်အိတ်လျှင် ၅၀,၀၀၀ ကျပ်မှ ၅၈,၀၀၀ ကျပ်ဖြင့် ဈေးနှုန်းပြောင်းလဲမှုမရှိ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

ဆန်အမျိုးအစားအားလုံးအနေဖြင့် ယခင်သီတင်းပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်မှုအရ တစ်တင်းခွဲဆန်အိတ်တစ်အိတ်လျှင် ဈေးအတက်အကျပြောင်းလဲမှုအနည်းငယ်ရှိခဲ့ပြီး နယ်စပ် ကုန်သွယ်ရေးအနေဖြင့် covid-19 ကြောင့် သယ်ယူပို့ဆောင်ရေး ခက်ခဲကြန့်ကြာမှုများရှိသော်လည်း တရုတ်နိုင်ငံမှ ပုံမှန်ဝယ်လိုအားရှိခြင်းကြောင့်လည်းကောင်း၊ နယ်စပ်တွင် အဓိကအားဖြင့် မြန်မာ့ ဆန်နှင့် ဗီယက်နမ်ဆန်မှာ ယှဉ်ပြိုင်ရောင်းချမှုရှိခဲ့သော်လည်း လက်ရှိတွင် ဗီယက်နမ်နိုင်ငံသည် သဘာဝဘေးအန္တရာယ်အချို့ကြောင့် ဆန်စပါးအထွက်နှင့် အရည်အသွေးကျဆင်းမှုများ ရှိနိုင်ခြင်း ကြောင့် မြန်မာ့ဆန်ကိုသာ ဝယ်ယူမှုရှိနိုင်ခြင်းကြောင့်လည်းကောင်း၊  အောက်တိုဘာလကုန် (သို့) နိုဝင်ဘာလဆန်းပိုင်းရက်များမှစ၍ ဒေသအချို့တွင် မိုးစပါးသစ်/ ဆန်သစ်အနည်းငယ် ဈေးကွက် သို့ စတင်ဝင်ရောက်ချိန်ဖြစ်သော်လည်း ဆန်ဟောင်းလက်ကျန် အလွန်နည်းလာချိန်ဖြစ်ခြင်း တို့ကြောင့်လည်းကောင်း၊ ဆန်သစ်ပေါ်ကာစအချိန်တွင် အစိုဓာတ်ပါဝင်မှုရှိနေသေးခြင်းကြောင့် စားသုံးသူကြိုက်နှစ်သက်မှုနည်းပြီး ဝယ်လိုအားနည်းခြင်းစသည့်အချက်တို့ကြောင့် ဆန်ဈေးနှုန်း များ အတက်အကျပြောင်းလဲမှုအနည်းငယ်ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ရန်ကုန်ဈေးကွက်သို့ မြို့နယ်အသီးသီး (ဖျာပုံ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ဒေးဒရဲ၊ ဝါးခယ်မ၊ လပွတ္တာ၊ ကျိုက်လတ်၊ မြောင်းမြ၊ ကော့မှူး၊ တွံ့တေး၊ ကွမ်းခြံကုန်းနှင့် ရွှေဘိုခရိုင် အတွင်းရှိ မြို့နယ်များ) မှ ဆန်မျိုးစုံ နေ့စဉ်ဆန်အိတ်ပေါင်း (၄၀၀၀၀) ဝန်းကျင်ခန့် ဝင်ရောက်မှု ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိမြို့နယ်များ စိုက်ပျိုးထွက်ရှိသော ရွှေဘို ပေါ်ဆန်းဆန်များဝင်ရောက်မှုရှိကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံအလယ်ပိုင်းနှင့် ရှမ်းပြည်နယ်‌တောင်ပိုင်းဒေသများတွင် မိုးသီးနှံအဖြစ် စိုက်ပျိုး ထားသည့် အစေ့ထုတ်ပြောင်းများ ခူးဆွတ်နေချိန်ဖြစ်၍ ဈေးကွက်တွင်း ဝင်ရောက်မှုများခြင်း၊ ပြောင်းသစ်များ အစိုဓာတ်ရှိခြင်း၊ ထွက်ရှိရာဒေသတွင် ရောင်းလိုအားများနေခြင်းတို့ကြောင့် ဈေးနှုန်း တည်ငြိမ်နေရာမှ တရုတ်နိုင်ငံတွင် ပြောင်းပြတ်လပ်မှုဖြစ်ပေါ်နေပြီး မွေးမြူရေးအစာ လိုအပ်ချက် အရ ပြောင်းတင်သွင်းရန် အလားအလာများရှိသဖြင့် ယခုသီတင်းပတ် ၄-၁၁-၂၀၂၀ အတွင်း အစေ့ထုတ်ပြောင်း ၅၄ ပိဿာလျှင် ၂၄,၆၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်သောကြောင့် ယခင် သီတင်းပတ် ၂၈-၁၀-၂၀၂၀ ဈေးနှုန်းထက် အနည်းငယ်မြင့်တက်မှုရှိကြောင်း သိရှိရပါသည်။

ပဲဈေးနှုန်းအနေဖြင့် အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းခွင့် မူဝါဒအပြောင်းအလဲကြောင့် အောက်တိုဘာလအတွင်းတွင် မတ်ပဲဈေးနှုန်းပြန်တက်လာခဲ့သော်လည်း အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းပိုင်းရက်များတွင် ကုန်သည်များလက်ထဲတွင်လည်း အိန္ဒိယမှတင်သွင်းခွင့်ပြုပေး ထားသော တန်ချိန်အတိုင်းအတာအထိ လက်ကျန်မရှိတော့ခြင်း၊ ဈေးကွက်အတွင်း မတ်ပဲလက်ကျန် နည်းနေခြင်း၊ လက်ကားဝယ်ယူမှုထက် လက်လီဝယ်ယူမှုသာရှိခြင်း၊ အရောင်းအဝယ်အေးခြင်း တို့ကြောင့် ယခုသီတင်းပတ် အောက်တိုဘာ ၂၈ ရက်တွင်  မတ်ပဲ (သင်္ဘောတင်) တစ်တန်လျှင် ၁,၁၂၂,၅၀၀ ကျပ်ဖြစ်ခဲ့ပြီး ယခုသီတင်းပတ် နိုဝင်ဘာ ၄ ရက် ဈေးနှုန်းအရ တစ်တန်လျှင် ၁,၁၀၇,၅၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

ပဲစင်းငုံ (သင်္ဘောတင်) ဈေးနှုန်းများမှှာ အခြားပဲများနှင့် မတူပဲ အိန္ဒိယနိုင်ငံတစ်ခု တည်းမှ အများဆုံးဝယ်ယူနေခြင်းဖြစ်၍ ထိုနိုင်ငံ၏ ဝယ်လိုအား၊ စိုက်ပျိုးမှု၊ ရာသီဥတုအခြေအနေ နှင့် သီးနှံပျက်စီးခြင်းတို့အပေါ် များစွာမူတည်နေခြင်း၊  ပဲလိုအပ်ချက်ရှိခြင်း၊ အိန္ဒိယပြည်တွင်း၌ ပဲဈေးမြင့်နေခြင်း၊ မြန်မာ့ပဲများ တင်သွင်းခွင့် သက်တမ်းတိုးမြှင့်ပေးခြင်းတို့ကြောင့် အိန္ဒိယ ဝယ်လိုအား တက်လာခြင်း၊ ဈေးကွက်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍရေးနှစ်အတွက် ကြိုပွိုင့်စနစ် ဖြင့် ဝယ်ယူလာခြင်းစသည့်အခြေအနေများကြောင့် ယခင်အကျဘက်သို့ ဦးတည်နေသည့်ပဲစင်းငုံ ဈေးနှုန်းမှာ ပြန်လည်ဦးမော့လာနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။ ၂၈-၁၀-၂၀၂၀ ရက်နေ့တွင် ပဲစင်းငုံ (သင်္ဘောတင်) တစ်တန်လျှင် ၉၅၂,၅၀၀ ကျပ်ဖြစ်ခဲ့ပြီး  ၄-၁၁-၂၀၂၀ ရက်နေ့ဈေးနှုန်းအရ ပဲစင်းငုံ (သင်္ဘောတင်) တစ်တန်လျှင် ၉၄၀,၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရ ပါသည်။

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့၊ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့၊ ရန်ကုန်တိုင်း ဒေသကြီး ခရမ်းမြို့နှင့် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့တို့မှ ထွက်ရှိသော ပဲတီစိမ်းနှင့် ပဲတီရွှေဝါများ ရန်ကုန်ဈေးကွက်သို့ ဝင်ရောက်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့မှ ထွက်ရှိသော ပဲတီရွှေဝါမှာ အရည်အသွေးအကောင်းဆုံးဖြစ်သည်။ တရုတ်နိုင်ငံမှ ပုံမှန်ဝယ်ယူမှုသာရှိခြင်း ကြောင့် ဈေးနှုန်းအတက်အကျပြောင်းလဲမှုမရှိပဲ အရောင်းအဝယ်ဖြစ်နေကြောင်း၊ သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၁၁၇,၀၀၀ မှ ကျပ် ၁၂၉,၆၀၀ ကြား ပေါက်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း သိရှိရပါသည်။

စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ကြက်သွန်နီမှာ ယခုသီတင်းပတ်အတွင်း ကြက်သွန်နီ အဟောင်းနည်းလာချိန်ဖြစ်ခြင်း၊ ဈေးကွက်အတွင်း သီးနှံအသစ် ဝင်ရောက်ရန် အချိန်လိုသေးခြင်း၊ သီးနှံအဟောင်းအသစ် စပ်ကူးမတ်ကူးကာလဖြစ်ခြင်းတို့ကြောင့်လည်းကောင်း၊Covid-19 ကာလ အတွင်း အသွားအလာကန့်သတ်ချက်များရှိခြင်းတို့ကြောင့်လည်းကောင်း၊ ယခင်တစ်ပတ်ဈေးနှုန်း အရ ကြက်သွန်နီ (ကြီး/ လတ်/ သေး) တစ်ပိဿာလျှင် ၉၀၀-၈၀၀-၆၅၀ ကျပ်မှ ယခုတစ်ပတ် တွင် တစ်ပိဿာလျှင် ၁၀၀၀-၉၇၅-၈၀၀ ကျပ်သို့ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်းသိရှိရပါသည်။

ဟင်းသီးဟင်းရွက် သစ်သီးဝလံလက်ကားဈေးကြီးဖြစ်သော သီရိမင်္ဂလာဈေးအတွင်း ပြည်နယ်နှင့် တိုင်း‌ဒေသကြီးအနှံ့အပြားမှ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ ဝင်ရောက်မှု များလာသော်လည်း အရောင်းအဝယ်ပါးခြင်း၊ Covid-19 ရောဂါကြောင့် အသွားအလာ ကန့်သတ် မှုများရှိခြင်း၊ သီးနှံထွက်ရှိရာဒေသမှ ဈေးကွက်သို့ရောက်ရှိရန် လမ်းခရီးတွင် အချိန်ကြန့်ကြာမှု များရှိခြင်းကြောင့် ခရမ်းချဉ်သီးကဲ့သို့သော အချို့သော ဟင်းသီးဟင်းရွက် သစ်သီးဝလံများမှာ တာရှည်အထားမခံခြင်းကြောင့်လည်းကောင်း၊ သီရိမင်္ဂလာဈေးသို့ ရောက်ရှိချိန်တွင် သီးနှံများ အရည်အသွေးညံ့လာသဖြင့် ယခုသီတင်းပတ်အတွင်း ကျဈေးဖြင့်သာ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

 

(ဒေါ်ဖြူမာချို၊ ရန်ကုန်ဈေးကွက်တာဝန်ခံ)

Loading