ပြည်ပသတင်းများ

အာရှ-ပစိဖိတ်ဒေသဆိုင်ရာ FAO ၏ (၃၅) ကြိမ်မြောက် ဒေသတွင်းအစည်းအဝေး ကျင်းပပြုလုပ်သည့်သတင်း (35th Session of the FAO Regional Conference for Asia and the Pacific)

အာရှ-ပစိဖိတ်ဒေသဆိုင်ရာ FAO ၏ (၃၅) ကြိမ်မြောက် ဒေသတွင်းအစည်းအဝေးကို FAO Regional Office က ကြီးမှူး၍ ဘူတန်နိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံဆောင်ရွက်ပြီး Virtual Mode ဖြင့် (၁-၉-၂၀၂၀) ရက်နေ့မှ (၄-၉-၂၀၂၀) ရက်နေ့အထိ (၄) ရက်ကြာ ကျင်းပသွားမည် ဖြစ်ရာ အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးကိုယ်စား စီမံကိန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း တက်ရောက်ခဲ့ပြီး အဖွဲ့ဝင်များအဖြစ် စီမံကိန်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန္တာကြည်နှင့် အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ခင်မာဦးတို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ ထို့ပြင် စီမံကိန်းဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း (၁၂) ဦးတို့သည် လေ့လာသူများအဖြစ် ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါ FAO ဒေသတွင်းအစည်းအဝေးကို (၁-၉-၂၀၂၀) ရက်နေ့မှ (၂-၉-၂၀၂၀) ရက်နေ့အထိ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (SOM) နှင့် (၃-၉-၂၀၂၀) ရက်နေ့မှ (၄-၉-၂၀၂၀) ရက် နေ့အထိ ဝန်ကြီးများအဆင့်အစည်းအဝေး (Ministerial Meeting) များအဖြစ် အပိုင်း (၂) ပိုင်းဖြင့် ကျင်းပခြင်းဖြစ်ပြီး အစည်းအဝေးသို့ ဒေသတွင်းအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ် (၃၅၃) ဦး တက်ရောက်ခဲ့ကာ အစည်းအဝေးပထမရက်တွင် သဘာပတိ၊ ဒုတိယသဘာပတိနှင့် Rapporteur  တို့ကို ရွေးချယ်ခြင်း၊ အစည်းအဝေးအစီအစဉ်များကို အတည်ပြုခြင်း၊ အစည်း အဝေးအစီအစဉ်ပါ အကြောင်းအရာခေါင်းစဉ်များအလိုက် ဆွေးနွေးကြခြင်းများကို ဆောင်ရွက်ခဲ့ ပါသည်။  Virtual Mode ဖြင့် (၄) ရက်ကြာကျင်းပသည့် အဆိုပါအစည်းအဝေး၏ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးရက်များတွင် Covid 19 ရိုက်ခတ်မှုကြောင့် ဒေသတွင်းနိုင်ငံများ၏ စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍအပေါ် သက်ရောက်မှုနှင့် FAO ၏ တုံ့ပြန်ဆောင်ရွက် ပေးမှုများအပေါ် အဖွဲ့ဝင်နိုင်ငံများမှ ဆွေးနွေးခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ ရေစီမံခန့်ခွဲမှုအတွက် ဒေသတွင်းဦးစားပေး အစီအစဉ်များ ချမှတ်ခြင်း၊ ပစိဖိတ်ဒေသတွင်း စားနပ်ရိက္ခာနှင့် အာဟာရ ပြည့်ဝရေး သေချာစေရန် လုပ်ကွက်ငယ် ရေလုပ်သားများအတွက် ပြန်လည်ထူထောင်ရေး အစီအစဉ်များ ချမှတ်ရေး၊ အာရှနှင့် ပစိဖိတ်ဒေသတွင်း နိုင်ငံများအတွက် ဘေးဒဏ်ခံနိုင်ပြီး ရေရှည် တည်တံ့သည့် စားနပ်ရိက္ခာစနစ်ထူထောင်ခြင်းဆိုင်ရာနှင့် Multi-year Programme of Work (MYPOW) (2020-2023) ရေးဆွဲရေး၊ FAO ၏ (၂၀၁၈-၂၀၁၉) ခုနှစ်အတွင်း ဆောင်ရွက် နိုင်ခဲ့သည့် ရလဒ်များ၊ FAO ၏ New Strategic Framework နှင့် (၂၀၂၀-၂၀၂၁) ခုနှစ်အတွင်း ဒေသတွင်း ကနဦး အကောင်အထည်ဖော် ဆောင်ရွက်မှုများအတွက် ပြန်လည်စိစစ်သုံးသပ် ရေးဆွဲခြင်း ကိစ္စရပ်များ၊ ဗဟိုအဆင့်မှ ဒေသတွင်းနိုင်ငံများ၏ လိုအပ်ချက်များအရ ချဉ်းကပ် ဆောင်ရွက်မည့် စနစ်သို့ ကျင့်သုံးမည့် Decentralized Offices Business Model အပေါ် ပြန်လည်စိစစ် သုံးသပ်ခြင်းကိစ္စရပ်များ၊ နောက်တစ်ကြိမ်ကျင်းပမည့် FAO ၏ (၃၆) ကြိမ်မြောက် ဒေသတွင်း အစည်းအဝေးရက်နှင့် ကျင်းပမည့်နေ့ရက်ရွေးချယ်အတည်ပြုခြင်း တို့ကို ဆွေးနွေး ဆုံးဖြတ်ခဲ့ကြ ပါသည်။

(၃-၉-၂၀၂၀) ရက်နေ့မှ (၄-၉-၂၀၂၀) ရက်နေ့အထိ ကျင်းပသည့် ဝန်ကြီးများအဆင့်အစည်း အဝေးသို့ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင်များ ဆက်လက်တက်ရောက်သွား မည်ဖြစ်ပြီး ယင်းအစည်းအဝေးတွင် အစီအစဉ်အရ ဒေသတွင်းနိုင်ငံများ၏ ကိုယ်စားလှယ်များမှ SOM Meeting Report ကို အတည်ပြုခြင်း၊ သဘာပတိ၊ ဒုတိယသဘာပတိနှင့် Rapporteur  တို့ကို ရွေးချယ်ခြင်း၊ FAO ညွှန်ကြားရေးမှူးချုပ်၊ FAO Council ၏ Independent Chairperson၊ World Food Security ဆိုင်ရာ Committee ၏ Chairperson၊ CSO နှင့် Private Sector တို့မှ ပုဂ္ဂိုလ်များ၊ ဒေသတွင်းနိုင်ငံများ ၏ Head of Delegation များမှ Statement များ ဖတ်ကြား ခြင်း၊ SDGs ကို အောင်မြင်စွာ ဖော်ဆောင်နိုင်ရေး စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် တီထွင်ဆန်းသစ် မှုနှင့် နည်းပညာအသုံးပြုမှု အရှိန်မြှင့်တင်ရေးအတွက် အကြံပြုဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ပါသည်။

Loading