ပြည်ပသတင်းများ

ဇူလိုင်လအတွင်း စားသောက်ကုန် ဈေးနှုန်းများကြောင့် ငွေကြေး ဖောင်းပွမှုမြင့်တက်လာသည့် တရုတ်နိုင်ငံ

ယခုနှစ် ဇူလိုင်လအတွင်း တရုတ်နိုင်ငံ၏ စားသုံးသူ ဈေးနှုန်းအညွှန်းကိန်း (CPI) မှာ (၂.၈) ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး၊  ၎င်းအညွှန်းကိန်းအနက် စားသောက်ကုန် ဈေးနှုန်းမြင့်တက် လာမှုမှာ သုံးပုံတစ်ပုံခန့်ရှိခဲ့သည်ကို တွေ့ရပါသည်။ ထိုကဲ့သို့ မြင့်တက်လာမှုမှာ မေလတွင် (၂.၄) ရာခိုင်နှုန်း၊ ဇွန်လတွင် (၂.၅) ရာခိုင်နှုန်း အသီးသီးရှိခဲ့ကာ စားသောက်ကုန်ဈေးနှုန်းများ မြင့်တက် လာမှုက အဓိကဖြစ်ကြောင်း အမျိုးသားစာရင်းအင်းဗျူရိုမှ ထုတ်ပြန်သည့် တရားဝင်စာရင်းများ အရ သိရပါသည်။

အသေးစိတ်ကြည့်ပါက ဇွန်လအတွင်း ရောင်းလိုအားနည်းပါးမှုနှင့် အစားအသောက် ပြင်ဆင်ချက်ပြုတ်သော လုပ်ငန်းများ နာလန်ထူမှု ပိုမိုများပြားလာသောကြောင့် ဝက်သားဈေးနှုန်း (၁၀.၃) ရာခိုင်နှုန်း တက်လာခဲ့သည်ကို တွေ့ရပါသည်။ ထို့ပြင် ဇွန်လအတွင်း ရာသီဉတုအခြေ အနေဆိုးရွားမှုကြောင့် ရောင်းလိုအား နည်းပါးမှုနှင့် သယ်ယူပို့ဆောင်မှုများတွင် အခက်အခဲကြုံ တွေ့မှုများကြောင့် ဟင်းသီးဟင်းရွက်ဈေးနှုန်းများ (၆.၃) ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။

ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက စားသောက်ကုန်ဈေးနှုန်းများမှာ စားသုံးသူ အညွှန်းကိန်းဖောင်းပွမှု၏ အဓိကတွန်းအားများအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ကာ၊ ယခင် နှစ်ကထက် (၁၃.၂) ရာခိုင်နှုန်းမြင့်တက်လာ၍ CPI တိုးတက်မှုတွင် (၂.၆၈) ရာခိုင်နှုန်းပါဝင် အားဖြည့်လျက်ရှိပါသည်။

အစားအသောက်နှင့် စွမ်းအင်တို့ကို ဖယ်ထုတ်ကြည့်ပါက အဓိက CPI မှာ ယမန်နှစ်က ထက် (၀.၅) ရာခိုင်နှုန်းသာ တိုးတက်လာလျက်၊ ဇွန်လအတွင်း (၀.၉) ရာခိုင်နှုန်းမှ ကျဆင်းလာ ခဲ့ကြောင်း အဆင့်မြင့်စာရင်းအင်းပညာရှင် Dong Lijuan က သုံးသပ်ပြောကြားခဲ့ပါသည်။ အဓိက CPI မှာ စံချိန်တင် ကျဆင်းနေသဖြင့် အလုံးစုံငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ထားနိုင်ကြောင်း China Minsheng Bank ၏ သုတေသီချုပ် Wen bin က ပြောကြားပါသည်။

ယခုနှစ် ပထမ (၇) လ အတွင်း CPI မှာ ယခင်နှစ်ကထက် (၃.၇) ရာခိုင်နှုန်း မြင့်တက် လာခဲ့ပါသည်။

တရုတ်နိုင်ငံ၏ စက်ရုံဂိတ်၌ ကုန်စည်များအတွက် ကုန်ကျစရိတ်ကို တိုင်းတာသော ထုတ်လုပ်သူဈေးနှုန်းအညွှန်းကိန်းမှာ ဇူလိုင်လအတွင်း (၂.၄) ရာခိုင်နှုန်း ကျဆင်းခဲ့သည်ကို တွေ့ရပါသည်။ ၎င်းထုတ်လုပ်သူဈေးနှုန်းအညွှန်းကိန်းမှာ မေလအတွင်း (၃.၇) ရာခိုင်နှုန်း၊ ဇွန်လ အတွင်း (၃) ရာခိုင်နှုန်း အသီးသီး လျော့နည်းခဲ့သည်ကို တွေ့ရပါသည်။

လအလိုက်အခြေခံအားဖြင့် ကုန်ထုတ်လုပ်သူများ ဆက်လက်ကုန်ထုတ်လုပ်နေပြီး ဈေးကွက်ဝယ်လိုအား တဖြည်းဖြည်းပြန်လည်ကောင်းမွန်လာသောကြောင့် အလုံးစုံထုတ်လုပ်သူ ဈေးနှုန်းများမှာ (၀.၄) ရာခိုင်နှုန်းရရှိခဲ့ကြောင်း၊  အပြည်ပြည်ဆိုင်ရာ ကုန်စည်များ၏ ဈေးနှုန်းများ မြင့်တက်လာခြင်းကလည်း အရေးပါကြောင်း Dong က ဆိုပါသည်။

ကမ္ဘာလုံးဆိုင်ရာ ရေနံစိမ်းဈေးနှုန်းများ ပြန်လည်ကောင်းမွန်လာသောကြောင့် ဇွန်လမှ စ၍ ပြီးခဲ့သည့်လတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်သောကဏ္ဍများမှ ဈေးနှုန်းများ (၁၂) ရာခိုင်နှုန်းမြင့်တက်လာကာ၊  ရေနံ၊ ကျောက်မီးသွေးနှင့် အခြားလောင်စာများ ပြုပြင်ထုတ်လုပ်မှု များမှလည်း (၃.၄) ရာခိုင်နှုန်းမြင့်တက်ခဲ့ပါသည်။

ပြီးခဲ့သည့်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ အတွင်း  ပျမ်းမျှအားဖြင့် စက်ရုံဂိတ်ဈေးနှုန်းများမှာ  (၂) ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။

စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများ လျင်မြန်စွာ ပြန်လည်နာလန်ထူလာမှု၊ ရောင်းလို အားကို အာမခံပေးရန် အစိုးရ၏ စီမံဆောင်ရွက်ပေးမှုများ အကောင်အထည်ဖော်ဆောင်မှုနှင့် ဈေးနှုန်းများ တည်ငြိမ်စေရန် ဆောင်ရွက်မှုများကြောင့် ဈေးကွက်ရောင်းလိုအားနှင့် ဝယ်လိုအား တို့ကို မျှခြေ၌ ရှိစေရန် ဆက်လက်ထိန်းထားမည်ဟု မျှော်လင့်ကြောင်း၊ အတက်အကျအချို့ ရှိသော်လည်း ယေဘုယျအားဖြင့် စားသုံးသူဈေးနှုန်းများမှ တည်ငြိမ်နေမည်ဖြစ်ကြောင်း၊ ဤကဲ့သို့ ယေဘုယျအားဖြင့် တည်ငြိမ်သော ငွေကြေးဖောင်းပွမှုက  မကြာမီလများအတွင်း ဈေးကွက်နှင့် အလုပ်အကိုင်တည်ငြိမ်စေရေး ငွေကြေးမူဝါဒစီမံရန် အစိုးရအား လုပ်သာကိုင်သာ ရှိစေခြင်းဖြစ်ကြောင်း Wen က ပြောကြားပါသည်။

ရင်းမြစ်၊ Xinhua (၁၀-၈-၂၀၂၀)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့

Loading