ပြည်ပသတင်းများ

တရုတ်နိုင်ငံ မြောက်ပိုင်းဒေသများတွင် မုန်တိုင်းများ ကြောင့် ရေလွှမ်းမိုးဖွယ်ရှိ

လာမည့်ရက်သတ္တပတ်အနည်းငယ်အတွင်း တရုတ်နိုင်ငံ ၏ မြောက်ပိုင်းရှိ ဒေသအတော်များများ၌ မိုးသည်းထန်စွာရွာသွန်းမှုများ မကြာခဏကြုံတွေ့ရကာ၊ ထိန်းချုပ်နေမှုများ ပြုလုပ်နေ သော်လည်း ရေလွှမ်းမိုးမှုများနှင့် ကြုံတွေ့ရနိုင်ကြောင်း ရေဘေးအန္တရာယ်ထိန်းချုပ်ရေးအာဏာ ပိုင်များ၏ ပြောကြားချက်များအရ သိရပါသည်။

             ယခုရက်သတ္တပတ်အတွင်း တောင်ပိုင်းဒေသများ၌ မိုးရွာသွန်းမှုများ လျော့နည်းလာ သော်လည်း မြောက်ပိုင်းဒေသရှိ နယ်မြေအများအပြားတွင် မိုးကြိုးမုန်တိုင်းများ စတင်ဖြစ်ပွား လျက်ရှိပါသည်။ ၎င်းဒေသများတွင် ဩဂုတ်လ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့များ၌ မိုးရေချိန် (၁၀၀) မီလီမီတာမှ (၂၀၀) မီလီမီတာထိ ရွာသွန်းနိုင်သဖြင့် ရေလွှမ်းမိုးမှုများပါ ဖြစ်ပေါ်နိုင်ကြောင်း၊ ၎င်းဒေသများအနက် ဂန်းဆုနှင့် ရှန်းရှီးပြည်နယ်များနှင့် ဘေကျင်းတို့တွင် ယေဘုယျအားဖြင့် မိုးရေချိန် (၂၀) မီလီမီတာမှ (၅၀) မီလီမီတာကြား ၊ ရာသီဉတုအလွန်အမင်း ဆိုးရွားချိန်များတွင် မိုးရေချိန် (၇၀) မီလီမီတာကျော်လွန်နိုင်ကြောင်း  အမျိုးသားမိုးလေဝသစင်တာက အပြာရောင် အဆင့် အနိမ့်ဆုံးသတိပေးချက်ကို ဩဂုတ်လ ၁၀ ရက်နေ့က ထုတ်ပြန်ကြေငြာထားပါသည်။

             ထိုသို့သော မိုးရွာသွန်းမှုများကြောင့် Songhua နှင့် Liaohe မြစ်များ၊ Haihe မြစ် တောင်ပိုင်းဒေသများနှင့် မြစ်ဝါမြစ် အလယ်ပိုင်းဒေသများတွင် ရေလွှမ်းမိုးမှုများဖြစ်ပေါ်လာနိုင် ကြောင်း ရေသယံဇာတဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရပါသည်။

             ၂၀၁၈ ခုနှစ်၊ သြဂုတ်လအတွင်းက Rumbia တိုင်ဖွန်းမုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှုများနှင့် မြစ်အထက်ပိုင်းရှိ ဆည်များမှ ရေပိုများကို ဖောက်ချခဲ့ရာ တရုတ်နိုင်ငံ၏ ဟင်းသီးဟင်းရွက်များ အဓိကစိုက်ပျိုးထုတ်လုပ်သည့် Shouguang မြို့ရှိ ဖန်လုံအိမ်ပေါင်း (၁၀၆,၇၀၀) ဖြင့် စိုက်ပျိုးခဲ့သော ဟင်းသီးဟင်းရွက်များ ပျက်စီးခဲ့ရကာ ဟင်းသီးဟင်းရွက်ဈေးနှုန်း များ များစွာမြင့်တက်သွားမှုများဖြင့် ကြုံတွေ့ခဲ့ရပါသည်။ ၎င်းဖြစ်ရပ်အပေါ် သင်ခန်းစာယူ၍ ယခုနှစ်တွင် အဓိကဆည်များ၏ ရေပိုရေလျှံများ ဖောက်ထုတ်ခြင်းနှင့် ရေမြောင်းများဖြင့် ရေပေးဝေမှုများကို ထိန်းကျောင်းကြပ်မတ်ခြင်းတို့အား ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် အဓိကဆည်များတွင် အရည်အသွေးမြင့် ကင်မရာအလုံး (၂၀၀) အား တပ်ဆင်၍ ကြပ်မတ်လျက်ရှိကာ၊  ရှိပြီးရေပေးဝေနေသည့်နေရာ (၁၁,၀၀၀) အပြင် နောက်ထပ် (၂၁၁) နေရာကိုပါ ထည့်ပေါင်းလျက် ထိန်းကျောင်းကြပ်မတ်နေကြောင်း သိရပါသည်။

             တရုတ်နိုင်ငံ၏ မိုးလေဝသသတိပေးချက်များတွင် ပြင်းထန်မှုအလိုက် အရောင် (၄) မျိုး ဖြင့် ခွဲခြားထားပါသည်။ အနီရောင်မှာ  အဆိုးရွားဆုံးဖြစ်၍  လိမ္မော်ရောင်မှာ ဒုတိယအဆင့် ပြင်းထန်မှုအရှိဆုံး၊ အဝါရောင်မှာတတိယအဆင့်ပြင်းထန်မှုအရှိဆုံးနှင့် အပြာရောင်မှာ ပြင်းထန်မှု အနည်းဆုံးသတိပေးချက်ဖြစ်ပါသည်။

ရင်းမြစ်၊ China Daily (၁၁-၈-၂၀၂၀)နှင့် Xinhua (၁၀-၈-၂၀၂၀)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့

Loading