ပြည်ပသတင်းများ

စားနပ်ရိက္ခာလိုအပ်ချက်များနှင့် တရုတ်နိုင်ငံရင်ဆိုင် နေရသည်လော

တရုတ်နိုင်ငံ၏ပြည်နယ်အသီးသီးရှိ အုပ်ချုပ်သူများ အနေဖြင့် လယ်ယာ စိုက်ပျိုးသည့် ဧရိယာများ နည်းပါးမှုမရှိစေရေးနှင့် ယခုနှစ်အတွင်း ကောက်ပဲသီးနှံရိတ်သိမ်းမှုများ လျော့နည်းမှု မရှိစေရေး သေချာစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အကယ်၍ ၎င်းကတိကဝတ်အား အကောင်အထည်ဖော်ရန် ပျက်ကွက်ခဲ့ပါက ရာထူးမှ ထုတ်ပယ်ခြင်းအပါအဝင် ပြစ်ဒဏ်ပေးမှု များပြုလုပ်မည်ဖြစ်ကြောင်း တရုတ်ဒုတိယဝန်ကြီးချုပ် Mr.Hu Chunhuaက ဇူလိုင်လ (၂၇)ရက် နေ့တွင် ဘေကျင်းမြို့၌ကျင်းပခဲ့သည့် စားနပ်ရိက္ခာလုံခြုံရေးအစည်းအဝေး၌ သတိပေးပြောကြား ခဲ့ပါသည်။

             ဇူလိုင်လ (၂၂) ရက်နေ့က တရုတ်သမ္မတ၏ နိုင်ငံအရှေ့မြောက်ပိုင်းရှိ ကျိလင်ပြည်နယ် သို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း၌လည်း ကောက်ပဲသီးနှံထုတ်လုပ်မှုကို ဉီးစားပေးတာဝန် တစ်ရပ်အဖြစ် ဆောင်ရွက်သွားရန် ပြည်နယ်အစိုးရကို လမ်းညွှန်ခဲ့ပါသည်။

             ဤကဲ့သို့ တရုတ်နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်များက စားနပ်ရိက္ခာထောက်ပံ့မှုများ အပေါ် အလေးအနက် မှာကြားနေမှုများကြောင့် ယခုနှစ်တွင် တရုတ်နိုင်ငံက စားနပ်ရိက္ခာလိုအပ် ချက်နှင့် ဆိုးဆိုးရွားရွားရင်ဆိုင်နေရသည်လားဟူသည့် မေးခွန်းများထွက်ပေါ်လာပါသည်။

             ဇူလိုင်လအစောပိုင်းက တရုတ်အစိုးရ၏ အဖွဲ့အစည်းတစ်ခုဖြစ်သည့် China National Grain and Oils Information Center က ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ပြောင်း ရောင်းလိုအား ကွာဟချက်မှာ မက်ထရစ်တန်ချိန် (၂၅)သန်း ရှိနိုင်မည်ဟုခန့်မှန်းခဲ့ပြီး၊ ၂၀၁၉ ခုနှစ် က ရောင်းလိုအားကွာဟချက် မက်ထရစ်တန်ချိန် (၁၂) သန်းမှ နှစ်ဆကျော် ကွာဟလာခြင်းဖြစ် ပါသည်။

             သြဂုတ်လ (၅) ရက်နေ့တွင် ၎င်းစင်တာမှ ထပ်မံခန့်မှန်းချက်အရ ၂၀၂၀ ခုနှစ်၊ ဇွန်လမှ ၂၀၂၁ ခုနှစ်၊ မေလအထိ ဂျုံမက်ထရစ်တန်ချိန် (၆) သန်းခန့်ကို ပြည်ပမှ တင်သွင်းရဖွယ်ရှိကြောင်း သိရပြီး၊ လွန်ခဲ့သည့် (၇) နှစ်အတွင်း အများဆုံးပမာဏဖြစ်ပါသည်။ ဂျုံများကို ပြင်သစ်၊ ရုရှ၊ လစ်သူနီးယားနှင့် ကာဇက်စတန်တို့မှ တင်သွင်းဖွယ်ရှိကြောင်း စင်တာက မှတ်ချက်ပြုထားပါသည်။

             ယခုနှစ် ဇန်နဝါရီလနှောင်းပိုင်း၌ တရုတ်အာဏာပိုင်များက COVID-19 ကပ်ရောဂါ ပျံ့နှံ့ဖြစ်ပွားမှုများကြောင့် ပြည်သူများကို အိမ်၌နေကြရန် ညွှန်ကြားခဲ့ရာ၊ ၎င်းပြည်သူများအနက် လယ်သမားများပါ ပါဝင်ခဲ့ပါသည်။ မတ်လအတွင်း တင်းကြပ်မှုများကို ပြန်လည်ဖြေလျှော့ပေး ခဲ့ပြီး လယ်သမားအများစုတို့ကို လုပ်ငန်းခွင်သို့ တဖန်ပြန်လည်ဝင်ရောက်ခွင့်ပြုခဲ့ပါသည်။

             သို့ရာတွင် ထိုသို့လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ပြီး မကြာမီမှာပင် တရုတ်နိုင်ငံ တစ်ဝှမ်း၌ ဇွန်လအစောပိုင်းမှစ၍  နိုင်ငံ၏ တောင်ပိုင်း၊ အလယ်ပိုင်းနှင့် အရှေ့ပိုင်းတို့၌ မိုးသည်း ထန်စွာ ရွာသွန်းခဲ့ကာ၊ အနောက်မြောက်ပိုင်းနှင့် အရှေ့မြောက်ဒေသများတွင်မူ မိုးခေါင်မှုများဖြစ် ခဲ့သည့်အတွက် ကောက်ပဲသီးနှံများ ပျက်စီးခဲ့ရပါသည်။

             စိုက်ခင်းများအပေါ် ကျိုင်းကောင်နှင့် ငမြှောင်တောင်ပိုးကျရောက်မှုများကြောင့် ပျက်စီး မှုများလည်း ရှိခဲ့သောကြောင့် ယခုနှစ်အတွင်း ရိတ်သိမ်းမှုများ လျော့ကျနိုင်ဖွယ်ရှိကြောင်း လယ်သမားများက The Epoch Times သို့ ပြောကြားခဲ့ကြပါသည်။

ရေလွှမ်းမိုးမှုများ

             တရုတ်လယ်သမားများသည် ဆန်စပါးကို  ဟူနန်၊ ဟူပေ၊ ကျန်းရှီး၊ အန်းဝေ၊ ကျန်းစု၊ ကျဲ့ကျန်း၊ ချုံချင်း၊ စီချွမ်း၊ ကွေ့ကျိုး၊ ကွမ်တုန်း၊ ကွမ်ရှီး၊ ယူနန်နှင့် ဖူကျန်းတို့အပါအဝင် ပြည်နယ် (၁၃) ခုတို့၌ စိုက်ပျိုးကြပါသည်။ ၎င်းပြည်နယ်များအားလုံးတို့မှာ ဇွန်လနှင့် ဇူလိုင်လများအတွင်း ရေလွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့သောကြောင့် ဆိုးကျိုးသက်ရောက်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရ ပါသည်။

             တရုတ်နိုင်ငံ၌ ဆန်စပါးကို တစ်နှစ်လျှင် သုံးကြိမ်စိုက်ပျိုးကြပါသည်။ အစောပိုင်း စိုက်ပျိုးမှုအား မတ်လနှောင်းပိုင်းတွင် ပြုလုပ်ပြီး၊ ဇွန်လနှောင်းပိုင်းတွင် ရိတ်သိမ်းကြပါသည်။  ၎င်းနောက် ကြားရာသီစပါးအား မေလဆန်းတွင် စိုက်ပျိုးကာ စက်တင်ဘာလနှောင်းပိုင်း၌ ရိတ်သိမ်းကြပါသည်။ နှောင်းပိုင်းစပါးအား ဇွန်လနှောင်းပိုင်းတွင် စိုက်ပျိုးကာ အောက်တိုဘာလ လယ်တွင် ရိတ်သိမ်းကြပါသည်။  ဇွန်နှင့် ဇူလိုင်လများအတွင်း ရေလွှမ်းမိုးမှုများက သုံးရာသီစလုံး ၏ စပါးစိုက်ပျိုးမှုအပေါ် ထိခိုက်မှုများဖြစ်ပေါ်စေခဲ့ခြင်းဖြစ်ပါသည်။

မိုးခေါင်မှုများ

             တရုတ်နိုင်ငံတွင် ဂျုံကို နိုင်ငံ၏ အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသများ၌ အဓိက စိုက်ပျိုးကာ မေလနှောင်းပိုင်းမှ ဇွန်လဆန်းပိုင်းတွင် တစ်နှစ်လျှင်တစ်ကြိမ်သာ ရိတ်သိမ်းပါသည်။

             အကြမ်းအားဖြင့် ဟာနန်ပြည်နယ်ရှိ ဂျုံစိုက်ပျိုးမှုများမှာ တရုတ်နိုင်ငံရှိ စုစုပေါင်း စိုက်ပျိုးရေးထွက်ကုန်ထုတ်လုပ်မှု၏ လေးပုံတစ်ပုံခန့်ရှိပါသည်။ သို့ရာတွင် ဟာနန်၊ အတွင်း မွန်ဂိုလီးယား၊ ဂန်းဆု၊ ရှင်းကျန်း၊ ကျိလင်နှင့် အခြားမြောက်ဘက်ပိုင်းပြည်နယ်များ၌ မိုးခေါင်မှု ဖြစ်ပေါ်ခဲ့သောကြောင့် ကောက်ပဲသီးနှံစိုက်ခင်းများကို ပျက်စီးစေခဲ့ပါသည်။

             ပုဂ္ဂလိကပိုင် တရုတ်ကောက်ပဲသီးနှံနှင့် ဆီ လက်လီဖြန့်ဖြူးရေးနေရာဖြစ်သည့် CCTIN က ဟာနန်၊ အန်းဝေနှင့် ကျင်းစုပြည်နယ်များရှိ ဂျုံစိုက်ပျိုးရာဒေသများဆီသို့ သွားရောက်ခဲ့ပြီး နောက် အစီရင်ခံတင်ပြမှုအရ ၂၀၂၀ ခုနှစ်၏ ဂျုံအရည်အသွေးမှာ ၂၀၁၉ ခုနှစ်ကထက် ပိုမို ဆိုးရွားကြောင်း၊ ထုတ်လုပ်မှုမှာ ယခင်နှစ်ကထက် (၁၅) ရာခိုင်နှုန်းမှ (၃၀) ရာခိုင်နှုန်းအကြား လျော့နည်းနိုင်ကြောင်း သိရပါသည်။

             အတွင်းမွန်ဂိုလီးယား၊ ဂန်းဆုနှင့် ရှင်းကျန်းဒေသများ၌ အခြေအနေ ပိုမိုဆိုးရွားလျက် ရှိပါသည်။

             ယခုနှစ်အတွင်း အတွင်းမွန်ဂိုလီးယား၏ (၅၀.၇) ရာခိုင်နှုန်းသော နယ်မြေများမှာ ဆိုးရွားသည့် မိုးခေါင်မှုဒဏ်ကို ခံစားနေရကြောင်း၊ ၎င်းဒေသတွင် ဂျုံအဓိက စိုက်ပျိုးပြီး၊ ပဲပိစပ် နှင့် ပြောင်းတို့ကိုလည်း အများအပြား စိုက်ပျိုးကြောင်း၊ ကောက်ပဲသီးနှံများနှင့် မြက်ရိုင်းများကို စိုက်ပျိုးနိုင်ခြင်း မရှိသဖြင့် ပြည်တွင်းတိရိစ္ဆာန်မွေးမြူးရေးအပေါ် ဆိုးကျိုးသက်ရောက်လျက်ရှိ ကြောင်း နိုင်ငံပိုင်သတင်းဌာနတစ်ခုဖြစ်သည့် ဆင်ဟွာက ဇွန်လ (၁၆) ရက်နေ့တွင် သတင်း ထုတ်ပြန်ခဲ့ပါသည်။

             ဂန်းဆုပြည်နယ်တွင်မူ မိုးခေါင်မှုဖြစ်ပေါ်နေပြီး ယခုနှစ်တွင် အဆိုးရွားဆုံးဖြစ်ကြောင်း ၎င်းဒေသတွင် နေထိုင်သည့် လယ်သမားတစ်ဉီးက နိုင်ငံပိုင်သတင်းစာသို့ ဇွန်လ (၃) ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

             ဇူလိုင်လ (၂၇) ရက်နေ့က စင်ကျန်းပြည်နယ်မှ အမျိုးသမီးတစ်ဉီးက လူမှုကွန်ယက်ပေါ် တွင် ဗွီဒီယိုဖိုင် တစ်ဖိုင်တင်ခဲ့ပြီး နေရာအနှံ့အပြား၌ ခြောက်သွေ့နေသည့် ဂျုံစိုက်ခင်းများကို ပြသခဲ့ပါသည်။

             ထိုအချိန်အတွင်း ဇွန်လ၌ ကျိလင်နှင့် ဟေလုံကျန်းပြည်နယ်များတစ်ဝိုက် ကျိုင်းကောင် များ ကျရောက်ခဲ့ပြီး၊ ဇွန်လနှောင်းပိုင်း၌ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ယူနန်ဒေသသို့ လာအိုနိုင်ငံမှ ကျိုင်းကောင်များ စတင်ဝင်ရောက်လာကာ အခြားဒေသများသို့ ကူးစက်ပျံ့နှံ့လာ လျက်ရှိပါသည်။

             တရုတ်စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနက ကြီးမှူး၍ ဇူလိုင်လ ၂၇ ရက် နေ့တွင် ယူနန်ပြည်နယ်၌ ကျိုင်းကောင်များ နှိမ်နင်းရေးလေ့ကျင့်မှုတစ်ရပ် ကျင်းပခဲ့ပါသည်။ သြဂုတ်လကုန်မတိုင်မီ လာအိုနိုင်ငံမှ ကျိုင်းကောင်များ တရုတ်နိုင်ငံသို့ ပိုမိုဝင်ရောက်လာနိုင်မည် ဟုလည်း ခန့်မှန်းထားပါသည်။

             ဇွန်လအတွင်းက တရုတ်နိုင်ငံတောင်ပိုင်းရှိ ကွမ်ရှီးနှင့် ဟူနန်ပြည်နယ်များတွင် ကျိုင်းကောင်အုပ်များ ကျရောက်ခဲ့ကာ ၊ ဇူလိုင်လအတွင်း ရှန်တုန်း၊ အန်းဝေ၊ ကျင်းစု၊ ဟဲနန်နှင့် အခြားပြည်နယ်များရှိ  ပြောင်းစိုက်ခင်းများတွင် ငမြှောင်တောင်ပိုး ကျရောက်မှုကြောင့် စိုက်ခင်း များ ပျက်စီးခဲ့သည်ဟု အစီရင်ခံတင်ပြမှုများကို တွေ့ရပါသည်။

အခြားလက္ခဏာများ

             တရုတ်ဈေးကွက်တွင် မကြာသေးမီက ပြောင်းလဲဖြစ်ပေါ်လာမှုများက စားနပ်ရိက္ခာ လိုအပ်ချက်ရှိနေသည်ကို ညွှန်းဆိုပြသနေပါသည်။

             တရုတ်နိုင်ငံ၏ ထိပ်တန်းစိုက်ပျိုးရေးဆိုင်ရာကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူးနေသည့် နိုင်ငံပိုင် China Agri-Industries Holdings ၏ သြဂုတ်လ (၃) ရက်နေ့တွင် ကြေငြာချက်အရ မကြာသေးမီက ဗဟိုအစိုးရမှ နိုင်ငံတွင်အရန်သိုလှောင်ထားသည့်ဆန် မက်ထရစ်တန်ချိန် (၃.၆) သန်းကို ဈေးကွက်အတွင်း ဖြန့်ဖြူးခဲ့ကြောင်းနှင့် ၎င်းဆန်များမှာ ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ရိတ်သိမ်းထားသည့်ဆန်များဖြစ်ကြောင်း သိရပါသည်။

             တရုတ်နိုင်ငံတွင် စားနပ်ရိက္ခာလုံခြုံရေးအတွက် နိုင်ငံတော်အဆင့် ကောက်ပဲသီးနှံ အရန်ထားရှိသည့် စနစ်တစ်ရပ်ရှိသော်လည်း  အမှန်တကယ်မည်မျှ သိုလှောင်ထားရှိထားသည် ဟူသည်ကို ပြည်သူများက သိရှိလိုလျက်ရှိကြပါသည်။

             ထိုအတောအတွင်း ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ယခုနှစ်၊ သြဂုတ်လပထမပတ်အတွင်း ပြည်တွင်းကောက်ပဲသီးနှံဈေးနှုန်းများ တက်လာကြောင်း Orient Securities and Huatai Securities မှ ထုတ်ပြန်သည့် စာရင်းများအရ သိရပါသည်။

             အထူးသဖြင့် ပဲပိစပ်ဈေးနှုန်းများမှာ ၂၀၁၉ ခုနှစ်၊ သြဂုတ်လအတွင်း မက်ထရစ်တန် တစ်တန်လျှင် ယွမ်ငွေ (၄၈၄.၈၅) သာရှိရာမှ ယခုနှစ် အလားတူကာလတွင် ယွမ်ငွေ (၆၈၂.၁၀) ရှိလာကာ (၃၇.၈၃) ရာခိုင်နှုန်း ခုန်တက်လာခြင်းဖြစ်ပါသည်။

             မကြာသေးမီက တရုတ်နိုင်ငံသည် အမေရိကန်စိုက်ပျိုးရေးကုန်စည်များကို စံချိန်တင် ဝယ်ယူမှုများပြုလုပ်ခဲ့ပါသည်။  ဇူလိုင်လ ၂၉ ရက်နေ့တွင်  အမေရိကန်ပြောင်း မက်ထရစ်တန်ချိန် (၁.၉၃၇) သန်းကို ဝယ်ယူခဲ့ပြီး၊ ၎င်းပြောင်းများကို စက်တင်ဘာလ (၁) ရက်နေ့မှ စတင်မည့် ၂၀၂၀-၂၀၂၁ ဈေးကွက်နှစ်အတွင်း တင်သွင်းသွားမည်ဟု အမေရိကန်စိုက်ပျိုးရေးဌာနမှ ထုတ်ပြန် ချက်အရ သိရပါသည်။  ဇူလိုင်လအတွင်း ဝယ်ယူမှုများကလည်း အလားတူကာလများ၏ စံချိန်ကို ချိုးခဲ့ပါသည်။  ဇူလိုင်လ ၁၄ ရက်နေ့တွင် အမေရိကန်မှ ပြောင်းမက်ထရစ်တန်ချိန် (၁.၇၆၂) သန်း နှင့် ပဲပိစပ်မက်ထရစ်တန်ချိန် (၁၂၉,၀၀၀)ကို တရုတ်က ဝယ်ယူခဲ့ပါသေးသည်။

             ဇူလိုင်လ ၁၀ ရက်နေ့တွင် အမေရိကန်မှ ပြောင်းမက်ထရစ်တန်ချိန် (၁၃၀,၀၀၀)၊ အနီရောင်ဆောင်းဂျုံ (red winter wheat) မက်ထရစ်တန်ချိန် (၁၃၀,၀၀၀)နှင့် အနီရောင်နွေဉီးဂျုံ (red spring wheat) မက်ထရစ်တန်ချိန် (၁၉၀,၀၀၀) ကို တရုတ်က မှာယူခဲ့ပါသည်။

             တရုတ်နိုင်ငံတွင် ကောက်ပဲသီးနှံများကို လူသားများစားသုံးရန်၊ တိရိစ္ဆာန် အစာအဖြစ် အသုံးပြုရန်နှင့် ဝိုင်အရက်နှင့် အခြားကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုရန်ဟူသည့် အခြေခံရည်ရွယ်ချက် (၃) မျိုးဖြင့် အသုံးပြုလေ့ရှိပါသည်။

             ယခုလိုအပ်ချက်မှာ ပြည်သူများစားသုံးရန်အတွက် ဆိုးဆိုးရွားရွားပူပန်ရန် မလိုဘဲ၊ တိရိစ္ဆာန်နှင့် မွေးမြူရေးလုပ်ငန်းများတွင် အသုံးပြုရန်အစာမရှိမည်မှာ အဓိကစိတ်ပူရကြောင်း၊  ထိုသို့ဖြစ်လာပါက ပြည်သူများစားသုံးရန် အသားလုံလောက်စွာထုတ်လုပ်နိုင်မည်မဟုတ်ကြောင်း သုတေသီတစ်ဉီးဖြစ်သည့် မစ္စတာချင်က သုံးသပ်ပြောကြားထားပါသည်။

ရင်းမြစ်၊  cubanreporter.net (၉-၈-၂၀၂၀)၊ www.breitbart.com (၁၁-၈-၂၀၂၀) နှင့် joshwho.net (၉-၈-၂၀၂၀)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့

Loading