ပြည်ပသတင်းများ

နိုင်ငံအတွင်းဖြစ်ပေါ်လျက်ရှိသည့် ရေကြီး / ရေလျှံမှုများ ကြောင့် စားသုံးသူဈေးဆနှုန်းကိန်း (CPI) အပေါ် ယာယီ ထိခိုက်စေမည်ဟု ပြောကြားခဲ့ခြင်း

တရုတ်နိုင်ငံတောင်ပိုင်းဒေသများတွင် မိုးကြီး၍ ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိမှုသည် တရုတ်နိုင်ငံ၏ စားသုံးသူ ဈေးဆနှုန်းကိန်း (CPI) အပေါ် ကာလတိုသက်ရောက်မှုများ ဖြစ်ပေါ်စေမည်ဟု ကျွမ်းကျင်သူများမှ ပြောကြားခဲ့ကြောင်း၊ သို့ရာတွင် ဈေးကွက်အတွင်းရှိ ကုန်စည် ရောင်းလိုအား လုံလောက်မှုရှိသည့်အတွက် စားသုံးသူဈေးဆနှုန်းကိန်း (CPI) သည် ၂၀၂၀ ပြည့်နှစ်၊ နောက်ပိုင်းကာလများအတွင်း၌ သိသာစွာမြင့်တက်စေမည် မဟုတ်ကြောင်း၊ သက်ဆိုင်ရာ ဒေသန္တရအာဏာပိုင်များမှ ထုတ်ပြန်ခဲ့သည့် စာရင်းများအရ တရုတ်နိုင်ငံ၊ အရှေ့ပိုင်းဒေသရှိ ရေကြီးမှုများ အဓိကဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ တစ်ခုအပါအဝင်ဖြစ်သည့် Jiangxi ပြည်နယ် တစ်ခုတည်းတွင်ပင် စီးပွားရေးအရ ပျက်စီးဆုံးရှုံးမှု တရုတ်ယွမ်ငွေ (၆.၄၉) ဘီလီယံ( အမေရိကန် ဒေါ်လာ ၉၂၆.၉ သန်း)ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါပြည်နယ်အတွင်း၌ စားနပ်ရိက္ခာများ လုံလောက် စွာရှိသော်လည်း စားသောက်ကုန်များအား အသည်းအသန်ဝယ်ယူလျက်ရှိသည့်အတွက် ဈေးနှုန်း များ မြင့်တက်လာကြောင်း၊ သက်ဆိုင်ရာဒေသတွင် နေထိုင်သူများအနေဖြင့် မိုးသည်းထန်မှုများ ပိုမိုဖြစ်ပွားပါက အဆင်သင့်ထားရှိနိုင်ရန် အစားအစာများ ဝယ်ယူစုဆောင်းနေကြကြောင်း၊ ဝက်သားဈေးနှုန်းများ မြင့်တက်လျက်ရှိပြီး ထပ်မံ၍မြင့်တက်လာနိုင်ဖွယ်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လအတွင်း ဝက်သားနှင့် ဟင်းသီးဟင်းရွက်ဈေးနှုန်းများ မြင့်တက်လာသည့်အတွက် တရုတ် နိုင်ငံ၏ စားသုံးသူဈေးဆနှုန်းကိန်း (CPI) သည် (၂.၅) ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ အမျိုးသား စာရင်းအင်းဗျူရိုမှ ထုတ်ပြန်ခဲ့သည့် စာရင်းများအရ ဝက်သားဈေးနှုန်းများသည် (၈၁.၆) ရာခိုင်နှုန်း၊ ဟင်းသီးဟင်းရွက် ဈေးနှုန်း (၄.၂) ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့သည့်အတွက် ၂၀၂၀ ပြည့်နှစ်၊ မေလထက် (၀.၁) ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ ရေကြီးမှုများကြောင့် ရောင်းလိုအားကျဆင်း ခဲ့သည့်အတွက် ဈေးနှုန်းများမြင့်တက်လာခြင်းဖြစ်သည်ဟု လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက် ရေးရာဝန်ကြီးဌာနမှ ပြောကြားခဲ့ကြောင်း၊ သို့ရာတွင် ရေကြီးမှုများ ပြင်းထန်စွာဖြစ်ပေါ်ခဲ့သည့် Jiangxi အပါအဝင် ပြည်နယ်အချို့သည် ရောင်းလိုအားများ ပြန်လည်မြင့်တက်လာသည်ကို တွေ့ရှိရသဖြင့် ဈေးနှုန်းများမြင့်တက်မှုသည် ယာယီသာဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ သည် အာဖရိက ဝက်တုပ်ကွေးရောဂါဖြစ်ပွားစဉ်မှစတင်၍ ပြည်တွင်းတွင် ဝက်မွေးမြူရေး လုပ်ငန်းအား အဓိကထားလုပ်ဆောင်ခဲ့သည့်အတွက် ဝက်သားရောင်းလိုအား လုံလောက်မှုရှိ ကြောင်း၊ ရောင်းလိုအားမြင့်တက်လျက်ရှိသည့်အတွက် ရေကြီးမှုများကြောင့် ဖြစ်ပေါ်လျက်ရှိ သည့် အကြီးမားဆုံးဖိအားမှာ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဖြစ်ကြောင်း၊ သို့ရာတွင် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများ လျှော့ကျမည်ဆိုပါက သယ်ယူ ပို့ဆောင်ရာတွင် ဖြစ်ပေါ်သည့်အခက်အခဲမှာ အခိုက်အတန့်သာ ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ၂၀၁၆ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် စီးပွားရေး ဆုံးရှုံးနစ်နာမှု တရုတ်ယွမ်ငွေ (၆၇) ဘီလီယံကျော် ဖြစ်ပွားခဲ့ကြောင်း၊ သို့ရာတွင် ယခုနှစ် ဖြစ်ပွား သည့် ရေကြီးရေလျှံမှုများသည် ပိုမိုကောင်းမွန်သည့် စီမံဆောင်ရွက်မှုများဖြင့် ကြိုတင်ကာကွယ် တားဆီးထားသည့်အတွက် ၂၀၁၆ ခုနှစ်ကထက် ဆုံးရှုံးမှုလျှော့ကျမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ ၏ စားသုံးသူဈေးဆနှုန်းကိန်း (CPI) သည် ၂၀၂၀ ပြည့်နှစ်၊ တတိယလေးလပတ် ကာလအတွင်း၌ မြင့်တက်လာနိုင်ဖွယ်ရှိသော်လည်း ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လကုန်တွင် မိုးရွာသွန်းမှုရပ်တန့်သွားပါက စားသုံးသူဈေးဆနှုန်းကိန်း (CPI) ပြန်လည် ကျဆင်းနိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

                                                                                             နန်နင်းမြို့

Loading