ပြည်ပသတင်းများ

COVID ရောဂါကူးစက်မှုအသစ်များကို ထိန်းချုပ်နိုင်ရန် လျင်မြန်စွာ ဆောင်ရွက်လာသည့် တရုတ်နိုင်ငံ

တရုတ်နိုင်ငံ၊ ဘေကျင်းမြို့တွင် ဇွန်လ (၁၄) ရက်နေ့က COVID ရောဂါကူးစက်ထားသူ လူနာအသစ် (၃၆) ဉီးရှိကြောင်း၊ လွန်ခဲ့သည့် (၄) ရက်အတွင်း လူနာအသစ် (၅၀) ကျော် တွေ့ရှိ ထားကြောင်း အတည်ပြုခဲ့ပြီးနောက် အဓိကဖြစ်ပွားသည့် နေရာများကို ခြုံငုံမိစေရန်နှင့် ရောဂါ ထိန်းချုပ်နိုင်ရန် စစ်ဆေးမှုများအား လျင်မြန်စွာပြုလုပ်ခြင်းနှင့် တရုတ်နိုင်ငံတွင် နေထိုင်ကြသူ များအား တပ်လှန့်နှိုးဆော်ခြင်းများကို ဆက်တိုက်ပြုလုပ်လာလျက်ရှိပါသည်။

ပထမဆုံး ပြည်တွင်း၌ ကူးစက်ခံထားရသူ အသက် (၅၂) နှစ်အရွယ်ရှိ လူနာအား ဇွန်လ (၁၁) ရက်နေ့တွင် တွေ့ရှိခဲ့ပြီး၊ ၎င်းမှာ လွန်ခဲ့သည့်နှစ်ပတ်အတွင်း ဘေကျင်း၏ ပြင်ပသို့ သွားရောက်ထားခြင်း မရှိဘဲ ဇွန်လ (၃) ရက်နေ့က Fengtai ရှိ Xinfadi အမည်ရ စိုက်ပျိုးရေး ထွက်ကုန်များ၊ အသားနှင့် ပင်လယ်စာများ ရောင်းချသည့် လက်ကားဈေးသို့ သွားရောက်ထား ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါသည်။ ၎င်းနောက် ဇွန်လ (၁၂) ရက်နေ့တွင် ၎င်းဈေးမှ လုပ်သား များနှင့် ၎င်းဈေးသို့ မကြာသေးမီက သွားရောက်ထားသူ (၆) ဉီးခန့်တွင် ကိုဗစ်ရောဂါဖြစ်ပွား နေကြောင်း အတည်ပြုလာကြပါသည်။  ထို့ပြင် လျိုနင်းပြည်နယ်တွင် ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံရသူ (၂) ဉီးနှင့် ကွမ်တုန်း၊ ချုံချင်းနှင့် ရှန်ဟိုင်းတို့တွင်  ပြည်ပမှ ရောဂါကြောင့် ဖြစ်ပွား သူ (၁၉) ဉီး ရှိခဲ့သည်ကို တွေ့ရပါသည်။ ရောဂါဖြစ်ပွားသူများအနက် တစ်ဉီးသာရောဂါပြင်းထန် ပြီး ကျန်လူနာများ၏အခြေအနေမှာ ရောဂါပြင်းထန်မှု အသင့်အတင့်သာရှိကြောင်း သိရပါသည်။

ကူးစက်သူများ၏ အများဆုံးဉီးရေမှာ Xinfadi လက်ကားဈေးနှင့် ဆက်စပ်နေကြပြီး၊ ကျန်ကူးစက်ခံထားရသူများမှာ ၎င်းဈေးနှင့် တနည်းနည်း ဆက်စပ်နေသည်ကို တွေ့ရသဖြင့် တချို့နေရာများကို ပိတ်ထားခြင်းနှင့်  ၎င်းနေရာရှိ လူများအား အလုံးအရင်းဖြင့် စစ်ဆေးခြင်း များကို ဆောင်ရွက်လျက်ရှိပါသည်။ အဓိကဖြစ်ပွားသည့် နေရာနှင့် အနီးတဝိုက်အား ရောဂါဗေဒ ဆိုင်ရာ စစ်တမ်းကောက်ယူလျက် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိပါသည်။

ထို့ပြင် တရုတ်နိုင်ငံတစ်ဝှမ်းလုံးရှိ စိုက်ပျိုးရေးထွက်ကုန်များ ရောင်းချရာဈေးများ၊ အစားအသောက်ပြင်ဆင်ချက်ပြုတ်သည့်နေရာများနှင့် ဆက်စပ်နေသည့် ထောက်ပို့သယ်ယူ ပို့ဆောင်မှုအားလုံးတို့တွင် သန့်ရှင်းရေးနှင့် ပိုးသတ်မှုများကို သေချာစွာပြုလုပ်ကြရန် နိုင်ငံတော် ကောင်စီက တိုက်တွန်းထားပါသည်။

လက်ရှိအချိန်တွင် ဘေကျင်းမြို့ရှိ လူနေရပ်ကွက် (၁၁) ခုအား ပြင်ပမှ ဧည့်သည်များ လာရောက်လည်ပတ်မှုကို  ကန့်သတ်ထားပြီး၊ ရောဂါဖြစ်ပွားရာဈေးအနီးရှိ အချို့သောမူလတန်း ကျောင်းများနှင့် မူကြိုကျောင်းများကို ယာယီပိတ်ထားပါသည်။  ထို့ပြင် ပြည်နယ်တစ်ခုမှ တစ်ခု သို့ သွားရောက်လည်ပတ်သော အုပ်စုလိုက် ခရီးစဉ်များနှင့် အားကစားပွဲများအားလုံးကို ယာယီ ရပ်ဆိုင်းထားပါသည်။ Lama ဘုရားကျောင်းကဲ့သို့ လူအများ လာရောက်လည်ပတ်လေ့ရှိသည့် နေရာအချို့အားလည်း ယာယီပြန်လည်ပိတ်ထားပါသည်။

တီရန်ကျင်းနှင့် ဟောဘေပြည်နယ်များ၌ လတ်ဆတ်အစားအစာများ၊ အသားနှင့် ပင်လယ်စာများအပေါ် ပိုမိုတင်းကြပ်စွာစစ်ဆေးရန်နှင့် ဘေကျင်းရှိ ရောဂါကူးစက်နေသော နေရာများသို့ သွားရောက်ဖူးသူများအား စစ်ဆေးရန် သတိပေးစာ ထုတ်ပြန်ထားပါသည်။  အချို့ ပြည်နယ်များကမူ ဘေကျင်းမှ ပြန်လာသူအားလုံးအား (၁၄) ရက် သီးခြားနေစေ၍ ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ရန် ဆောင်ရွက်နေပါသည်။ ကျင်းစုပြည်နယ်ကမူ ကပ်ရောဂါအသစ် ပြန်လည်ဖြစ်ပွားလာမှုကြောင့် မလိုအပ်ဘဲ ခရီးမသွားကြရန် တိုက်တွန်းလျက်ရှိပါသည်။

တရုတ်နိုင်ငံတစ်ဝှမ်းလုံး၌ ဇွန်လ (၁၄) ရက်နေ့တွင် ကိုဗစ်ရောဂါဖြစ်ပွားသူ လူနာ ပေါင်း (၁၂၉) ဉီးအား  ကုသပေးလျက်ရှိပြီး စုစုပေါင်းလူနာ (၈၃,၁၃၂) ဉီးရှိကာ၊ သေဆုံးသူ (၄,၆၃၄) ဉီး ရှိဖြစ်ကာ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် COVID-19 ရောဂါဖြစ်ပွားသူဉီးရေ (၈) သန်း ရှိသွားပြီဖြစ်ပါသည်။

ရင်းမြစ်၊ CHINA DAILY (၁၅-၆-၂၀၂၀)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့

Loading