ပြည်ပသတင်းများ

ဂျာမနီနိုင်ငံ၏ စွမ်းအင်ကဏ္ဍလိုအပ်ချက်အခြေအနေ

ဂျာမနီနိုင်ငံသည် လေထုညစ်ညမ်းမှုလုံးဝမရှိသည့် အဆင့်ကို ၂၀၅၀ ခုနှစ်တွင် ရောက်ရှိရန်ရည်မှန်းထားသည်နှင့်အညီ ဆိုလာပါဝါနှင့်လေစွမ်းအင်လိုအပ်ချက် မည်မျှရှိနိုင်သည်ကို လေ့ လာဖော်ထုတ်ရန်ရှိလာပါသည်။ မူလက ၂၀၃၀ ခုနှစ်တွင် CO2 ထုတ်လွှင့်မှုကို ၁၉၉၀ ခုနှစ် ဆောင်ရွက်နိုင်မှုအဆင့်နှင့် နှိုင်းယှဉ်လျှင် (၅၅) ရာခိုင်နှုန်းလျှော့ချနိုင်ရန် ဦးတည်ဆောင်ရွက်ထား ခဲ့ရာမှ ယခုအခါ (၆၅) ရာခိုင်နှုန်းအထိလျှော့ချနိုင်ရေး ဦးတည်ထားရှိ ဆောင်ရွက်နေပါသည်။ သို့ဖြစ်၍ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များမှ လျှပ်စစ်ဓါတ်အားထုတ်လုပ်နိုင်ရေးသည် မူလလျာ ထားသည်ထက် ပိုမိုလိုအပ်လာပါသည်။ ဖက်ဒရယ် စီးပွားရေးနှင့်စွမ်းအင်ဝန်ကြီးဌာနကမူ လျှပ်စစ် စွမ်းအင် သုံးစွဲမှုနှုန်းသည် လာမည့် (၉) နှစ်တာ ကာလအတွင်း သိသာစွာပြောင်းလဲသွားနိုင်ခြင်း မရှိဘဲ ၅၈၀ terawatt-hours (TWh- one trillion watts for one hour) ခန့်တွင်ရှိနိုင်ကြောင်း ခန့်မှန်း ပြောကြားပါသည်။ ဖက်ဒရယ်အစိုးရအနေဖြင့် ၂၀၅၀ခုနှစ်တွင် လျှပ်စစ်ဓါတ်အားသုံးစွဲ မှုကို ၂၀၀၈ခုနှစ်နှင့် နှိုင်းယှဉ်လျှင် (၂၅)ရာခိုင်နှုန်းလျှော့ချသွားရန် ချမှတ်ထားရှိပါသည်။

သို့သော် စွမ်းအင်ဆိုင်ရာ စောင့်ကြည့်လေ့လာရေးကျွမ်းကျင်သူများက လျှပ်စစ်စွမ်းအင် သုံးစွဲမှုမှာ ပြောင်းလဲလာနိုင်ဘွယ်ရှိကြောင်း၊ ၂၀၃၀ ခုနှစ်တွင် ခန့်မှန်းခြေအားဖြင့် ၆၅၀ TWh ခန့် ဖြစ်လာနိုင်ကြောင်း ဝေဖန်ထောက်ပြကြသကဲ့သို့ ကိုလုံးတက္ကသိုလ်ရှိ စွမ်းအင်စီးပွားရေးအဖွဲ့ အစည်းမှလည်း ၆၈၅ TWh ခန့်ရှိနိုင်ကြောင်း ခန့်မှန်း ပြောဆိုပါသည်။ အလားတူ Germany Renewable Energy Federation (BEE) က 745 TWh နှင့် Fraunhofer Institute for Solar Energy Systems (ISE) က 780 TWh ရှိလာနိုင်ကြောင်းဖြင့် ခန့်မှန်းတွက်ချက်ထုတ်ပြန်ကြပါ သည်။ ဂျာမနီနိုင်ငံ၏ electric vehicles  များသုံးစွဲမှုနှုန်းမြင့်လာစေမည့် E-mobility အစီအစဉ် များကြောင့်လည်းလျှပ်စစ်စွမ်းအင်ပိုမိုလိုအပ်လာနိုင်ကြောင်း တွက်ဆထားကြပါသည်။ ဖက်ဒရယ် အစိုးရက electric vehicles များ မှတ်ပုံတင်ခြင်းကို ၂၀၃၀ ခုနှစ်တွင် ၇ သန်းမှ ၁၀ သန်း အထိ ရောက်ရှိစေရန် ဦးတည်ချက်ထားရှိပါသည်။ ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင်လည်း တွင်းထွက် လောင်စာစွမ်းအင်သုံးစွဲမှုများမှ ဟိုက်ဒရိုဂျင်ကဲ့သို့  synthetic energy သုံးစွဲမှုများ ဖြစ်လာနိုင်ပြီး green hydrogen စွမ်းအင်ထုတ်လုပ်မှုတွင်လည်း လျှပ်စစ်စွမ်းအင် လိုအပ်မှု ပိုများလာနိုင်ကြောင်း ထောက်ပြပြောဆိုကြပါသည်။

ဂျာမနီနိုင်ငံအနေဖြင့် လက်ရှိအခြေအနေတွင် လျှပ်စစ်ဓါတ်အားကို ပြည်ပသို့တင်ပို့နေမှု ရှိသော်လည်း အနာဂတ်တွင် လိုအပ်ချက်အရ တင်သွင်းမှုများပြုလုပ်လာနိုင်ကြောင်း၊ green hydrogen ထုတ်လုပ်မှုသည်လည်းများစွာမျှော်လင့်ထား၍မရသေး၍ တင်သွင်းမှုရှိလာနိုင်ကြောင်း၊ စွမ်းအင်ပူးပေါင်းထုတ်လုပ်မှုစီမံကိန်းများကို မော်ရိုကို၊ချီလီနှင့် သြစတြေးလျနှင့် အခြားအီးယူနိုင်ငံ များနှင့်ဆောင်ရွက်မှုများရှိထားကြောင်း၊ သဘာဝဓါတ်ငွေ့မှ ထုတ်လုပ်သည့် Blue hydrogen မှာ CO2 ကို သိမ်းဆည်းနိုင်စွမ်းရှိပြီး အကူးအပြောင်းကာလအတွင်း အသုံးပြုသင့်ကြောင်း၊ ဖက်ဒရယ် အစိုးရအနေဖြင့် လာမည့်နှစ်များအတွင်း လျှပ်စစ်ဓါတ်အား လိုအပ်မှုကို ပြန်လည်တွက်ချက် ခန့်မှန်းထားသင့်ကြောင်း သုံးသပ်အကြံပြုချက်များထွက်ပေါ် လာပါသည်။ ဥရောပသမဂ္ဂအနေဖြင့် ရာသီဥတုပြောင်းလဲမှုကာကွယ်ရေးစည်းမျဉ်းအသစ်များကို ၂၀၂၁ ခုနှစ်  ဇူလိုင်လအတွင်း ဆွေးနွေးချမှတ်နိုင်ဘွယ်ရှိပြီး ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးမှ လိုက်ပါ ဆောင်ရွက်နိုင်ရေး အတွက် မိမိတို့ ကိုယ်ပိုင်အစီအစဉ်များ ချမှတ်ကျင့်သုံးဆောင်ရွက် ကြရန်ဖြစ်ပါသည်။

Source:

https://www.dw.com/en/how-much-power-will-germany-need-for-its-energy-revolution/a-58116209

https://www.cleanenergywire.org/news/2020-records-show-e-mobility-has-entered-mainstream-germany-motor-authority

သီတာဝင်းဌေး၊ စီးပွားရေးသံမှူး

ဘာလင်

Loading