ပြည်တွင်းသတင်းများ

ရန်ကုန်ဈေးကွက် ပဲမျိုးစုံ ရောင်းဝယ်ဖောက်ကားမှု အခြေအနေ

ပဲမျိုးစုံဈေးကွက်တွင် မတ်ပဲ (သင်္ဘောတင်)၊ ပဲစင်းငုံ (သင်္ဘောတင်)၊ ပဲတီစိမ်းများမှာ အဓိက ဝယ်လက်ဖြစ်သော အိန္ဒိယနိုင်ငံတွင် ပဲလိုအပ်ချက်များခြင်းနှင့် ပြောင်းလဲလိုက်သော မူဝါဒများကြောင့် အိန္ဒိယနိုင်ငံသို့ ယခုနှစ် အောက်တိုဘာလအထိ ပဲတင်သွင်းခွင့်ပြုထား ကြောင်းသိရသည်။  အိန္ဒိယပဲဈေးနှုန်းများနှင့် ဝယ်လိုအားများ လတ်တလောပြန်လည်ကောင်း မွန်လာကြောင်း သိရသည်။

ပဲစင်းငုံ(သင်္ဘောတင်) ဈေးနှုန်းများမှာ မြန်မာပြည်တွင်း၌လည်း ပဲလက်ကျန် အလွန် နည်းခြင်း၊ ကုန်သည်၊ လှောင်လက်များ လက်ဝယ်တွင်သာ ပဲရှိခြင်း၊ အိန္ဒိယ ဝယ်လက်များမှ ဝယ်ယူမှုရှိလာခြင်း၊ ပြည်ပ ငွေလဲနှုန်းများ မတည်ငြိမ်ခြင်း၊ ပင်လယ်ရေကြောင်းမှ တင်ပို့ရန် အတွက် သင်္ဘောတင်ရက် နီးလာခြင်းတို့ကြောင့် ပဲစင်းငုံ(သင်္ဘောတင်)မှာ တစ်တန်လျှင် ယခင်အပတ် ဈေးနှုန်းမှာ (၁,၀၃၉,၀၀၀) ကျပ် မှ ယခုအပတ်တွင် (၁,၁၀၅,၀၀၀) ကျပ်သို့ ဈေးမြင့် ခဲ့သည်။ယခုရက်သတ္တပတ်အတွင်း ကုန်စည်ဒိုင်ဖွင့်ရက် (၆) ရက် ရှိခဲ့ပြီး ပဲစင်းငုံ (သင်္ဘောတင်) မှာ ကုန်သေတ္တာ (၁၀) လုံးခန့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရသည်။

မတ်ပဲ(သင်္ဘောတင်)မှာ ယခင်ရက်သတ္တပတ်အတွင်း မြန်မာပြည်တွင်း၌ မတ်ပဲ ဈေးနှုန်းများ ကျဆင်းခဲ့ခြင်းကြောင့် ပြည်တွင်း၊ ပြည်ပဝယ်လက်များမှ ဝယ်လိုအားများလာ ခြင်း၊ ပြည်တွင်းလက်ကျန်နည်းခြင်း၊ ကုန်သည်၊ လှောင်လက်များ လက်ဝယ်တွင်သာပဲရှိခြင်း၊ ပြည်ပ ငွေလဲနှုန်းများ မတည်ငြိမ်ခြင်း၊  ပင်လယ်ရေကြောင်းမှ တင်ပို့ရန်အတွက် သင်္ဘောတင်ရက် နီးလာခြင်း၊ အိန္ဒိယနှင့် ပါကစ္စတန် ဝယ်လက်များမှ ဝယ်ယူမှုရှိခြင်းကြောင့် မတ်ပဲ (သင်္ဘောတင်) ဈေးနှုန်းများ မတ်ပဲ(သင်္ဘောတင်) တစ်တန်လျှင် ယခင်အပတ် ဈေးနှုန်းမှာ (၁,၀၄၁,၀၀၀) ကျပ်မှ ယခုအပတ် (၁,၁၀၈,၅၀၀) ကျပ်သို့ ဈေးမြင့်ခဲ့ကြောင်း သိရသည်။ ယခု ရက်သတ္တပတ်အတွင်း ကုန်စည်ဒိုင်ဖွင့်ရက် (၆) ရက်ရှိခဲ့ပြီး မတ်ပဲ(သင်္ဘောတင်)မှာ ကုန်သေတ္တာ (၄၀) လုံးခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

ပဲတီစိမ်းမှာ ပခုက္ကူ၊ ခရမ်း၊ ပဲခူး၊ ဝါးခယ်မဒေသများမှ ဈေးကွက်သို့ ပဲဝင်ရောက်မှု ပုံမှန်ရှိပြီး အိန္ဒိယ ဝယ်လက်အပြင် ဥရောပသမဂ္ဂနှင့် တရုတ်ဝယ်လက်များမှ ပုံမှန် ဝယ်ယူမှုရှိခြင်း၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများသို့လည်း နယ်စပ်ဂိတ်များမှ တင်ပို့ရန် ပုံမှန် ဝယ်ယူမှုရှိခြင်းရှိသော်လည်း ယခင်အပတ်နှင့် ယခုအပတ် ဈေးနှုန်းမှာ (၃)တင်း/ (၆၀ပိဿာ) လျှင် (၁၁၅,၀၅၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။

ကုလားပဲမှာ အိန္ဒိယဝယ်လက်မှ ဝယ်ယူမှုရှိခြင်း၊ ပြည်တွင်းပဲခွဲစက်များမှ ပုံမှန်ဝယ် ယူမှုရှိခြင်း၊ စားသုံးသူများမှ ဝယ်ယူမှုများခြင်းတို့ကြောင့် ယခင်အပတ် ဈေးနှုန်းမှာ ပျမ်းမျှအား ဖြင့် (၁) ပိဿာလျှင် (၁,၅၁၈) ကျပ် ဖြစ်ပြီး  ယခုအပတ် ဈေးနှုန်းမှာ (၁,၅၂၈) ကျပ် ဖြင့် ဈေး မြင့်ခဲ့သည်။

ပဲပုတ်မှာ နယ်စပ်ဂိတ်များသို့ တင်ပို့ရန် ပုံမှန်ဝယ်ယူမှုရှိခြင်းကြောင့်လည်းကောင်း၊ ထောပတ်ပဲမှာ လက်လီသမားများသာ ပုံမှန်ဝယ်ယူမှုရှိခြင်းကြောင့်လည်းကောင်း ဈေးနှုန်း ပြောင်းလဲမှု မရှိဘဲ ယခင်အပတ် ဈေးနှုန်းများဖြင့်သာ ဈေးငြိမ်လျက် အရောင်းအဝယ်ဖြစ်ခဲ့ သည်။ ပဲပုတ်ဈေးနှုန်းမှာ ပျမ်းမျှအားဖြင့် (၃)တင်း/(၆၀) ပိဿာလျှင် (၈၄,၄၅၀) ကျပ်နှင့် ထောပတ် ပဲမှာ ပျမ်းမျှအားဖြင့် (၃)တင်း/(၆၀) ပိဿာလျှင် (၇၀,၅၀၀) ကျပ် ဖြစ်သည်။

ပဲလွမ်းဖြူနှင့် ဘိုကိတ်တို့မှာ ပြည်ပဝယ်လက်အချို့မှဝယ်ယူမှုရှိခြင်းကြောင့် ယခင် အပတ်နည်းတူ အမြင့်ဈေးဖြင့် ဈေးငြိမ်လျက် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။ ပဲလွမ်းဖြူဈေးနှုန်းမှာ ပျမ်းမျှအားဖြင့် (၃)တင်း/ (၆၀)ပိဿာလျှင်  (၁၂၁,၅၀၀) ကျပ် ဖြစ်သည်။ ဘိုကိတ်ပဲ ဈေးနှုန်းများမှာ ပျမ်းမျှအားဖြင့် (၃)တင်း/(၆၀)ပိဿာလျှင်  (၉၀,၀၀၀) ကျပ် ဖြစ်သည်။

Loading