ပြည်ပသတင်းများ

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအတွက် မူပိုင်ခွင့်ယာယီဖြေ လျှော့ပေးရန်ကိစ္စအပေါ် ဥရောပပါလီမန်က ထောက်ခံခဲ့ခြင်း

ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါ အဆုံးသတ်ရေးအတွက် အထောက်အကူပြုစေရန် ကာကွယ်ဆေးအတွက် မူပိုင်ခွင့်ယာယီဖြေလျှော့ပေးခြင်း (patent waiver) ကို အားပေးသည့် Resolution တစ်ရပ်အပေါ် ဥရောပပါလီမန်အမတ်များက ထောက်ခံခဲ့ကြကြောင်း သိရသည်။ ယင်း Resolution ကို ဥရောပပါလီမန်အမတ်များက ထောက်ခံမဲ (၃၅၅) မဲ၊ ကန့်ကွက်မဲ (၂၆၃) မဲနှင့် ကြားနေမဲ (၇၁) မဲတို့ဖြင့် အတည်ပြုခဲ့ကြခြင်းဖြစ်ပါသည်။ ဥရောပပါလီမန်က ထိုသို့ဆုံး ဖြတ်ခဲ့သဖြင့်  ဥရောပကော်မရှင်၏ IP waiver အပေါ် ကန့်ကွက်လိုသည့် မဟာဗျူဟာကို ပြောင်းလဲရန် ဖိအားရှိလာကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးအပါအဝင် ကိုရိုနာဗိုင်းရပ်စ် ဆက်စပ်ထုတ်ကုန်များ အတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကုန်သွယ်ရေးနှင့်ဆက်စပ်ဉာဏပစ္စည်းမူပိုင်ခွင့် အခွင့် အရေးဆိုင်ရာ သဘောတူညီချက် (The WTO Agreement on Trade-Related Aspects of Intellectual Property Rights -TRIPS) အရ ပေးအပ်ထားသည့် ဉာဏပစ္စည်းမူပိုင်ခွင့် အကာအကွယ်ပေးမှုကို ယာယီဖြေလျှော့ ပေးရန် တောင်အာဖရိကနှင့် အိန္ဒိယနိုင်ငံတို့က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၌ အဆိုပြု ခဲ့ကြခြင်းဖြစ်သည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများ က ယင်းကိစ္စရပ်အပေါ် ဆွေးနွေးမှုများ (text-based discussions) ကို စတင်သွားမည်ဟု ၉-၆-၂၀၂၁ နေ့တွင် ကြေညာ ခဲ့ကြောင်းသိရသည်။

ထိုသို့ မူပိုင်ခွင့်ယာယီဖြေလျှော့ပေးခြင်းသည် ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကာကွယ် ဆေးများရရှိမှုတိုးတက်စေနိုင်ပြီး၊ ကမ္ဘာလုံးဆိုင်ရာကာကွယ်ဆေးထုတ်လုပ်မှု အကန့်အသတ် များနှင့် ထောက်ပံ့ရေးကွင်းဆက်လိုအပ်ချက်များကို ဖြေရှင်းပေးနိုင်မည်ဟုသိရသည်။ အလားတူ သဘောဆန္ဒ အလျောက်လိုင်စင်ပြုလုပ်ခြင်း (Voluntary licensing) နှင့် ကာကွယ် ဆေးထုတ် လုပ်မှုနည်းပညာများ လွှဲပြောင်းပေးခြင်းတို့သည် ရေရှည်တွင် ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေး ထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်ဟု ဆိုသည်။

ကာကွယ်ဆေးထုတ်လုပ်မှုဆိုင်ရာအခက်အခဲများကို ဖြေရှင်းရန်အတွက် အီးယူအနေဖြင့် ကာကွယ်ဆေးတင်ပို့မှု အတားအဆီးများ (export barriers) ကိုဖယ်ရှား၍ တင်ပို့မှု ပွင့်လင်း မြင်သာရှိ စေရေးလိုအပ်ချက်များဖြင့် တင်ပို့ခွင့်ပြုသည့်လုပ်ငန်းစဉ် (export authorization mechanism) ကိုသာ အစားထိုးအသုံးပြုရန် ဥရောပပါလီမန်အမတ်များက တောင်းဆိုခဲ့ကြပါ သည်။ အမေရိကန် နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့အနေဖြင့်လည်း ကာကွယ်ဆေးနှင့် ဆေးကုန်ကြမ်းများ တင်ပို့မှုပိတ်ပင်ခြင်းကို ချက်ချင်းပယ်ဖျက်ပေးသင့်ကြောင်း ပါလီမန် အမတ်များက ပြောကြား ခဲ့ကြသည်ဟုသိရသည်။

ကမ္ဘာ့လူဉီးရေ၏ (၇၀) ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနိုင်ရန်အတွက် ကာကွယ်ဆေး အရေအတွက် (၁၁) ဘီလျံခန့်လိုအပ်ပြီး၊ လက်ရှိတွင် ယင်းအရေအတွက်၏ သေးငယ်သော အစိတ် အပိုင်းတစ်ခုအထိသာ ထုတ်လုပ်နိုင်သေးကြောင်း သိရသည်။ လက်ရှိအချိန်ထိ ကာကွယ်ဆေး ထိုးနှံပြီးသည့်အရေအတွက်၏အများစုမှာ ဆေးထုတ်လုပ်သည့် ဖွံ့ဖြိုးပြီးနိုင်ငံများ၌သာဖြစ်ပြီး၊ ဆင်းရဲနွမ်းပါးသည့်နိုင်ငံများသို့ ကာကွယ်ဆေးရောက်ရှိမှုမှာ (၀.၃) ရာခိုင်နှုန်းသာရှိကြောင်း၊ အီးယူအနေဖြင့် အာဖရိက၌ ကာကွယ်ဆေးထုတ်လုပ်မှုကို ပံ့ပိုးပေးရန်လိုကြောင်းနှင့် ဝင်ငွေနိမ့်ပါး သည့် နိုင်ငံများသို့ ကာကွယ်ဆေး ဖြန့်ဖြူးထောက်ပံ့ပေးသည့် COVAX လုပ်ငန်းစဉ်တွင် ထည့်ဝင်မှု ပြုလုပ်သွားရန် ပါလီမန်က တိုက်တွန်းခဲ့ကြောင်း သိရသည်။

ရင်းမြစ် – (Politico ၊ https://www.europarl.europa.eu/ )

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်

Loading