ပြည်ပသတင်းများ

ကာကွယ်ဆေးထိုးနှံပြီးသူ ပြည်ပခရီးသည်များအား ပြန်လည် ဝင်ရောက်ခွင့်ပြုရန် အီးယူအဖွဲ့ဝင်နိုင်ငံများက သဘောတူညီ ခဲ့ခြင်း

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံပြီးသူဖြစ်ပါက အီးယူပြင်ပ နိုင်ငံများမှ ကမ္ဘာလှည့်ခရီးသည်များအား အီးယူနယ်မြေသို့ ဝင်ရောက်ခွင့်ပြုသွားရန် အီးယူအဖွဲ့ဝင်(၂၇) နိုင်ငံက သဘော တူညီခဲ့ကြကြောင်း သိရသည်။ ကာကွယ်ဆေးထိုးပြီးသူ ပြည်ပခရီးသည်များ အီးယူသို့ non-essential travel အဖြစ် ဝင်ရောက်ခွင့်ဆိုင်ရာ ကန့်သတ်ချက်များကို ပြန်လည်ဖြေလျှော့ပေးရန် ဥရောပကော်မရှင်၏ အဆိုပြုချက်ကို အီးယူအဖွဲ့ဝင်နိုင်ငံများက သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

အီးယူသို့ non-essential travel အဖြစ် ဝင်ရောက်ခွင့်ပြုသည့် နိုင်ငံစာရင်းတွင် ရောဂါကူးစက်မှုဆိုင်ရာ အခြေအနေကောင်းများရှိသည့် နိုင်ငံများအား တိုးချဲ့ခွင့်ပြုသွားရေး စံနှုန်း သတ်မှတ်ချက်များ ပြင်ဆင်ရန်ကိုလည်း သဘောတူညီခဲ့ပါသည်။ ထို့ကြောင့် အီးယူကောင်စီက ခွင့်ပြုနိုင်ငံစာရင်းကို ထပ်မံတိုးချဲ့သွားမည်ဖြစ်ပါသည်။ non-essential travel အတွက် ခွင့်ပြု နိုင်ငံစာရင်း သတ်မှတ်ရာတွင် သီတင်းပတ် (၂) ပတ်အတွင်း လူဉီးရေ (၁၀၀၀၀၀) လျှင် ရောဂါကူး စက်သူအရေအတွက် (၂၅) ဉီးရှိသည့် နိုင်ငံများကို ယခင်က ခွင့်ပြုခြင်းဖြစ်ပါသည်။ ဥရောပ ကော်မရှင်က  ၎င်းအရေအတွက်အား (၁၀၀) သတ်မှတ်ရန် အဆိုပြုခဲ့ပြီး၊ အီးယူကောင်စီက (၇၅) ဉီး သို့ လျှော့ချသတ်မှတ်သွားဖွယ်ရှိကြောင်း သိရသည်။

ထိုသို့ခွင့်ပြုရာတွင် ဗိုင်းရပ်စ်မျိုးကွဲအသစ် တွေ့ရှိခဲ့ပါက အရေးပေါ် ထိန်းချုပ်မှုစနစ် (Emergency Brake) ထားရှိရေးကိုလည်း အီးယူအဖွဲ့ဝင်နိုင်ငံများက သဘောတူညီခဲ့ကြပါ သည်။ အီးယူမှ တိုးမြှင့်ခွင့်ပြုမည့် non-essential travel ဝင်ရောက်ခွင့်နိုင်ငံများ စာရင်းတွင် ဗြိတိန်နိုင်ငံ၊ အမေရိကန်နိုင်ငံနှင့် အစ္စရေးနိုင်ငံတို့ ပါဝင်လာနိုင်ဖွယ်ရှိကြောင်း သိရပါသည်။ အီးယူ၏ ယခုကဲ့သို့ ပြည်ပခရီးသည်များ ပြန်လည်ဝင်ရောက်ခွင့်ပြုရန် ဆောင်ရွက်ချက်သည် အီးယူသို့ နိုင်ငံတကာ ခရီးသွားများ (Inbound Travel) ဝင်ရောက်မှု တဖြည်းဖြည်းချင်း ပြန်လည်စတင်နိုင်ရေးကို အထောက်အကူဖြစ်စေနိုင်ကြောင်း ဥရောပကော်မရှင်၏ ပြောခွင့် ရပုဂ္ဂိုလ် Christian Wigand က ပြောကြားခဲ့ပါသည်။ သို့သော် ဥရောပတစ်ဝန်း၌ ကာကွယ် ဆေးထိုးနှံမှုများ တိုးတက်လျက်ရှိ သော်လည်း လက်ရှိအခြေအနေသည် နိုင်ငံတကာ ခရီးသွားလာမှုများ ပြန်လည်လုပ်ဆောင် နိုင်သည့် ဘေးကင်းလုံခြုံမှုမျိုး မရရှိသေးကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ ဥရောပဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Hans Kluge က ပြောကြားခဲ့ကြောင်း သိရသည်။

ရင်းမြစ် (Politico ၊ The Brussels Times)

ကျော်စိန်ဝင်း၊စီးပွားရေးသံမှူး

ဘရပ်ဆဲလ်

Loading