ပြည်ပသတင်းများ

ရှန်စီးပြည်နယ်တွင် ခေတ်မီသတ္တုတူးဖော်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ရှန်စီး (Shanxi)ပြည်နယ်၊ တိုင်ယွမ်ရှိ နိုင်ငံပိုင်စွမ်းအင်လုပ်ငန်း စုကြီးဖြစ်သည့် Jinneng Holding Group ပိုင် ကျောက်မီးသွေးတွင်းများတွင်  ခေတ်မီနည်းပညာများကို အသုံး ပြု၍  တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါသည်။ ၄င်းပြည်နယ်မှာ တရုတ်နိုင်ငံ၏ အဓိကကျောက်မီးသွေးထုတ်လုပ်ရာ ပြည်နယ်ဖြစ်ပြီး ပြည်နယ်စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန် ၄င်းရင်းမြစ်အပေါ် မှီခိုရပါသည်။

ယခင်က မြေအောက်ကျောက်မီးသွေးတွင်းများကို လုပ်သားများဖြင့် တူးဖော်ခဲ့ရာ ရံဖန်ရံခါ အန္တရာယ်ရှိတတ်သည့်လုပ်ငန်းဖြစ်ပါသည်။  ထို့ပြင် ကျောက်မီးသွေး ထုတ်လုပ်မှု အပေါ် အဓိကမှီခိုနေရသည့် ပြည်နယ်ဖြစ်သဖြင့် အလွန်အကျွံထုတ်လုပ်မိခြင်း၊  စီးပွားရေးဖွံ့ဖြိုး ရန် အခြားရင်းမြစ်များအပေါ် မှီခိုနိုင်မှု မရှိခြင်းနှင့် နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုများ မလုံလောက်ခြင်းစသည့် ပြဿနာများနှင့်လည်း ရင်ဆိုင်ခဲ့ရပါသည်။

ယခုအခါ စက်များဖြင့်သာ တူးဖော်ခြင်း၊ အဝေးမှ နည်းပညာဖြင့် ထိန်းကျောင်းခြင်း၊ ဉာဏ်ရည်တုဖြင့် ဆုံးဖြတ်ချက် ချမှတ်ခြင်းနှင့် စက်များဖြင့်လည်ပတ်၍ ပူးပေါင်း ဆောင်ရွက် ခြင်းတို့ကြောင့် ယခင်တူးဖော်ရေးပုံစံနှင့် များစွာခြားနားသွားပြီဖြစ်ပါသည်။

ရှန်စီးပြည်နယ်ရှိ ခေတ်မီကျောက်မီးသွေးတွင်း ဉပမာမှာ (၂၀၁၆)ခုနှစ်မှ (၂၀၂၀) ပြည့်နှစ်အထိ ဆောင်ရွက်ခဲ့သည့် (၁၃)ကြိမ်မြောက် ငါးနှစ်စီမံကိန်းတွင် ကုန်စည် ပံ့ပိုးပေးသည့် ဘက်မှ တည်ဆောက်မှုပုံစံများအား နက်နက်ရှိုင်းရှိုင်း ပြုပြင်ပြောင်းလဲရန်နှင့်  အရည်အသွေး မြင့်ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပေါ်လာစေရန် လုပ်ငန်းများအား အဆင့်မြှင့်တင်ရန် တို့အား တစိုက် မတ်မတ်ပြုလုပ်လာခဲ့ရာမှ ထွက်ပေါ်လာခဲ့သည့် ရလဒ်များအနက် တစ်ခုဖြစ်ပါသည်။

သတ္တုတွင်းကဏ္ဍ၌ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့ရာတွင် အလွန်အကျွံ ထုတ်လုပ်နေမှုများကိုလည်း လျှော့ချရန်နှင့် ကာကွယ်ရန်၊ ကြွေးမြီတင်ရှိနေမှုများအားလျှော့ချ ရန်၊ လုပ်ငန်းကုန်ကျစရိတ်များအား လျှော့ချရန် တရုတ်အစိုးရကဆုံးဖြတ် ဆောင်ရွက်ခဲ့ပါသည်။  

အလွန်အကျွံတူးဖော်ထုတ်လုပ်မှုများအား လျှော့ချရာတွင် ကျောက်မီးသွေးနှင့် သံမဏိ ထုတ်လုပ်မှုများ ပါဝင်ပါသည်။  (၁၃) ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလအတွင်း သံမဏိ ပိုလျှံ ထုတ်လုပ်မှုပမာဏအား နှစ်နှစ်အတွင်း တန်ချိန် သန်း (၁၅၀) လျှော့ချနိုင်ခဲ့ပါသည်။  ကျောက်မီး သွေးတွင်းပေါင်း (၅,၅၀၀) အား ပိတ်သိမ်းခဲ့ပြီး၊  ယခင်နှစ်ကုန်ပိုင်း၌ နှစ်စဉ်ထုတ်လုပ်မှုတန်ချိန် (၁)ဘီလီယံကျော်အား လျှော့ချနိုင်ခဲ့သည်။

ယခုနှစ်အတွင်း ဝယ်လိုအားဘက်မှ စီမံခန့်ခွဲမှုအပေါ် အလေးပေးလျက် ကုန်ပစ္စည်း ပံ့ပိုးသည့်ဘက်မှ တည်ဆောက်ပုံပြုပြင်ပြောင်းလဲမှုများအား အဓိကလုပ်ငန်း တာဝန်အဖြစ် တရုတ်နိုင်ငံက ဆောင်ရွက်သွားမည်ဖြစ်ကာ  ပိုမိုအဆင့်မြင့်သည့် ရောင်းလိုအားနှင့် ဝယ်လို အားမျှခြေအား ဖန်တီးသွားမည်ဖြစ်ပါသည်။ 

ထို့ပြင် သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသည့် စွမ်းအင်အသုံးပြုရန်နှင့် ကာဗွန် ထုတ်လုပ်မှုနည်းပါးသည့် ဖွံ့ဖြိုးတိုးတက်မှုအား တိုးချဲ့သွားရန်ကိုလည်း ဆောင်ရွက်သွားရန် တရုတ်က ဆုံးဖြတ်ထားပါသည်။   တရုတ်နိုင်ငံက ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လွှတ် မှုအား (၂၀၃၀) ပြည့်နှစ်တွင် အမြင့်ဆုံးဖြစ်စေ၍၊ (၂၀၆၀) ပြည့်နှစ်တွင် ကာဗွန်ကြားနေ (carbon neutrality)ဝါဒအား ကျင့်သုံးသွားရန် ကတိကဝတ်ပြုထားပါသည်။

ရှန်းစီးပြည်နယ်မှာ တရုတ်နိုင်ငံ၏ ဘက်စုံစွမ်းအင်ပြုပြင်ပြောင်းလဲမှုများ အတွက် ပထမဆုံး စမ်းသပ်ပြည်နယ်ဖြစ်ခဲ့ပြီး၊ ကျောက်မီးသွေးတွင်း (၁၇၈) တွင်းကျော်အား ပိတ်သိမ်းခဲ့ ခြင်း၊ နှစ်စဉ်ထုတ်လုပ်မှုအား တန်ချိန် (၁.၄၆) ဘီလီယံမှ (၁.၃၅) ဘီလီယံသို့ လျှော့ချခဲ့ခြင်းနှင့် အန္တရာယ်ရှိသော တူးဖော်မှုနေရာများအား စက်များဖြင့် ဆောင်ရွက်စေခြင်းစသည့် သိသာထင် ရှားသော ရလဒ်များပြုလုပ်ထားပြီးဖြစ်ပါသည်။  ထို့ကြောင့် ၄င်းပြည်နယ်အတွင်းရှိ ကာဗွန်ဒိုင် အောက်ဆိုဒ်ထုတ်လွှတ်မှုများမှာ သိသိသာသာ လျော့နည်းကျဆင်းလာကြောင်း  ရာသီဉတု ပြောင်းလဲမှုနှင့် စွမ်းအင်ကဏ္ဍမှ အကြီးတန်း ကျွမ်းကျင်သူ Li Junfeng က မှတ်ချက်ပြု ပြောကြားပါသည်။

ရင်းမြစ်၊ China Daily (၁၁-၅-၂၀၂၁)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

Loading