ပြည်ပသတင်းများ

EYCI သမိုင်းဝင်မြင့်မားမှုကြောင့် အသားထုတ်လုပ်မှုကဏ္ဍ အပေါ် အကြီးအကျယ် ဖိအားသက်ရောက်နိုင်

Eastern Young Cattle Indicator (EYCI) မှာ သမိုင်းတွင် ပထမဦးဆုံးအနေဖြင့် တစ်ကီလိုဂရမ်ကို ၉၀၀ ဆင့်ကို ကျော်လွန်ခဲ့ကြောင်း သိရှိရပါသည်။ EYCI ဆိုသည်မှာ          ဩစတြေးလျနိုင်ငံရှိ ကွင်းစလန်၊ နယူးဆော့ဝေးလ်နှင့် ဗစ်တိုးရီးယားပြည်နယ်တို့အတွင်းရှိ ခြံ (၂၅) ခြံမှ ၇ ရက်အတွင်းရှိ ပျမ်းမျှ ကျွဲ၊ နွားပျိုအကောင်လိုက်ပေါက်ဈေးဖြစ်ပါသည်။ ဤအညွှန်း ကိန်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျွဲ၊နွားစျေးနှုန်း၏ အထွေထွေအခြေခံစံနှုန်းအဖြစ် အသုံးပြုလျက်ရှိပြီး၊ ၄င်းကိုဖော်ပြရာတွင် တစ်ကီလိုဂရမ်ကို ဆင့် (Cent) ဖြင့် ဖော်ပြလေ့ရှိ ပါ သည်။

ပြီးခဲ့သည့်နှစ်အစောပိုင်း နယူးဆော့ဝေးလ်နှင့် ကွင်းစလန်ပြည်နယ်တို့တွင် မိုးခေါင် ရေရှားမှုများကြောင့် EYCI အညွှန်းကိန်းမှာ တစ်ဖြည်းဖြည်း မြင့်တက်ခဲ့ခြင်းဖြစ်ပါသည်။ ၄င်း အလှည့်အပြောင်းကြောင့် ကျွဲ၊ နွားမွေးမြူသူများအတွက်ဝယ်လိုအား အလွန်တရာမြင့်မားခဲ့ပြီး၊ ရောင်းလိုအားကိုများစွာကန့်သတ်မှုများ ဖြစ်ပေါ်စေပါသည်။ ယခု ဖြစ်ပေါ်လျက်ရှိသည့် အညွှန်း ကိန်းအရ ကျွဲ၊ နွားတစ်ကီလိုဂရမ်အလေးချိန်ကို ၉၀၁. ၇၅ ဆင့်ဖြစ်ပြီး၊ လွန်ခဲ့သည့် ၁၂ လ နှင့်နှိုင်းယှဉ်ပါက ၂၀၀ ဆင့် ဈေးတက်ခဲ့ခြင်းဖြစ်ပါသည်။

ကျွဲ၊ နွားဈေးများမြင့်တက်မှုကြောင့် အသားထုတ်လုပ်မှုကဏ္ဍအပေါ် သက်ရောက်မှု များစွာဖြစ်ပေါ်စေပြီး၊ တစ်ကောင်သတ်ဖြတ်မှုတွင် အေဒေါ်လာ ၃၀၀ အထိဆုံးရှုံးနိုင်ခြေရှိရာ ထုတ်လုပ်သူများအတွက် အခက်အခဲများ ဖြစ်ပေါ်နိုင်ကြောင်း ကုန်စည်ဈေးကွက် စောင့်ကြည့် လေ့လာသူတစ်ဦးက သုံးသပ်ထားပါသည်။ နှစ်ပေါင်း (၃၀) အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ကျွဲ၊ နွားအုပ်မှာ အနိမ့်ဆုံးဖြစ်ရာ ယင်းကဲ့သို့ ဈေးနှုန်းထိုးတက်သွားခြင်းဖြစ်ကြောင်း သိရှိရ ပါသည်။

ဩစတြေးလျ အသားထုတ်လုပ်မှုကောင်စီမှ တာဝန်ရှိသူတစ်ဦးက ကျွဲ၊ နွား ပြန်လည် စုဆောင်းသည့်ကာလဖြစ်ရာ ဈေးနှုန်းများ ဆက်လက်မြင့်မားနိုင်ပြီး၊ နောက် (၁၂) လအထိ ဆက်လက်ဖြစ်ပွားနိုင်သည်ဖြစ်ရာ ထုတ်လုပ်သူများအတွက် အကြီးအကျယ်ထိခိုက်နိုင်ကြောင်း ခန့်မှန်းပြောဆိုထားပါသည်။ ဩစတြေးလျနိုင်ငံ၏ ထုတ်လုပ်မှုကဏ္ဍမှာလည်း COVID-19 ကပ်ရောဂါဖြစ်ပွားမှု၊ ပို့ကုန်ဝယ်လိုအားလျော့နည်းမှု၊ ငွေတန်ဖိုးကျဆင်းမှုနှင့် အလုပ်သမားရရှိ ရန်ခက်ခဲမှုတို့ကြောင့် အခြေအနေတင်းမာလျက်ရှိပါသည်။ ယင်းသို့ အကြပ်အတည်းများကြောင့် ဩစတြေးလျ Red Meat နှင့် ဝက်သားထုတ်လုပ်မှုကဏ္ဍတို့အတွက် ခက်ခဲမှုရှိသောနှစ်အဖြစ် မှတ်တမ်းဝင်လျက်ရှိပါသည်။

ရှင်စောသု၊ စီးပွားရေးသံမှူး

ကင်ဘာရာမြို့

Loading