ပြည်ပသတင်းများ

Vaccination Passports အား ဇွန်လတွင် အတည်ပြု နိုင်ရေး fast-track procedure ကို အီးယူအသုံးပြုမည်

ဥရောပ၏ နွေရာသီကာလမတိုင်မီ ဘေးကင်းလုံခြုံစွာ ခရီးသွားလာမှု စတင်နိုင်ရေး အတွက် vaccination passports ခေါ် ခရီးသွားလက်မှတ် (Digital Green Certificate) အား အတည်ပြုရေး လုပ်ငန်းစဉ်မြန်ဆန်ရေး fast-track procedureတစ်ရပ်ကို ဥရောပပါလီမန်က ကြေညာခဲ့ပါသည်။ ဥရောပပါလီမန်အမတ်အများစုက အဆိုပါအရေးပေါ်လုပ်ငန်းစဉ်ကို ထောက်ခံ ခဲ့ကြသဖြင့် vaccination passports အတွက် ဥရောပကော်မရှင်၏ အဆိုပြုချက်ကို ပါလီမန်က ပို၍ မြန်ဆန်စွာ သုံးသပ်နိုင်မည်ဖြစ်သည်။ ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen က ပြောကြားခဲ့သည့်အတိုင်း လာမည့်ဇွန်လတွင် အတည်ပြုနိုင်ဖွယ်ရှိကြောင်း သိရသည်။

ယင်းအသိအမှတ်ပြုလက်မှတ်ကို အသုံးပြုရာတွင် လက်မှတ်ရရှိထားသူနှင့် မရရှိသူတို့ အကြား အီးယူအတွင်း လွတ်လပ်စွာခရီးသွားလာခွင့်နှင့် ပတ်သက်၍ ခွဲခြားဆက်ဆံမှုတစ်ရပ် မဖြစ်သင့်ကြောင်း၊ လက်မှတ်ကိုင်ဆောင်သူ၏ ပုဂ္ဂိုလ်ရေးရာအချက်အလက်နှင့် ဆေးပညာဆိုင်ရာ အချက်အလက်များအား ခိုင်မာစွာ အကာအကွယ်ပေးရန် လိုအပ်ကြောင်း၊ လိုအပ်သည့်ဒေတာ အချက်အလက်များကိုသာ ထည့်သွင်းသင့်ကြောင်း civil liberties committee ၏ ဥက္ကဋ္ဌဖြစ်သူ Juan Fernando Lopez Aguilar က ပြောကြားခဲ့ပါသည်။

ဥရောပကော်မရှင်၏အဆိုပြုချက်အရ ယင်း Certificate ၏စစ်မှန်မှု၊ ယုံကြည်စိတ်ချရမှု၊ တရားဝင်ဖြစ်မှုတို့ကို အာမခံပေးခြင်းနှင့်သက်ဆိုင်သည့် အဓိကသတင်းအချက်အလက်များသာ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ လက်မှတ်ကိုင်ဆောင်သူ၏အမည်၊ မွေးသက္ကရာဇ်၊ လက်မှတ် ထုတ်ပေးသည့် အီးယူအဖွဲ့ဝင်နိုင်ငံ၊ ကိုင်ဆောင်သူသည် COVID-19 ကာကွယ်ဆေး ထိုးပြီး/မပြီး၊ COVID-19 စစ်ဆေးပြီးသည့်ရလာဒ်၊ Covid-19 ကူးစက်ခံရပြီးနောက် ပြန်လည်ကောင်းမွန်လာမှု အခြေအနေစသည့်သတင်းအချက်အလက်များ ပါဝင်မည်ဟုဆိုသည်။

အဆိုပါခရီးသွားလာခွင့်လက်မှတ်ကို အသုံးပြုရေးအတွက် အီးယူအဖွဲ့ဝင်နိုင်ငံအများ အပြား အထူးသဖြင့် ဥရောပတောင်ပိုင်းရှိ ဂရိကဲ့သို့သော ခရီးသွားလုပ်ငန်းအပေါ် အလွန်အမင်း မှီခိုနေရသည့် နိုင်ငံအများစုက တွန်းအားပေးခဲ့ကြကြောင်းသိရသည်။ ဘယ်လ်ဂျီယံနိုင်ငံဝန်ကြီးချုပ် Alexander De Croo နှင့် နိုင်ငံခြားရေးဝန်ကြီး Sophie Wilmès တို့က ကမ္ဘာနှင့်အဝန်း ကာကွယ် ဆေး ထိုးနှံမှုများကို လွှမ်းခြုံဆောင်ရွက်နိုင်ခြင်းမရှိသေးချိန်တွင် ယင်းလက်မှတ်သည် ကာကွယ် ဆေးထိုးနှံပြီးသူများကိုသာ အထူးအခွင့်အရေးပေးခြင်းမျိုး မဖြစ်သင့်ကြောင်း ပြောကြားခဲ့သည်ဟု သိရပါသည်။

၎င်းခရီးသွားလက်မှတ်အား ဘယ်လ်ဂျီယံနိုင်ငံပြည်သူများက အသုံးပြုနိုင်မည့် အခြေအနေ နှင့် အီးယူပြင်ပရှိ တတိယနိုင်ငံများသို့ ခရီးသွားလာမှုအတွက် အလားတူချဉ်းကပ်မှုဖြင့် ရှေ့ဆက် ဆောင်ရွက်နိုင်ဖွယ် ရှိ/မရှိတို့ကို သက်ဆိုင်ရာအာဏာပိုင်များက သုံးသပ်သွားမည်ဖြစ်ကြောင်း ဘယ်လ်ဂျီယံနိုင်ငံဝန်ကြီးချုပ် Alexander De Croo က ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပြောကြား ခဲ့ပါသည်။

ရင်းမြစ် –   (ဘရပ်ဆဲလ်တိုင်းမ်)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading