ပြည်ပသတင်းများ

အီးယူ၏ ပိုးသတ်ဆေး ဓါတ်ကြွင်းလျှော့ချရေး မဟာ ဗျူဟာကြောင့် ခရိုအေးရှားနိုင်ငံ၏ ဝိုင်ထုတ်လုပ်မှုကဏ္ဍ အပေါ် သက်ရောက်မှုရှိနိုင်ခြင်း

အီးယူ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးမဟာဗျူဟာ အသစ်အရ ပိုးသတ်ဆေးအသုံးပြုမှုကို များစွာလျှော့ချမည်ဖြစ်ရာ အီးယူ၏ လယ်သမားအများစု အထူးသဖြင့် ဝိုင်စပျစ်စိုက်ပျိုးသူများအပေါ် သိသာစွာ ရိုတ်ခတ်မှုဖြစ်ပေါ်လာနိုင်ကြောင်း သိရ သည်။ ၂၀၂၀ပြည့်နှစ်၊မေလတွင် ဥရောပကော်မရှင်ကအဆိုပြုခဲ့သည့် “စိုက်ခင်းမှသည်စားပွဲဆီသို့” (Farm to Fork Strategy) အမည်ရှိ မဟာဗျူဟာ၏ အဓိကရည်မှန်းချက်များအနက် တစ်ခုမှာ ၂၀၃၀ ပြည့်နှစ်တွင် ပိုးသတ်ဆေးအသုံးပြုမှုကို ထက်ဝက်လျှော့ချနိုင်ရေးဖြစ်သည်။ အီးယူ၏ အဆိုပါမဟာဗျူဟာအကောင်အထည်ဖော်ခြင်းသည် ပိုးသတ်ဆေးအများအပြားအသုံးပြုမှုအပေါ် မှီတည်နေရသည့် သီးနှံများအတွက် အရေးပါသော သက်ရောက်မှုများရှိနိုင်ပြီး၊ ဝိုင်ထုတ်လုပ်ရန် အတွက် စပျစ်စိုက်ပျိုးမှုလုပ်ငန်းသည် ပိုးသတ်ဆေးများစွာ အသုံးပြုရသဖြင့် အထူးသဖြင့် သက်ရောက်မှုရှိလာနိုင်ခြင်းဖြစ်သည်။

အီးယူနိုင်ငံများတွင် မှိုသတ်ဆေးများအသုံးပြုမှု စုစုပေါင်း၏ (၇၀) ရာခိုင်နှုန်းကျော်ကို စပျစ်စိုက်ခင်းများအတွက် အသုံးပြုခြင်းဖြစ်ကြောင်း ခရိုအေးရှားနိုင်ငံ၊ ဇာဂရက်ရှိ စိုက်ပျိုးရေး ဌာန၊ ဝိုင်နှင့် စပျစ်ဆိုင်ရာလေ့လာမှုဌာန၏ ဌာနမှုး DarkoPreiner က ပြောကြားသည်။ ရိုးရာ နည်းလမ်းအရ ဝိုင်စပျစ်စိုက်ပျိုးထုတ်လုပ်မှုသည် ပိုးသတ်ဆေးအသုံးပြုမှုအပေါ် များစွာမှီခိုနေရ ပြီး၊ အီးယူ၏မဟာဗျူဟာအသစ်အရ ပိုးသတ်ဆေးအသုံးပြုမှုလျှော့ချခြင်းကြောင့် ခရိုအေးရှား နိုင်ငံ၏ ဝိုင်စပျစ်စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍအပေါ် ကြီးမားသော သက်ရောက်မှုရှိလာနိုင်ခြင်းဖြစ် ကြောင်း၊ အထူးသဖြင့် ဒေသမျိုးရင်းစပျစ်မျိုးစိတ်များ၏ အနာဂတ်အပေါ် သက်ရောက်မှုရှိနိုင် ကြောင်း သိရသည်။

ထိုကဲ့သို့သောဒေသစပျစ်မျိုးစိတ်များကို ရေရှည်တည်တံ့သည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနည်းလမ်းများဖြင့် စိုက်ပျိုးထုတ်လုပ်ရန် ဖြစ်နိုင်ဖွယ်ရှိသော်လည်းအီးယူ၏ Farm to Fork Strategy မှ မျှော်မှန်းသည့် ပိုးသတ်ဆေးအသုံပြုမှုလျှော့ချရေးအဆင့်သို့ ရောက်ရှိရန် အတွက် လုံလောက်သည့် ထုတ်လုပ်မှုနည်းလမ်းမရှိသေးသဖြင့် စိုက်ပျိုးထုတ်လုပ်မှု လျှော့ချခြင်း ဆီသို့သာ ဉီးတည်စေနိုင်ခြင်းဖြစ်သည်ဟုဆိုသည်။ ဝိုင်စပျစ်စိုက်ပျိုးထုတ်လုပ်မှု၌ ကာလရှည်ကြာစွာ ပိုးသတ်ဆေးအသုံးပြုမှု အစဉ်အလာရှိခဲ့သည့်အခြေအနေတွင် အီးယူမဟာဗျူဟာနှင့်အညီ သဘာဝ ပတ်ဝန်းကျင်နှင့် စီးပွားရေးနှစ်ရပ်စလုံးကို မထိခိုက်စေရေးအတွက် ပိုးသတ်ဆေး အသုံးပြုမှုကို မည်သည့်အဆင့်ထိ လျှော့ချရမည်ဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်လာနေကြောင်းသိရသည်။ နည်းလမ်းများစွာကို ပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့် ကာလရှည်အတွက် စဉ်ဆက်မပြတ် ထုတ်လုပ် နိုင်သည့် အဖြေကို ရနိုင်ကြောင်း DarkoPreiner က ပြောကြားသည်။

ရိုးရာနည်းအတိုင်းအသုံးပြုနေသည့် ပိုးသတ်ဆေးများကို သဘာဝပတ်ဝန်းကျင် မထိခိုက် စေသည့် ပိုးသတ်ဆေးများနှင့် အစားထိုးအသုံးပြုသည့်နည်းလမ်းရှိသော်လည်း ယင်းမှာ ထိရောက်မှု နည်းကြောင်း၊ ထို့ပြင် ကြေးနီအခြေပြုပစ္စည်းများ ပါဝင်ပါကစိုက်ပျိုးမြေပေါ်၌ သတ္တု များစုပြုံလာနိုင်သည့် ပြဿနာလည်းရှိကြောင်း ၎င်းကဆိုသည်။ ဖြစ်နိုင်ဖွယ်ရှိသော နည်းလမ်း တစ်ရပ်မှာ မျိုးဗီဇပြောင်းလဲပြုပြင်ခြင်းမရှိဘဲ ရိုးရာစိုက်ပျိုးသည့် နည်းလမ်းဖြင့်ပင် ခံနိုင်ရည် အားကောင်းသော စပျစ်မျိုးစိတ်များကို ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ ခရိုအေးရှားနိုင်ငံအနေဖြင့်၂၀၁၉ ခုနှစ်တွင် စပျစ်တန်ချိန် (၈၃၀၀၀) နှင့်ဝိုင် (၅၂၅,၀၀၀) ဟက်တိုလီတာကို ထုတ်လုပ်ခဲ့ကြောင်း၊ သစ်သီးဝလံစိုက်ပျိုးထုတ်လုပ်မှုနှင့်အတူ ဝိုင်စပျစ် ထုတ်လုပ်မှုကဏ္ဍ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင်ပါဝင်မှုသည် (၂-၃) ရာခိုင်နှုန်းခန့်ရှိကြောင်း၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍတစ်ရပ်လုံးအနေဖြင့် ခရိုအေးရှားနိုင်ငံ၏ ဂျီဒီပီတွင် (၃) ရာခိုင်နှုန်းခန့် ပါဝင်ကြောင်း၊ လက်ရှိတွင် ခရိုအေးရှားနိုင်ငံ၌ စပျစ်စိုက်ပျိုးမြေ (၁၈၆၀၀) ဟက်တာခန့် မှတ်ပုံတင်ထားကြောင်းသိရသည်။ အီးယူ၌ စပျစ်စိုက်ပျိုးမြေဟက်တာ (၃.၂) သန်းခန့်ရှိသည့်အနက် စပိန်၊ ပြင်သစ်နှင့် အီတလီတို့သည် (၇၄) ရာခိုင်နှုန်းကို ကိုယ်စားပြုကြောင်း၊ အီးယူရှိ စပျစ် စိုက်ပျိုးမြေဧရိယာသည် ကမ္ဘာ့စပျစ်စိုက်ပျိုးမှုဧရိယာ၏ (၄၅) ရာခိုင်နှုန်းရှိကြောင်းသိရသည်။

ရင်းမြစ် –  (Croatia week)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading