ပြည်ပသတင်းများ

ပဲမျိုးစုံကို ပြည်ပမှတင်သွင်းမှုထက် ပြည်တွင်း၌ စိုက်ပျိုး ထုတ်လုပ်မှုကို ပိုမိုတွန်းအားပေးရန် တောင်သူများက အိန္ဒိယဗဟိုအစိုးရထံ တောင်းဆိုခြင်း

အိန္ဒိယနိုင်ငံ၌ ပြည်တွင်းဈေးကွက် လိုအပ်ချက်ကို ဖြည့်ဆည်း နိုင်ရန်အတွက် ပဲမျိုးစုံကို ပြည်ပမှ တင်သွင်းခြင်းအား ဗဟိုအစိုးရက ကိုတာခွဲတမ်းစနစ်ဖြင့် ခွင့်ပြုပေးလျက်ရှိရာ အထူးသဖြင့် မတ်ပဲအား ပြည်ပမှဝယ်ယူတင်သွင်းမှုထက် ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်ခြင်းကို ပိုမိုတွန်းအားပေး ဆောင်ရွက်ရန် မဟာရဋ္ဌပြည်နယ်ရှိ တောင်သူလယ်သမားများက တောင်းဆိုလိုက်ကြောင်း The Hindu Business Line သတင်းဌာနက ဖော်ပြပါသည်။

အဆိုပါတောင်သူများက အစိုးရ၏ သွင်းကုန်မူဝါဒက လယ်ယာကဏ္ဍလူမှု ပတ်ဝန်းကျင် အပေါ် သက်ရောက်မှုရှိနိုင်မည့်အခြေအနေကို မေးခွန်းထုတ်လျက်ရှိပြီး ပြည်တွင်း၌ စိုက်ပျိုး ထုတ်လုပ်မှုကို မြှင့်တင်ခြင်းက နိုင်ငံ၏ အတ္တမနိဗ္ဗာ (Atmanirbhar) ခေါ် ကိုယ်ပိုင်စွမ်းအားဖြင့် ရပ်တည်နိုင်မှုကို ရရှိလာမည်ဖြစ်ကြောင်းဖြင့် ပြောဆိုလျက်ရှိကြသည်။ ပြည်တွင်းရေး မတည်ငြိမ်မှု များ ဖြစ်ပေါ်လျက်ရှိသော မြန်မာနိုင်ငံထံမှ မတ်ပဲများအား တင်သွင်းမည့်အစီအစဉ်မှာ ပြည်တွင်း ဈေးကွက်အပေါ် ထိခိုက်မှုများရှိနိုင်ကြောင်း အစီရင်ခံဖော်ပြချက်များ ထွက်ပေါ်မှုနှင့်အတူ တောင်သူ များက ထိုသို့ ရှုမြင်လာကြခြင်းဖြစ်သည်။

စိုက်ပျိုးရေးဆိုင်ရာ သုတေသီတစ်ဦးဖြစ်သူ Mr. Deepak Chavan က ပြည်တွင်း၌ ပုံမှန် စိုက်ပျိုးလျက်ရှိပြီး ဈေးနှုန်းမြင့်မားမှုရှိသော စားသောက်ကုန်များမှာ စိုက်ပျိုးထုတ်လုပ်မှုပိုမိုလာ မည်ဖြစ်ကြောင်း၊ အရေးကြီးကုန်စည်များအတွက် အစိုးရအနေဖြင့်ပြည်ပမှ တင်သွင်းနေရမှုအပေါ် မှီခိုအားထားရန်မရှိကြောင်း၊ သို့သော်လက်ရှိကာလ၌ အစိုးရကအထောက်အပံ့ပေးမည့် အခြေခံ ရည်ညွှန်းဈေးနှုန်း (MSP) ထက်ဈေးနှုန်းများ ပိုမိုမြင့်မားနေချိန်တွင် ကုန်သည်လုပ်ငန်း အသိုင်းအဝိုင်း က ပြည်ပမှတင်သွင်းရေးမူကို စွဲမြဲစွာဆုပ်ကိုင်ထားကြကြောင်း၊ သွင်းကုန်မူဝါဒသည် လယ်ယာ လုပ်ငန်းခွင်နှင့် တောင်သူများအပေါ် အန္တရာယ်ရှိနေကြောင်း စသည်ဖြင့်ပြောဆိုပါသည်။

အဆိုပါပြည်နယ်ရှိ Marathwada နှင့် Vidarbha ဒေသများရှိ တောင်သူများသည် ပဲစင်းငုံ အား ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်)လျှင် ရူပီး ၆၀၀၀ နှုန်းဖြင့် ဝယ်ယူပေးမည့် MSP ဈေးနှုန်းထက် ပိုမို၍ ရူပီးငွေ ၈၅၀၀ မှ ၈၇၀၀ အထိဈေးရရှိရန်မျှော်မှန်းထားခဲ့ကြသော်လည်း အစိုးရက ပဲစင်းငုံ တင်သွင်းခွင့်ကို သက်တမ်းတိုးမြှင့်ပေးခဲ့မှုကြောင့် စိတ်အနှောင့်အယှက်များ ဖြစ်ပေါ်ခဲ့ကြသည်။ ဒေသခံတောင်သူတစ်ဦးဖြစ်သူ Mr. P P Pawar က လယ်သမားများအနေဖြင့် ဝါဂွမ်းနှင့် ပဲပုတ် စိုက်ခင်းများ ထိခိုက်ဆုံးရှုံးရမှုအပေါ် ပဲစင်းငုံ ဈေးကောင်းရရှိမှုဖြင့် ကာမိရန် မျှော်လင့်ခဲ့ကြကြောင်း၊ သို့ရာတွင် အစိုးရက ပဲစင်းငုံတင်သွင်းခွင့်ကို ဒီဇင်ဘာလကုန်အထိ သက်တမ်းတိုးမြှင့်ခဲ့သဖြင့် ဈေးကွက်အတွင်း၌ ပဲစင်းငုံကုန်ကြမ်းဈေးနှုန်းမှာ ၁ ကွင်တယ်ပေါ်တွင် ရူပီးငွေ ၂၀၀၀ ကျော် ကျဆင်း ခဲ့ကြောင်း၊ ထိုကဲ့သို့ အစိုးရက လုပ်ဆောင်နေမည်ဆိုလျှင် လယ်သမားများ၏ ဝင်ငွေအား နှစ်ဆ တိုးမြှင့်ရေးမှာ မည်သို့ဖော်နိုင်မည်ဆိုသည်ကို မေးခွန်းထုတ်ဖွယ်ရာရှိကြောင်းစသည်ဖြင့် ပြောဆို ပါသည်။

အိန္ဒိယစိုက်ပျိုးရေးဝန်ကြီး နာရင်ဒရာဆင်းတိုမာ ကမူအစိုးရအနေဖြင့်ပဲမျိုးစုံနှင့်စားသုံး ဆီတို့အား ပြည်ပမှတင်သွင်းနေရမှုအပေါ် လျော့ချနိုင်ရန်အတွက် အမျိုးသားအဆင့်စားနပ်ရိက္ခာ ဖူလုံရေးအစီအစဉ် (National Food Security Mission) အား ချမှတ်လျက်ပြည်တွင်း၌ ထုတ်လုပ် မှုမြှင့်တင်ရေး အစီအမံများစွာကို အကောင်အထည်ဖော်ဆောင်လျက်ရှိကြောင်းနှင့် ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှုကို တွန်းအားပေးမြှင့်တင်ရန်အတွက် RKVY ခေါ် လယ်ယာလုပ်ငန်းအတွက် လုပ်အားခပေးချေမှု အထောက်အပံ့ရန်ပုံငွေကို ပြည်နယ်များသို့ ပေးအပ်လျက်ရှိကြောင်းဖြင့် ၁၆-၃-၂၀၂၁ နေ့တွင် ကျင်းပသည့် လော့ဆာဘလွှတ်တော်အစည်းအဝေး၌ တင်ပြခဲ့ကြောင်း သိရှိ ရသည်။

Source:   Maharashtra farmers want Centre to encourage pulses cultivation than import them, 16-3-2021, The Hindu Business Line

နေအေးလွင်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့

Loading