ပြည်ပသတင်းများ

နိုင်ငံတကာလေကြောင်းခရီးစဉ်များ ပြန်လည်စတင်နိုင်ရန် Covid-19 “travel pass” Application ကို အသုံးပြုသွားမည်

ခရီးသွားများအနေဖြင့် လေကြောင်းဖြင့်ခရီးသွားလာခြင်းမပြုမီ ကိုဗစ်-၁၉ ရောဂါ ကင်းစင်ကြောင်း (သို့မဟုတ်) ကာကွယ်ဆေးထိုးပြီးဖြစ်ကြောင်း မြန်ဆန်စွာ အတည်ပြုပေးနိုင် မည့် ခရီးသွားလက်မှတ် (travel pass app) တစ်ခုကို နိုင်ငံတကာလေကြောင်း ခရီးသွား လုပ်ငန်းမှ မိတ်ဆက်သွား ရန်ရှိကြောင်း သိရသည်။ အဆိုပါ application ကို လာမည့် ၂၀၂၁ ခုနှစ်၊ အစောပိုင်းတွင် ရရှိနိုင်မည်ဖြစ်ပြီး ၎င်းကို အသုံးပြုခြင်းဖြင့်  နိုင်ငံတကာလေကြောင်းခရီး သွားလာမှုများကို ပြန်လည်စတင်နိုင်ရန် အပြည်ပြည်ဆိုင်ရာလေကြောင်းပို့ဆောင်ရေးအသင်း (International Air Transport Association-IATA) က မျှော်လင့်ထားကြောင်း သိရသည်။  အဆိုပါ ခရီးသွားလာခွင့် (application) တွင် ကိုဗစ်-၁၉ ရောဂါကင်းစင်ကြောင်း စစ်ဆေးချက် များ၊ ကာကွယ်ဆေးထိုးပြီးကြောင်း အထောက်အထားများစသည့် ခရီးသွားလာမှုဆိုင်ရာသတင်း အချက်အလက်များကို ပြသပေးနိုင်ပြီး၊ ခရီးသွားလာမည့်သူအနေဖြင့် သတ်မှတ်လိုအပ်ချက်များ နှင့် ကိုက်ညီမှုရှိ/ မရှိကို မြန်မြန်ဆန်ဆန် သိရှိနိုင်မည်ဖြစ်သည်။

အဆိုပါ application အသုံးပြုနိုင်ရေးနှင့် ပတ်သက်သည့် အပြည်ပြည်ဆိုင်ရာ လေကြောင်း ပို့ဆောင်ရေးအသင်း၏ ရည်မှန်းချက်မှာ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ ဓာတ်ခွဲစမ်းသပ်ခန်းများ၊ လေကြောင်းလိုင်းများနှင့် ခရီးသည်များမှ သတင်းအချက်အလက်များ ကို ပံ့ပိုးပေးနိုင်စေရန်နှင့် ပေးပို့လာသည့် အချက်အလက်များကို application သို့ ချိတ်ဆက် သွားနိုင်စေရန်ဖြစ်ကြောင်း၊ ခရီးသည်များ၏ ဗီဇာမှန်ကန်မှုရှိ/ မရှိ စစ်ဆေးနိုင်သည့် software ကို IATA က ရေးဆွဲထားပြီးဖြစ်ရာ ယင်း software ကို အသုံးပြု၍ ခရီးသွားလာခွင့် application ကို ဆောင်ရွက်သွားနိုင်ရန် စီစဉ်လျက်ရှိကြောင်းသိရသည်။

အပြည်ပြည်ဆိုင်ရာလေကြောင်းပို့ဆောင်ရေးအသင်း၏ အဆိုအရ ၎င်း application မှာ အချက်အလက်များကို သိမ်းဆည်းထားခြင်းမရှိဘဲ blockchain နည်းပညာကို အသုံးပြုသွား မည်ဖြစ်ကြောင်း၊ iPhone အသုံးပြုသူများအနေဖြင့် လာမည့်နှစ်၏ ပထမသုံးလပတ်ကာလ အတွင်း application ကို စတင်အသုံးပြုနိုင်မည်ဟု မျှော်လင့်ထားကြောင်းနှင့် Android ဖုန်းများ အတွက် ဒုတိယသုံးလပတ်ကာလအထိ စောင့်ဆိုင်းရဖွယ်ရှိသည်ဟု ဆိုသည်။ IATA အနေဖြင့် လာမည့်ရက်သတ္တပတ်များအတွင်း အဆိုပါ travel pass ကို ၎င်း၏ လေကြောင်းလိုင်းအုပ်စုများ နှင့်အတူ စမ်းသပ်အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ရင်းမြစ် –  (ဘရပ်ဆဲလ်တိုင်းမ်)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading