ပြည်ပသတင်းများ

Brexit bill အား ဗြိတိန်မှ အတည်ပြုပြီးနောက် အီးယူ ဘက်မှ ဥပဒေအရ ဆောင်ရွက်မှုများ စတင်ပြုလုပ်

ဗြိတိန်ခွဲထွက်မှု (Brexit) ဆိုင်ရာ သဘောတူညီချက်အား လိုက်နာခြင်းမရှိသည့် ဗြိတိန်၏ Internal Market Bill နှင့်ပတ်သက်၍ ဥပဒေကြောင်းအရ ဆောင်ရွက်ချက်များ၏ ပထမအဆင့်အဖြစ် ဗြိတိန်နိုင်ငံအား တရားဝင်အသိပေး အကြောင်းကြားခဲ့ကြောင်း ဥရောပ ကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen  က ပြောကြားခဲ့သည်။ Internal Market Bill ကို ပြဋ္ဌာန်းခြင်းသည် ဗြိတိန်နိုင်ငံအနေဖြင့် နိုင်ငံတကာဥပဒေတစ်ရပ်ကို ချိုးဖောက်သကဲ့သို့ ဖြစ်စေနိုင်သည်ဟု ဗြိတိန်နိုင်ငံ၏ ဝန်ကြီးအချို့မှ ဝန်ခံပြောကြားထားသော်လည်း အဆိုပါ Bill ကို ပြီးခဲ့သည့် သီတင်းပတ်အစောပိုင်း တွင်ဗြိတိန်နိုင်ငံက အတည်ပြုခဲ့ပြီးနောက် အီးယူဘက်မှ ယခုကဲ့သို့ တရားဝင်အသိပေးချက် ပေးပို့ ခြင်းဖြစ်သည်ဟု သိရသည်။

ဗြိတိန်နိုင်ငံ၏ အဆိုပြု ဥပဒေပြဌာန်းချက်သည်  House of Lords ၏ အတည်ပြုချက် ရယူရန်လိုအပ်မည်ဖြစ်ပြီး ၎င်း bill ကို အတည်ပြုခဲ့ပါက ဗြိတိန်နိုင်ငံ၏ အီးယူမှ နှုတ်ထွက်မှု သဘောတူညီချက်ပါ အစိတ်အပိုင်းများကို ဗြိတိန်ဘက်မှ တစ်ဖက်သတ်ပြင်ဆင် ဆောင်ရွက် ခွင့်ရရှိမည်ဖြစ်သည်။ post-Brexit အကူးအပြောင်းကာလအတွင်း ကုန်သွယ်ရေးသဘော တူညီချက်အတွက် ဆွေးနွေးမှုများကို ထိခိုက်စေနိုင်သည့် ခြိမ်းခြောက်မှုများနှင့်အတူ ဗြိတိန်နှင့် အီးယူတို့အကြား သဘောထားကွဲလွဲမှုများ ပိုများလာနေကြောင်းသိရသည်။ ဗြိတိန်နိုင်ငံ၏ Internal Market Bill ကို လက်ရှိအတိုင်း အတည်ပြုချမှတ်ခဲ့ပါက အိုင်ယာလန်-မြောက်အိုင်ယာလန် ပရိုတိုကောနှင့် အပြည့်အဝ သွေဖည်လိမ့်မည်ဖြစ်ကြောင်း Ursula von der Leyen က ပြောကြား ခဲ့သည်။

Internal Market Bill ၏ ပြဿနာရှိသော အစိတ်အပိုင်းများကို ဗြိတိန်နိုင်ငံဘက်မှ ဖယ်ရှားပေးရန် စက်တင်ဘာလကုန်အထိ အီးယူဘက်မှ အချိန်ပေးထားခဲ့ပြီး၊ ယခုအခါ သတ်မှတ်ရက်မှာ ကျော်လွန်သွားပြီဖြစ်သော်လည်း ၎င်းပြဋ္ဌာန်းချက်များသည် ဆက်ရှိနေဆဲ ဖြစ်ကြောင်း၊ ထို့ကြောင့် ဥရောပကော်မရှင်သည် ဗြိတိန်နိုင်ငံအစိုးရထံသို့ တရားဝင်အသိပေးစာ ပေးပို့ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး၊ ထိုသို့ တရားဝင်အကြောင်းကြားမှုသည် ဥပဒေအရဆောင်ရွက် သည့်လုပ်ငန်းစဉ်၏ ပထမအဆင့်ဖြစ်ကြောင်း သိရသည်။ ဗြိတိန်အစိုးရအနေဖြင့် အီးယူဘက်မှ အကြောင်းကြားစာအပေါ် ပြန်ကြားရန် အချိန် (၁) လရရှိမည်ဖြစ်ပြီး၊ ဥရောပကော်မရှင် အနေဖြင့် ခွဲထွက်ရေး သဘောတူညီချက်ကို အချိန်မီ အပြည့်အဝအကောင်အထည်ဖော်နိုင်ရေး အတွက် ဆက်လက်ကြိုးပမ်းသွားမည်ဟု Ursula von der Leyen ကပြောကြားသည်။ ဗြိတိနိုင်ငံ ၏ Internal Market Bill သည် ခွဲထွက်ရေး သဘောတူညီချက်အပေါ် ချိုးဖောက်မှုတစ်ရပ် ပါဝင်နေကြောင်းကို အီးယူဘက်မှ ယခင်ကတည်းက ပြောကြားမှုရှိထားပြီး၊ ဗြိတိန်အနေဖြင့် အဆိုပါပြဌာန်းချက် (bill) ကို ပြင်ဆင်ရန် ပျက်ကွက်ခဲ့ပါက အီးယူဘက်အနေဖြင့် ဥပဒေအရ ဆောင်ရွက်နိုင်သော နည်းလမ်းများအားလုံးကို အသုံးပြုသွားမည်ဖြစ်သည်ဟု သတိပေးထား ကြောင်း သိရသည်။

ရင်းမြစ် –  (https://www.cnbc.com)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading