ပြည်ပသတင်းများ

ဗြိတိန်သည် No-deal Brexit ဖြင့် ရှင်သန်နိုင်သည်ဟု ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ပြောကြား

ဗြိတိန်နိုင်ငံနှင့် အီးယူတို့အကြား Brexit အလွန်ကာလ အတွက် ညှိနှိုင်းဆွေးနွေးမှု များသည်  အကူးအပြောင်းကာလ ကုန်ဆုံးချိန်တွင် သဘောတူညီချက်မရရှိခဲ့ပါက ဗြိတိန်အနေ ဖြင့် ယင်းအခြေအနေနှင့်အတူ ရပ်တည်ရှင်သန်နိုင်သည်ဟု ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင် ကပြောကြားခဲ့ကြောင်း သိရသည်။ ဗြိတိန်နိုင်ငံသည် ယခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့က အီးယူ အုပ်စုမှ နှုတ်ထွက်ခဲ့ပြီး၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ အီးယူ၏ စည်းမျဉ်းများကို ဆက်လက် ကျင့်သုံးမည်ဖြစ်သည်။ ဗြိတိန်ခွဲထွက်မှုအလွန်ကာလ အီးယူ-ဗြိတိန် ကုန်သွယ်မှုဆက်ဆံရေး တွင် သတ်မှတ်ရက်အတွင်း သဘောတူညီမှုမရရှိခဲ့ပါက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့စည်းမျဉ်းများ နှင့်အညီ မြင့်မားသော အကောက်ခွန်နှုန်းထားများဖြင့် နှစ်ဘက်ကုန်သွယ်ကြရမည်ဖြစ်ရာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ၏ ရိုက်ခတ်မှုကြောင့် အားနည်းနေသည့် ဗြိတိန်နိုင်ငံ၏ စီးပွားရေး အပေါ် ဆန့်ကျင်ဘက်အကျိုးဆက်များ သက်ရောက်လာနိုင်ခြေရှိနေခြင်းဖြစ်ကြောင်းလည်း သိရသည်။

အီးယူနှင့် ဗြိတိန်တို့မှ စေ့စပ်ညှိနှိုင်းသူများအကြား (၉) ကြိမ်မြောက် ဆွေးနွေးပွဲများ အပြီး နှစ်ဘက်ညှိနှိုင်းမှုများတွင် သဘောတူညီမှုရရန် ခက်ခဲနေဆဲဖြစ်သဖြင့်  ဗြိတိန်ခွဲထွက်မှု အလွန် ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်အတွက် စေ့စပ်ညှိနှိုင်းမှုများကို တိုးမြှင့် လုပ်ဆောင်သွားရန် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နှင့် ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen တို့အကြား သဘောတူညီခဲ့ကြသည်။ ယခုနှစ်အကုန်တွင် အီးယူနှင့် ဗြိတိန်တို့ အကြား သဘောတူညီချက်ရရှိရေးနှင့် စပ်လျဉ်း၍ နှစ်ဘက်စေ့စပ်ညှိနှိုင်းသူများအကြား အချိန် အနည်းငယ်သာကျန်ရှိနေပြီး၊ ဘောရစ်ဂျွန်ဆင်က အပြီးသတ်ညှိနှိုင်းမှုများ ပြုလုပ်ရန် သတ်မှတ် ရက်ကို အောက်တိုဘာလ ၁၅ ရက်နေ့အား သတ်မှတ်ထားကြောင်းနှင့် အီးယူဘက်အနေဖြင့်မှု အောက်တိုဘာလကုန်အထိ သတ်မှတ်ထားကြောင်း သိရသည်။

သဘောတူညီချက်ရရှိရေးအတွက် ကိစ္စရပ်များစွာကို ဖြေရှင်းဆောင်ရွက်ရန် လိုအပ် နေဆဲဖြစ်သော်လည်း ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်အနေဖြင့် နှစ်ဘက်အကြား သဘောတူညီချက်ရရှိနိုင်မည်ဟု ယူဆထားဆဲဖြစ်ကြောင်း၊ ဗြိတိန်နိုင်ငံအနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ထိန်းချုပ်ရန် လိုအပ်မှုကို အီးယူအနေဖြင့် နားလည်ရန် လိုအပ်ကြောင်း၊ ဗြိတိန်၏ ငါးဖမ်းဆီးမှုဇုန်နှင့် ပတ်သက်၍ အချုပ်အခြာအာဏာအပေါ် ခိုင်မာစွာ ဆက်လက်ရပ်တည်မှုကို ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က သတိပေးပြောကြားခဲ့ပြီး၊ ယင်းအချက် သည် နှစ်ဘက်ဆွေးနွေးမှုများအကြား အဓိကအခက်အခဲဖြစ်စေသည့် အချက်လည်းဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ရင်းမြစ် – (ဘရပ်ဆဲလ်တိုင်းမ်)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading