ပြည်ပသတင်းများ

ပို့ကုန်ခွင့်ပြုချက်ရရှိပြီး လုပ်ငန်းဆောင်ရွက်ဆဲ ကြက်သွန်နီ များအား အိန္ဒိယအစိုးရက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆက်လက် တင်ပို့ခွင့်ပြုခဲ့ခြင်း

အိန္ဒိယအစိုးရက ၁၄-၉-၂၀၂၀နေ့တွင် အမိန့်ကြော်ငြာစာထုတ် ပြန်၍ ကြက်သွန်နီ အမျိုးအစားများအားလုံးကို ပြည်ပသို့ တင်ပို့ခြင်းအား တားမြစ်ပိတ်ပင်ခဲ့ရာ အိန္ဒိယနိုင်ငံထံမှ သွင်းကုန်အပေါ် အမှီပြုနေရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကြက်သွန်နီဈေးကွက်တွင် ဈေးနှုန်းများ ချက်ချင်းမြင့်တက်လာခဲ့ပါသည်။ ထို့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သံတမန်လမ်းကြောင်းမှ ဆက်သွယ်ဆောင်ရွက်လာမှုအရ အိန္ဒိယပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (DGFT) သည် တင်ပို့မှုလုပ်ငန်းဆောင်ရွက်ဆဲ ကြက်သွန်နီတန်ချိန် ၂၅,၀၀၀ အား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆက်လက် တင်ပို့ခွင့်ပြုခဲ့ကြောင်း သိရှိရပါသည်။

အိန္ဒိယအစိုးရက တားမြစ်အမိန့်ထုတ်ပြန်ချိန်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ထိစပ်လျက် ရှိသည့်ခရိုင် ၆ ခုရှိ နယ်စပ်စစ်ဆေးရေးဂိတ်များတွင် ကြက်သွန်နီတန်ချိန် ၂၅,၀၀၀ ခန့် တင်ဆောင်လာသည့် ကုန်တင်ယာဉ်ပေါင်း ၁,၀၀၀ ခန့်မှာ ပိတ်မိနေခဲ့ကြောင်း၊ အကောက်ခွန် ဌာန၌ စာရင်းသွင်းပြီး စစ်ဆေးမှုခံယူလျက်ရှိသည့် ကုန်စည်များနှင့် ၎င်းအမိန့်မထုတ်မီက ပို့ကုန် ခွင့်ပြုချက်ရရှိပြီးသော လုပ်ငန်းဆောင်ရွက်ဆဲ ကုန်စည်များအား ဆက်လက်တင်ပို့နိုင်သည်ဟု DGFT က ရှင်းလင်းချက် ထပ်မံထုတ်ပြန်ခဲ့သော်လည်း ကုန်းတွင်းဆိပ်အချို့တွင် ကြက်သွန်နီ ကုန်တင်ယာဉ်များ ကျန်ရှိနေဆဲဖြစ်ကြောင်း၊ နယ်စပ်ဂိတ်များ၌ ရက်သတ္တတစ်ပတ်ခန့်ကြာ စောင့်ဆိုင်းခဲ့ရသဖြင့် ကုန်တင်ယာဉ်များတွင်ပါရှိသော ကြက်သွန်နီများ၏ ၂၅% ခန့်မှာ အရည်အသွေး ထိခိုက်မှုဖြစ်ပေါ်ပြီး ၎င်းတို့အနက် အချို့ကို ကောကတ္တားဒေသရှိ လက္ကားကုန်စည်ဒိုင်များသို့ ပြောင်းလဲပို့ဆောင်ခဲ့ရကြောင်း၊ သို့ဖြစ်ရာ အနောက်ဘင်ဂေါပြည်နယ်ရှိ လက္ကားဈေးကွက်တွင် ကြက်သွန်နီဈေးနှုန်းမှာ ၁ ကီလိုလျှင် ၃ ရူပီးမှ ၅ ရူပီးအထိ ကျဆင်းခဲ့ကြောင်း၊ ဘင်္ဂလား‌ဒေ့ရှ် နယ်စပ်ရှိ အဓိက ကုန်းတွင်းဆိပ် ၃ ခုဖြစ်သော ပီထရာပို၊ ဂိုဂျဒင်္ဂနှင့် မဟာဒိပူတို့၌ ကြက်သွန်နီ တန်ချိန် ၁,၅၀၀ မှ ၂,၀၀၀ ခန့် ကျန်ရှိနေပြီး၊ မဟာရတ္ထပြည်နယ် နာရှစ်ဒေသမှ ရထားဖြင့် တင်ပို့  သည့် ကြက်သွန်နီ တန်ချိန် ၁,၀၀၀ မှ ၁,၅၀၀ ခန့်သည် ရာနာဂတ်ဘူတာရုံ၌ ဆိုက်ကပ် ထားရဆဲဖြစ်ကြောင်းစသည်ဖြင့် အနောက်ဘင်ဂေါပြည်နယ်ရှိ ပို့ကုန်လုပ်ငန်းရှင်များ၏ ပြောဆိုမှု အား The Hindu Business Line သတင်းဌာနက ရေးသားဖော်ပြပါသည်။

ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံရှိ Chittagong Plant Quarantine ဌာနသည် ကြက်သွန်နီ ၁၁၈,၇၂၇ တန်အား ပင်လယ်ရေကြောင်းမှ တင်သွင်းရန် သွင်းကုန်ခွင့်ပြုမိန့် ၂၇၄ စောင်ကို စက်တင်ဘာလ ၃ ရက်နေ့မှ ၂၁ ရက်နေ့အတွင်း ထုတ်ပေးခဲ့သည်ဟု Dhaka Tribune သတင်း ဌာနထံမှသိရှိရကြောင်း၊ ၎င်းတို့အနက် ကြက်သွန်နီတန်ချိန် ၁၇,၃၆၅ တန်သည် တရုတ်နိုင်ငံထံမှ တင်သွင်းရန် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ သို့ဖြစ်ရာ ၎င်းနှင့်နယ်စပ်ဒေသ ဆက်ဆံရေးတင်းမာမှုများ ဖြစ်ပေါ်လျက်ရှိသည့် တရုတ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့က အိမ်နီးချင်းနိုင်ငံများရှိ ကြက်သွန်နီ ဈေးကွက် ဝေစုအား ရယူနိုင်ခြင်း မရှိစေရန်အတွက်အိန္ဒိယအစိုးရအနေဖြင့် လုပ်ဆောင်သွားဖွယ် ရှိကြောင်း၊ အိန္ဒိယကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် Bangalore rose နှင့် Krishnapuram ကဲ့သို့ ပြည်တွင်းဈေးကွက်လိုအပ်ချက်အပေါ် သက်ရောက်မှုနည်းပါးသည့် ကြက်သွန်နီအမျိုး အစားများကို အနိမ့်ဆုံး ပို့ကုန်ဈေးနှုန်း (minimum export price) သတ်မှတ်လျက် တင်ပို့ ခွင့်ပြုရန် စဉ်းစားလျက်ရှိပြီး ပြည်တွင်းဈေးနှုန်းမြင့်တက်မှုမဖြစ်စေပဲ ပို့ကုန်လုပ်ငန်းပိုင်းဆိုင်ရာ ဖြေလျော့မှုများ လုပ်ဆောင်နိုင်ရေး ဌာနအကြီးအကဲပိုင်းအဆင့်၌ ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိ သည်ဟု ၎င်းဌာနမှ အရာရှိအချို့က ပြောဆိုကြောင်းဖြင့် အိန္ဒိယနိုင်ငံရှိ TelegraphIndia သတင်း ဌာနက ဖော်ပြပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် နှစ်စဉ်ကြက်သွန်နီတန်ချိန် ၄ သိန်းမှ ၅ သိန်းခန့်အား အိန္ဒိယ နိုင်ငံထံမှ တင်သွင်းလျက်ရှိပြီး ခန့်မှန်းတွက်ချက်မှုများအရ လစဉ်လိုအပ်ချက်မှာ တန်ချိန် ၂ သိန်း ခန့်ရှိကြောင်း၊ လက်ရှိကာလ၌ ပြည်တွင်း ကြက်သွန်နီကုန်လက်ကျန်မှာ တန်ချိန် ၅.၆ သိန်းခန့်ရှိ ကြောင်း ‌လေ့လာသိရှိရပါသည်။

နေအေးလွင်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့

Source:     1.Onion prices fall in Bengal with Bangladesh-bound trucks diverted to local markets, 21 Sept 2020, The Hindu Business Line

  1. India allows export of onions in transit to Bangladesh, 20 Sept 2020, Indian Express
  2. Onion exports to Bangladesh to resume, 23 Sept 2020, TelegraphIndia

Loading