ပြည်ပသတင်းများ

လယ်ယာကဏ္ဍဆိုင်ရာ ဥပဒေမူကြမ်း ၃ ခုအား အိန္ဒိယ လော့ဆာဘလွှတ်တော်က အတည်ပြုခြင်း

အိန္ဒိယနိုင်ငံ လော့ဆာဘလွှတ်တော်သည် စားသုံးသူရေးရာ၊ စားသောက်ကုန်နှင့် ပြည်သူ့ ဖြန့်ဖြူးမှုရေးရာဝန်ကြီးဌာနမှ တင်သွင်းသည့် အရေးကြီးကုန်စည်များအက်ဥပဒေ ပြင်ဆင်ချက် မူကြမ်းကို ၁၅-၉-၂၀၂၀ နေ့၌လည်းကောင်း၊ စိုက်ပျိုးရေးနှင့် တောင်သူလယ်သမားများဖူလုံရေး ဝန်ကြီးဌာနမှ ၅-၆-၂၀၂၀ နေ့တွင်ထုတ်ပြန်ခဲ့သည့် လယ်ယာထွက်ကုန်များ ကုန်သွယ်ရောင်းဝယ် မှုနှင့်ဈေးနှုန်းအာမခံမှုဆိုင်ရာ ဥပဒေကဲ့သို့အာဏာတည်သောအမိန့် ၂ ရပ်အား အစားထိုးပြဋ္ဌာန်း မည့် ဥပဒေမူကြမ်း ၂ ခုကို ၁၇-၉-၂၀၂၀ နေ့၌လည်းကောင်း အတည်ပြုခဲ့ကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံ၌ တောင်သူလယ်သမားများအနေဖြင့် ၎င်းတို့၏ထုတ်ကုန်များကို လယ်ယာ ထွက်ကုန်ဈေးကွက်ကော်မတီအက်ဥပဒေ (APMC Act) အရ သတ်မှတ်ထားသည့် ကုန်စည်ဒိုင် ဈေးကွက်များ၌သာ ရောင်းချရန် ကန့်သတ်ခံထားရပြီး ပြည်နယ်အစိုးရအသီးသီး၏ ကွဲပြား ခြားနားသည့် လယ်ယာထွက်ကုန်ရောင်းဝယ်မှုဆိုင်ရာ ပြဋ္ဌာန်းချက်မျိုးစုံကလည်း တောင်သူများ အတွက် ပြင်ပဈေးကွက်များသို့ ထုတ်ကုန်များ တင်ပို့ရောင်းချနိုင်ရန် အခက်အခဲများဖြစ်ပေါ်စေ လျက်ရှိနေပါသည်။ သို့ဖြစ်ရာ တောင်သူလယ်သမားများနှင့်ကုန်သည်များက လယ်ယာထွက်ကုန် များအား ၎င်းတို့စိတ်ကြိုက် လွတ်လပ်စွာ ရောင်းဝယ်မှုပြုနိုင်မည့် ဂေဟစနစ်တစ်ရပ်ကို ဖန်တီး ပေးနိုင်ရန် ရည်ရွယ်လျက် တောင်သူလယ်သမားများ၏ ထုတ်ကုန်များ ကုန်သွယ်ရောင်းဝယ်မှု (မြှင့်တင်ရေးနှင့်လွယ်ကူချောမွေ့စေရေး) ဥပဒေမူကြမ်း (Farmers’ Produce Trade and Commerce (Promotion and Facilitation) Bill, 2020) အား အတည်ပြုပြဋ္ဌာန်းနိုင်ရန် တင်သွင်းခြင်း ဖြစ်ကြောင်း၊ ၎င်းစနစ်က ယှဉ်ပြိုင်ရောင်းဝယ်သည့် ကုန်သွယ်မှုလမ်းကြောင်းမှတစ်ဆင့် သင့်တင့် ကောင်းမွန်သည့် ဈေးနှုန်းများကို ရရှိစေမည်ဖြစ်ပြီး ပြည်နယ်များ၌ သတ်မှတ်ထားသည့် ကုန်စည်ဒိုင်ဈေးကွက်များအပြင် ပြည်နယ်အတွင်းနှင့် ပြည်နယ်အချင်းချင်းအကြား တောင်သူ လယ်သမားများ၏ လယ်ယာထွက်ကုန်များကို လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ခွင့်ရရှိစေမည် ဖြစ်ကြောင်း အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနမှ ဖော်ပြပါသည်။

ထို့အပြင်လယ်ယာလုပ်ငန်းကဏ္ဍ၌ ရင်းနှီးမြှုပ်နှံသူများ၊ ကုန်စည်ပြုပြင်ထုတ်လုပ်သူ များ၊ လက္ကားရောင်းဝယ်သူများ၊ ပို့ကုန်လုပ်ငန်းရှင်များ၊ အကြီးစားလက်လီရောင်းချသူများနှင့် ချိတ်ဆက်၍ စိုက်ပျိုးရေးဆိုင်ရာ ဝန်ဆောင်မှုများရယူခြင်းနှင့် အနာဂတ်တွင် ရိတ်သိမ်းရရှိ လာမည့် လယ်ယာထွက်ကုန်များအား ရောင်းချခြင်းတို့ကို ဆောင်ရွက်ရာတွင် တောင်သူ လယ်သမားများအနေဖြင့် သင့်မြတ်လျော်ကန်သည့် ဈေးနှုန်းမူဘောင်တစ်ရပ်ကို ပွင့်လင်းမြင်သာ စွာဖြင့် အပြန်အလှန် သဘောတူညီမှုများ လုပ်ဆောင်နိုင်စေရန်အတွက် တောင်သူလယ်သမား များ၏ (လုပ်ပိုင်ခွင့်နှင့် အကာအကွယ်ပေးရေး) ဈေးနှုန်းအာမခံမှုနှင့် လယ်ယာဝန်ဆောင်မှု သဘောတူညီချက်ဆိုင်ရာဥပဒေမူကြမ်း (Farmers (Empowerment and Protection) Agreement of Price Assurance and Farm Services Bill, 2020) ကို လွှတ်တော်သို့ တင်သွင်း ခြင်းဖြစ်ကြောင်း၊ ၎င်းဥပဒေ အတည်ပြုပြဋ္ဌာန်းပြီးချိန်တွင် စိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွက် တင်ရောင်းချမှုများ၌ တောင်သူလယ်သမားများ ကြုံတွေ့ရနိုင်သည့် မသေချာမှုများ၊ စွန့်စားရ မှုများကို အထောက်အပံ့ပြုသည့်လုပ်ငန်းများသို့ လွှဲပြောင်းရောက်ရှိစေမည်ဖြစ်ပြီး ကြားခံအဆင့် များအား လျော့ချလျက် ဈေးကွက်သို့ တိုက်ရိုက်ဝင်ရောက်နိုင်ခြင်းဖြင့် ထုတ်ကုန်များ၏ ဈေးနှုန်း အစစ်အမှန်ကို ရရှိစေမည်ဖြစ်ကြောင်း အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြပါသည်။

အိန္ဒိယစားသုံးသူရေးရာဝန်ကြီးဌာနက တင်သွင်းသည့် အရေးကြီးကုန်စည်များ (ပြင်ဆင်ချက်) ဥပဒေမူကြမ်း (Essential Commodities (Amendment) Bill, 2020) တွင် နှံစားသီးနှံများ၊ ဆီထွက်သီးနှံများ၊ စားသုံးဆီများ၊ ပဲမျိုးစုံ၊ ကြက်သွန်နီနှင့် အာလူးတို့ကဲ့သို့သော အခြေခံစားကုန်များအား အရေးကြီးကုန်စည်စာရင်းမှ ဖယ်ရှားနိုင်မည့် ပြဋ္ဌာန်းချက်များ ပါဝင် ပါသည်။ ဤအချက်က လယ်ယာထွက်ကုန်ရောင်းဝယ်မှုဆိုင်ရာ လုပ်ကိုင်ဆောင်ရွက်မှုများ၌ လွန်ကဲစွာ ကြပ်မတ်မှုများ ရှိနေခြင်းအပေါ် ရင်းနှီးမြှုပ်နှံသူများ၏ စိုးရိမ်မှုအား လျော့ပါးစေမည် ဖြစ်ပြီး လွတ်လပ်စွာထုတ်လုပ်/ သိုလှောင်/ သယ်ယူ/ ဖြန့်ဖြူးမှုများ ဆောင်ရွက်နိုင်ခြင်းက အအေးခန်းသိုလှောင်ရုံများနှင့် ခေတ်မီစားသောက်ကုန် ထုတ်လုပ်မှုကွင်းဆက်၌ ပြည်တွင်း ပြည်ပမှ ပါဝင်ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်မည်ဖြစ်သည်။

အဆိုပါ ပြင်ဆင်ချက်ဥပဒေမူကြမ်း၌ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် (Horticulture) သီးနှံများနှင့် ပုပ်သိုးပျက်စီးလွယ်မှုမရှိသော (Non-perishable) သီးနှံများ၏ လက်လီဈေးနှုန်း များသည် ၁၀၀% နှင့် ၅၀% အသီးသီးမြင့်တက်မှုရှိချိန်နှင့် အရေးပေါ်အခြေအနေကာလများ၌ ပြည်နယ်အစိုးရများအနေဖြင့် အရေးကြီးကုန်စည်များအဖြစ် သတ်မှတ်၍ ထိန်းသိမ်းကြပ်မတ်နိုင် ကြောင်း ဖော်ပြထားသော်လည်း လယ်ယာထွက်ကုန်ရောင်းဝယ်သည့် ကုမ္ပဏီလုပ်ငန်းများ၏ သိုလှောင်ထားရှိမှုအား ကင်းလွတ်ခွင့်ပြုထားသည်။

ထိုကဲ့သို့ BJP ပါတီ ဦးဆောင်သည့် အိန္ဒိယအစိုးရက လယ်ယာကဏ္ဍဆိုင်ရာဥပဒေ မူကြမ်း ၃ ခုအား လွှတ်တော်သို့ တင်သွင်းလျက် အတည်ပြုပြဋ္ဌာန်းမှုအပေါ် ကွန်ဂရက်၊ TMC စသည့် အဓိက အတိုက်အခံပါတီများက ကန့်ကွက်ခဲ့ကြပြီး ယခုဥပဒေပြဋ္ဌာန်း၍ ဖြေလျော့မှုများ ပြုလုပ်ခြင်းသည် တောင်သူလယ်သမားများ၏ အကျိုးစီးပွားထက် ကုမ္ပဏီကြီးများနှင့် နိုင်ငံစုံ ကော်ပိုရေးရှင်းကြီးများကိုသာ အဓိကအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ အခြေခံစားကုန်များ အား အရေးကြီးကုန်စည်စာရင်းမှ ဖယ်ရှားခြင်းသည် သိုလှောင်ဈေးကစားမှုများအား တရားဝင် လုပ်ကိုင်ခွင့်ပြုရာရောက်ကြောင်း၊ ထို့အပြင် ယင်းသို့သော ဝိသမလုပ်ဆောင်မှုများအား ကြပ်မတ် ထိန်းချုပ်လျက်ရှိသည့် ပြည်နယ်များ၏ လုပ်ပိုင်ခွင့်အာဏာကို ဗဟိုအစိုးရက လက်လွှတ်ဆုံးရှုံး စေခြင်းဖြစ်ကြောင်း၊ ဥပဒေမူကြမ်းပါ အချက်များသည် ဒွိဟဖြစ်ဖွယ်ရာရှိပြီး လွှတ်တော်၏ အမြဲ တမ်းကော်မတီ၌ ပြန်လည်သုံးသပ်သင့်ကြောင်း ဝေဖန်ထောက်ပြလျက်ရှိသည်။ BJP ပါတီ ဦးဆောင်သည့် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့၌ ပါဝင်လျက်ရှိသည့် Shiromani Akali Dal ပါတီကလည်း အရေးကြီးကုန်စည်များ (ပြင်ဆင်ချက်) ဥပဒေမူကြမ်းအတည်ပြုရန် တင်သွင်း မှုအပေါ် ကန့်ကွက်ခဲ့သည်။

အထောက်အပံ့ပြုမည့် အခြေခံရည်ညွှန်းဈေးနှုန်းအောက် ကျဆင်းခဲ့ပါက ၎င်းရည်ညွှန်း ဈေးနှုန်း၌ အနိမ့်ဆုံးထားရှိ၍ အစိုးရက သီးနှံများကို ဝယ်ယူပေးသည့် Minimum Support Price (MSP) အစီအစဉ်အားလယ်ယာထွက်ကုန်များ ကုန်သွယ်ရောင်းဝယ်မှုနှင့်ဈေးနှုန်းအာမခံမှုဆိုင်ရာ အမိန့်များအရ ပယ်ဖျက်မှုရှိမည်ကို စိုးရိမ်လျက်ရှိသည့် ဟာရီယာနာနှင့် ပန်ဂျပ်ပြည်နယ်တို့ရှိ လယ်သမားသမဂ္ဂများကမူ ၁၀-၉-၂၀၂၀ နေ့မှစတင်၍ ဆန္ဒပြပွဲများ ပြုလုပ်လျက်ရှိကြပါသည်။

အိန္ဒိယ စိုက်ပျိုးရေးဝန်ကြီး Mr. Narendra Singh Tomar က ယခုတင်သွင်းခဲ့သည့် ဥပဒေမူကြမ်းများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများမှ အကျိုးဖြစ်ထွန်းမှုရှိစေရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တောင်သူလယ်သမားများ၏ လုပ်ကိုင်နိုင်ခွင့်ကို တံခါးဖွင့်လှစ်ပေး ခြင်းဖြစ်ပြီး လယ်ယာထွက်ကုန်များအား အတားအဆီးမရှိပဲ ပြည်တွင်း၌ လွတ်လပ်စွာ ကုန်သွယ်ရောင်းဝယ်မှု ပြုနိုင်စေမည်ဖြစ်ကြောင်း၊ ယခုဥပဒေမူကြမ်းပါ ပြဋ္ဌာန်းချက်များသည် အထောက်အပံ့ပြုသည့် အခြေခံရည်ညွှန်းဈေးနှုန်း အစီအစဉ် (MSP) အပေါ် သက်ရောက်မှုရှိမည် မဟုတ်ကြောင်း၊ ထို့အပြင် ပြည်နယ်များ၏လယ်ယာထွက်ကုန်ဈေးကွက်ကော်မတီအက်ဥပဒေ (APMC Act) အရ ဆောင်ရွက်သည့် အစီအစဉ်များတွင်လည်း ဝင်ရောက်စွက်ဖက်ရန် မရှိကြောင်း ဖြင့် ၁၇-၉-၂၀၂၀ နေ့ လော့ဆာဘလွှတ်တော် အစည်းအဝေး၌ ပြောကြားခဲ့ပါသည်။

အိန္ဒိယအစိုးရသည် အတ္တမနိဗ္ဗာဘာရတ် (Atmanirbhar Bharat) ခေါ် ကိုယ်ပိုင် စွမ်းအားဖြင့် ရှင်သန်ရပ်တည်ရေး ရည်မှန်းချက်အား ဖော်ဆောင်ရာတွင် လယ်ယာကဏ္ဍ၌ လိုအပ်သော ဥပဒေမူဘောင်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအဖြစ် အဆိုပါ ဥပဒေမူကြမ်း ၃ ခုကို လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်ပြီး အလုပ်အကိုင်များဖန်တီးမှုနှင့်အတူ တောင်သူလယ်သမား များ၏ ဝင်ငွေတိုးတက်လာစေရန် လယ်ယာကဏ္ဍ၌ ကုန်ထုတ်လုပ်မှုမြှင့်တင်ရေးကို တွန်းအားပေး ဆောင်ရွက်လျက်ရှိပါသည်။

နေအေးလွင်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့

Source:  1.   Three bills aimed at transformation of agriculture and raising farmers’ income introduced in Lok Sabha today, 14 Sept 2020, Press Information Bureau of India

  1. Lok Sabha clears Bill to take out onion, potato from essential commodities list, 15 Sept 2020, TheHinduBusinessline
  2. Opposed by opposition & BJP ally SAD, bill to replace farm ordinance passed in Lok Sabha, 15 Sept 2020, The Print
  3. Agriculture minister strongly defends the two farm sector reform Bills, 17 Sept 2020, Economic Times

Loading