ပြည်တွင်းသတင်းများ

မြန်မာနိုင်ငံ၏ အာဟာရနှင့် စိုက်ပျိုးရေးကဏ္ဍအတွက် ဥရောပသမဂ္ဂက ယူရိုငွေ ၁၁၂ မီလီယံ (ငွေကျပ် ၁၈၀ ဘီလီယံ) ထောက်ပံ့ကူညီ

၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်နေ့တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်က မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့် အာဟာရကဏ္ဍတို့ကို ထောက်ပံ့ကူညီရန်အတွက် ရန်ပုံငွေသဘောတူညီချက်ကို လက်မှတ်ရေးထိုးကာ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ၏ ဒု-သံအမတ်ကြီး Dr. Johann Hesse ထံ လက်လွှဲပေးအပ်ခဲ့ပါသည်။ ဥရောပသမဂ္ဂ၏ အဆိုပါ ထောက်ပံ့ကူညီမှုမှ အဓိကအကျိုးခံစားရသူဖြစ်သော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (MoALI) အား ကိုယ်စားပြု၍ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်းက ယင်းလက်လွှဲပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ဥရောပသမဂ္ဂသည် ကျေးလက်ဒေသဝင်ငွေများ မြင့်တက်လာစေရန်၊ စားသောက်ကုန်အမျိုးမျိုး ထုတ်လုပ်နိုင်စေရန် နှင့် ဘေးကင်းလုံခြုံသော ရေနှင့် အစားအသောက်များကို လက်လှမ်းမီသုံးစွဲနိုင်စေရန်အတွက် ဦးတည်ကြားဝင်ကူညီမှုများမှတစ်ဆင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ မီးဖွားပြီးခါစ မိခင်များ၊ ကလေးသူငယ်များနှင့် အရွယ်ရောက်ခါစ အမျိုးသမီးငယ်များ အပါအဝင် အာဟာရမလုံလောက်မှုဒဏ်ကို ခံစားနေရသော ထိခိုက်အလွယ်ဆုံး တောင်သူများနှင့် ကျေးလက်နေပြည်သူများကို အထောက်အပံ့ပေးမည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကို ငါးနှစ်တာကာလအတွင်း ယူရိုငွေ ၁၁၂ မီလီယံ [ငွေကျပ် ၁၈၀ ဘီလီယံ] ရင်းနှီးမြှုပ်နှံ၍ ထောက်ပံ့ကူညီမည် ဖြစ်ပါသည်။

အာဟာရချို့တဲ့မှုကို လျှော့ချရန် မြန်မာနိုင်ငံတော်အစိုးရက ချမှတ်ထားသော သန္နိဋ္ဌာန်အပေါ် အခြေတည်၍ ဥရောပသမဂ္ဂသည် အာဟာရဆိုင်ရာ ကြားဝင်ကူညီမှုများ တိုက်ရိုက်အကောင်အထည်ဖော်ရန်အတွက် ယူရိုငွေ ၇၀ မီလီယံ [ငွေကျပ် ၁၁၃ ဘီလီယံ] ပေးအပ်မည်ဖြစ်ပါသည်။ အဖွဲ့အစည်းလိုက်နှင့် သုတေသနဆိုင်ရာ စွမ်းရည်နယ်ပယ်များတွင် စိုက်/မွေး/ဆည် ဝန်ကြီးဌာနကို နည်းပညာအထောက်အပံ့ ပေးအပ်ရန်၊ ဆင်းရဲနွမ်းပါးသူများအား အကျိုးဖြစ်ထွန်းစေသော စိုက်ပျိုးရေးဆိုင်ရာ တန်ဖိုးကွင်းဆက်များ ရေးဆွဲချမှတ်ရန် နှင့် ပဋိပက္ခဒဏ်ခံ ဒေသများနှင့် COVID – 19 ရောဂါ ကူးစက်ဖြစ်ပွားနေသော ဒေသများတွင် အာဟာရ နှင့် လူမှုဖူလုံရေး အထောက်အပံ့များ ပေးအပ်မည့် အခြား အကူအညီများအတွက် ယူရိုငွေ ၄၂ မီလီယံ [ငွေကျပ် ၆၇ ဘီလီယံ] ကို သီးခြားပေးအပ်မည် ဖြစ်ပါသည်။

စီမံကိန်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်းက အခမ်းအနားတွင် “ဒီထောက်ပံ့ကူညီမှုအတွက် ဥရောပသမဂ္ဂကို အလေးအနက် ကျေးဇူးတင်ပါတယ်။ ဒီ စီမံကိန်းသစ်ဟာ မြန်မာနိုင်ငံတွင်းမှာ ကြုံတွေ့နေတဲ့ မိခင်နဲ့ကလေး အာဟာရမလုံလောက်မှု မြင့်မားခြင်းကို လျှော့ချဖို့၊ ထိခိုက်လွယ်တဲ့ တောင်သူလုပ်သားတွေနဲ့ ကျေးလက်လူထုတွေအတွက် အာဟာရဆိုင်ရာ ဝန်ဆောင်မှုတွေကို ပိုပြီး ကောင်းကောင်းမွန်မွန် ပေးအပ်နိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ ပူးတွဲသန္နိဋ္ဌာန်ကို မီးမောင်းထိုးပြနေတာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

ဥရောပသမဂ္ဂ၏ ဒု-သံအမတ်ကြီး Dr. Johann Hesse က “ဥရောပသမဂ္ဂဟာ မြန်မာနို်ငငံရဲ့ စိုက်ပျိုးရေးနဲ့ အာဟာရကဏ္ဍအတွက် အချိန်အတော်ကြာ ပါဝင်ကူညီခဲ့ပြီး ဒီစီမံကိန်းသစ်နဲ့ အထောက်အပံ့ဆက်ပေးမှာ ဖြစ်ပါတယ်။ အာဟာရချို့တဲ့ခြင်းဟာ စိုးရိမ်စရာ ကျန်းမာရေးပြဿနာတစ်ခုအဖြစ် ကျန်ရှိနေသေးပြီး ထိခိုက်အလွယ်ဆုံး ပြည်သူတွေအနေနဲ့ သီးသန့်ဦးတည်အထောက်အပံ့တွေ ရရှိဖို့ အရမ်းကို အရေးကြီးပါတယ်။ အထူးသဖြင့် အခုလို အခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့နေရချိန်မှာ ဒါဟာ အရေးပေါ်ကိစ္စတစ်ခု ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

 

 

ပိုမိုအသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန် –

Pierre Michel

စာနယ်ဇင်းနှင့် သတင်းအချက်အလက် တာဝန်ခံ၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ

Pierre.MICHEL@eeas.europa.eu

Loading