ပြည်ပသတင်းများ

အဓိကစီးပွားရေးများအနက် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အထိ နာဆုံး ဖြစ်ခဲ့သည့် ဗြိတိန်နိုင်ငံ

၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှ ဇွန်လအထိ သုံးလတာကာလအတွင်း အဓိကစီးပွားရေးများတွင် ဗြိတိန်နိုင်ငံ သည် ကိုဗစ်-၁၉ ကြောင့် အထိနာဆုံးဖြစ်ခဲ့ကြောင်း စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့အစည်း (Organization for Economic Co-operation and Development-OECD) က ပြောကြားသည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ရေး ကန့်သတ်မှုအစီအမံ (lockdown measures) များကြောင့် ဗြိတိန်နိုင်ငံ၏ စီးပွားရေးမှာ သုံးလတာ အတွင်း အကြီးမားဆုံး ကျဆင်းမှုဖြင့် စံချိန်တင်ကျဆင်းခဲ့ကြောင်း၊  ဗြိတိန်နိုင်ငံ၏ စီးပွားရေး သည် OECD နိုင်ငံများ၏ စီးပွားရေးကျဆင်းမှု ၉ ဒသမ ၈ ရာခိုင်နှုန်းထက် များစွာကျော်လွန်၍ ၂၀ ဒသမ ၄ ရာခိုင်နှုန်းဖြင့် ကျဆင်းခဲ့ကြောင်း သိရသည်။

စပိန်နိုင်ငံသည် စီးပွားရေးကျဆင်းမှု ၁၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ဒုတိယအထိနာဆုံး ဖြစ်ခဲ့သည်။ အလားတူ G7 စက်မှုနိုင်ငံအုပ်စုသည်လည်း စီးပွားရေးကျဆင်းမှု ၁၀ ဒသမ ၉ ရာခိုင်နှုန်းရှိခဲ့ပြီး၊ ယူရိုဇုန်၏ စီးပွားရေးမှာ ၁၂ ဒသမ ၁ ရာခိုင်နှုန်းဖြင့် ကျဆင်းခဲ့သည်။ G7 နိုင်ငံ များအနက် ဒုတိယသုံးလပတ်တွင် ဂျီဒီပီကျဆင်းခဲ့သည့်နိုင်ငံများမှာ ပြင်သစ် ၁၃ ဒသမ ၈ ရာခိုင်နှုန်း၊ အီတလီ၊ ကနေဒါနှင့် ဂျာမနီနိုင်ငံတို့သည် ၁၂ ဒသမ ၄ ရာခိုင်နှုန်း၊ ၁၂ ရာခိုင်နှုန်းနှင့် ၉ ဒသမ ၇ ရာခိုင်နှုန်းတို့ဖြင့် အသီးသီးကျဆင်းခဲ့ကြကြောင်း သိရသည်။

အီးယူနိုင်ငံများထက် ဗြိတိန်နိုင်ငံ၏ စီးပွားရေးပိုမိုဆိုးရွားစွာကျဆင်းခဲ့ရခြင်းမှာ ယင်း၏ ဝန်ဆောင်မှုကဏ္ဍ၊ ဧည့်ဝန်ဆောင်မှုလုပ်ငန်းနှင့် စားသုံးသူ သုံးစွဲမှုတို့အပေါ်တွင် မှီခိုနေခြင်းကြောင့် ဖြစ်ကြောင်း၊ ဗြိတိန်နိုင်ငံ၏ စီးပွားရေးတွင် လက်လီသုံးစွဲမှုသည် အကျပ်အတည်းကာလမတိုင်မီ က အခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့သော်လည်း အခြားကဏ္ဍများမှာ ဆက်လက်ရုန်းကန် နေရဆဲဖြစ်ကြောင်း၊ ဗြိတိန်နိုင်ငံ၏ စီးပွားရေးပုံမှန်လမ်းကြောင်းပေါ်သို့ အပြည့်အဝပြန်လည် ရောက်ရှိရန်မှာ နှစ်အနည်းငယ်ကြာမြင့်နိုင်ပြီး၊ အလုပ်လက်မဲ့နှုန်းသည် ၁၀ ရာခိုင်နှုန်း(သို့မဟုတ်) ထို့ထက်ပို၍ မြင့်မားနိုင်သည်ဟု စီးပွားရေးပညာရှင်များက ခန့်မှန်းထားကြောင်းသိရသည်။

ရင်းမြစ် –  (BBC)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading