ပြည်ပသတင်းများ

ဗြိတိန်-နယူးဇီလန် ကုန်သွယ်ရေးသဘောတူညီချက် သည် စီးပွားရေးပြန်လည်ထူထောင်မှုအတွက် အရေးပါ ကြောင်း ဗြိတိန်၏ Trade Secretary ပြောကြား

ဗြိတိန်နိုင်ငံအနေဖြင့် နယူးဇီလန်နိုင်ငံနှင့်ကုန်သွယ်ရေးသဘော တူညီချက်ဆိုင်ရာ တရားဝင် ဆွေးနွေးမှုများ စတင်ခဲ့သဖြင့် နယူးဇီလန်နိုင်ငံနှင့် ကုန်သွယ်ရေးသဘောတူညီချက် သည် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ကျဆင်းခဲ့သည့် ဗြိတိန်၏ စီးပွားရေး ပြန်လည်ထူထောင်မှုကို ကူညီနိုင်ရေး အရေးပါသည့် အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်ဟု ဗြိတိန်၏ Trade Secretary ဖြစ်သူ Liz Truss က ပြောကြားခဲ့သည်။ ယင်းကုန်သွယ်ရေးသဘောတူညီချက်သည် အာရှပစိဖိတ် နိုင်ငံများအုပ်စုနှင့် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်တွင် ပါဝင်နိုင်ရေးအတွက် ဗြိတိန်၏ ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ၎င်းကထပ်မံပြောကြားသည်။ ဗြိတိန်နိုင်ငံသည် လာမည့် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အီးယူ၏ အကောက်ခွန်သမဂ္ဂမှ ထွက်ခွာမည်ဖြစ်ပြီး၊ အီးယူပြင်ပ နိုင်ငံများနှင့် ကုန်သွယ်ရေးသဘောတူညီချက်များအား လွတ်လပ်စွာဆောင်ရွက်ခွင့်ရှိမည်ဖြစ်သည်။ လက်ရှိတွင် ဗြိတိန်သည်  အမေရိကန်နှင့် ဂျပန်နိုင်ငံတို့အပါအဝင် ကမ္ဘာတစ်ဝန်းရှိနိုင်ငံများနှင့် ကုန်သွယ်မှုသဘောတူညီချက်များ ရရှိရေးဆောင်ရွက်နေပြီး၊ အီးယူနှင့်လည်း ကုန်သွယ်ရေး သဘောတူညီချက်ကို ညှိနှိုင်းဆွေးနွေးလျက်ရှိသည်။

ကနေဒါ၊ သြစတြေးလျ၊ ဂျပန်၊ ဗီယက်နမ်နှင့် နယူးဇီလန်နိုင်ငံများအပါအဝင် နိုင်ငံ (၁၁) နိုင်ငံပါဝင်မည့် Comprehensive and Progressive Agreement for Trans-Pacific Partnership (CPTPP) လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်တွင် ပါဝင်လိုကြောင်း ဗြိတိန်နိုင်ငံအစိုးရအနေဖြင့် ပြီးခဲ့သည့် ဇွန်လအတွင်းက ကြေညာခဲ့သည်။ သြစတြေးလျ၊ ဂျပန် စသည့်နိုင်ငံများနှင့် ညှိနှိုင်းဆွေးနွေးမှုများနှင့်အတူ ယခုနယူးဇီလန်နိုင်ငံနှင့် ဆွေးနွေးသည့် သဘောတူညီချက်သည် ကမ္ဘာ့စီးပွားရေးအင်အားကောင်းမွန်သည့် နိုင်ငံများပါဝင်ပြီး စည်းမျဉ်း အခြေခံ၍ စံနှုန်းမြင့်မားသော CPTPP တွင် အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ရေး ခြေလှမ်းတစ်ရပ်ဖြစ် သည်ဟု Liz Truss က ပြောကြားသည်။ ဗြိတိန်နှင့် နယူးဇီလန်တို့အကြား ကုန်သွယ်ရေး သဘောတူညီချက်သည် ဗြိတိန်၏ အသေးစားစီးပွားရေးလုပ်ငန်းများ၏ ပို့ကုန်တင်ပို့မှုကို စတာလင်ပေါင်သန်း (၁၀၀) အထိ မြှင့်တင်ပေးနိုင်ပြီး၊ လုပ်သားများ၏ လုပ်ခလစာ စတာလင်ပေါင် သန်း (၂၀၀) အထိ ရရှိစေနိုင်သဖြင့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရင်ဆိုင်ရသည့် စီးပွားရေးစိန်ခေါ်မှု များကို ကျော်လွှားနိုင်ရေး ဗြိတိန်နိုင်ငံအား အကူအညီပေးနိုင်မှုတွင် အရေးပါကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ရင်းမြစ် –  (Politico)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading