ပြည်ပသတင်းများ

နန်နင်းနှင့် စင်ကာပူအကြား ကုန်တင်လေယာဉ် စတင်ပြေးဆွဲ

တရုတ်နိုင်ငံတောင်ပိုင်းဒေသ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ၏ မြို့တော်နန်နင်းမြို့နှင့် စင်ကာပူနိုင်ငံတို့အကြား ကုန်တင် လေကြောင်းလိုင်းသစ်ကို ဇွန်လ (၂၀) ရက်နေ့ တွင် တရားဝင်စတင်ပြေးဆွဲလိုက်ပြီဖြစ်ပါသည်။

၎င်းလေယာဉ်တွင် နယ်စပ်ဖြတ်ကျော်ကူးသန်းရောင်းဝယ်မှုပြုသည့် အလှကုန်၊ ဝိုင်၊ နာမည်ကြီး အမှတ်တံဆိပ်မှ ထုတ်လုပ်သည့် ဖိနပ်များနှင့် အဝတ်အထည်များကို ထုပ်ပိုးထား သည့် ကုန်သေတ္တာများအား သယ်ဆောင်လာခဲ့ပါသည်။ ၎င်းကုန်တင် လေကြောင်းလိုင်းကို ရက်သတ္တတစ်ပတ်လျှင် (၄) ကြိမ်ပြေးဆွဲမည်ဖြစ်ကာ၊ ခရီးစဉ်တစ်ခုလုံး၏ ကြာမြင့် ချိန်မှာ (၃) နာရီ နှင့် မိနစ် (၅၀)ဖြစ်ပါသည်။

ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကူးသန်းရောင်းဝယ်ရေးဌာနမှ ပြောရေးဆို ခွင့်ရှိသူများ၏ ပြောကြားချက်အရ တရုတ် (ကွမ်ရှီး) လွတ်လပ်သော ကုန်သွယ် ရေးစမ်းသပ်ဇုန် နှင့်အနောက်ပိုင်း ကုန်းလမ်း – ပင်လယ်ရေကြောင်း စင်္ကြံသစ်တို့ကို လျင်မြန်စွာ တည်ဆောက် လာသောကြောင့် စီးပွားရေး၊ ကုန်သွယ်ရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားအပါအဝင် နယ်ပယ်များ၌ စင်ကာပူနှင့် ပိုမိုနီးကပ်သည့် ဆက်သွယ်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများရှိလာကြောင်း သိရပါသည်။

လက်ရှိတွင် အာဆီယံနိုင်ငံများအားလုံးအနက်  စင်ကာပူမှာ ကွမ်ရှီးတွင် နိုင်ငံ ခြား ရင်းနှီးမြှုပ်နှံမှု အများဆုံးလာရောက်ပြုလုပ်နေသည့် နိုင်ငံဖြစ်ပါသည်။ ဤလေကြောင်းလိုင်း အသစ်သည် ကွမ်ရှီးနှင့် စင်ကာပူတို့အကြား ကူးသန်း ရောင်းဝယ်ရေးကို ပိုမိုနက်ရှိုင်းလာရန်နှင့် များမကြာမီက စတင်ပြေးဆွဲထားပြီးဖြစ်သော ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့နှင့် ကုန်တင်လေ ကြောင်းလိုင်း၊ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နှင့် ကုန်တင်လေကြောင်းလိုင်း၊ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့နှင့် ကုန်တင်လေကြောင်း လိုင်းတို့ကဲ့သို့ အခြားကုန်တင်လေကြောင်းလိုင်း များနှင့် အတူတကွ ကုန်စည်သယ်ယူ ပို့ဆောင်ရေး ကွန်ယက်ဖွဲ့စည်းရန် မျှော်မှန်းထားပါသည်။

အကောက်ခွန်ရှင်းလင်းမှုများကို ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် ကုမ္ပဏီများ မှအကောက်ခွန်ကြေညာခြင်းကို ခွင့်ပြုခြင်းကဲ့သို့ ကုန်ပစ္စည်းစစ်ဆေးရေး လုပ်ငန်းစဉ်များကို အကောင်းဆုံးဖြစ်လာစေရန် စီမံဆောင်ရွက်မှုများအား နန်နင်း ဝူရှူ အပြည်ပြည်ဆိုင်ရာလေ ဆိပ်ရှိ အကောက်ခွန်ဌာနက ဆောင်ရွက်ထားကြောင်း သိရပါသည်။

ယခုကဲ့သို့ ပင်လယ်ရေကြောင်းမှ ကုန်သေတ္တာတင်ပို့မှုများတွင် ကြန့်ကြာမှုများနှင့် ဈေးနှုန်းအဆမတန် ကြီးမြင့်မှုများရှိလာချိန်၊ နယ်စပ်ဒေသ ကုန်းလမ်းများမှ တင်ပို့ရာတွင်ကပ် ရောဂါနှင့် အခြားမမျှော်မှန်းနိုင်သည့် အခြေအနေများကြောင့် ကုန်စည်စီးဆင်းမှုများ ကြန့်ကြာ လာချိန်တွင်  အာဆီယံနိုင်ငံများက တရုတ်နိုင်ငံတောင်ပိုင်းဒေသသို့ လေကြောင်းဖြင့် ကုန်စည် ကူးသန်းရောင်းဝယ်မှုများ ပြုလုပ်လာသည်ကို တွေ့ရပါသည်။

မြန်မာနိုင်ငံမှလည်း ၎င်းနည်းလမ်းကို လေ့လာလျက် တစ်ပတ်လျှင် အနည်းဆုံး တစ်ကြိမ်ခန့် ကုန်တင်လေယာဉ်ပျံသန်းပြေးဆွဲရေးကို ဆောင်ရွက်သင့်ပြီဖြစ်ပါသည်။ ထိုသို့ ပြေးဆွဲရာတွင် သယ်ယူပို့ဆောင်ခမြင့်မားသော်လည်း နှစ်ဉီးနှစ်ဖက် ကုန်စည်စီးဆင်းမှုများ ပိုမို သွက်လက်မြန်ဆန်အဆင်ပြေခြင်း၊ ပျက်စီးဆုံးရှုံးမှုများ လျော့နည်းခြင်းနှင့် (သစ်သီးဝလံကဲ့သို့) ပျက်စီးလွယ်သော လယ်ယာထွက်ကုန်များ၏ အရည်အသွေးကို ထိန်းသိမ်းထားနိုင်ခြင်း၊  ပုံမှန် ကုန်သွယ်ရေးနည်းလမ်းဖြင့် တင်ပို့ခြင်းဖြင့် နိုင်ငံတော်အတွက် အခွန်အခများ ပိုမိုရရှိခြင်း၊  ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်လာနိုင်မည်ဖြစ်ခြင်း စသည့်အကျိုးကျေးဇူး များရနိုင်မည်ဖြစ်ကြောင်း  တင်ပြအပ်ပါသည်။

ရင်းမြစ်၊ en.gxzf.gov.cn (၂၃-၆-၂၀၂၁)

Loading