ပြည်ပသတင်းများ

Pará ပြည်နယ်၊ Paragominas တွင် ပဲပုတ်စေ့ ကြိတ်ခွဲစက်ရုံနှင့် ဆီအုန်းလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဘရာဇီးလ်နိုင်ငံ ဇီဝလောင်စာ ထုတ်လုပ်သူများအသင်းက သတင်းထုတ်ပြန်ကြေညာ

Pará  ပြည်နယ်၊ Paragominas မြို့တွင် ပဲပုတ်စေ့ ကြိတ်ခွဲထုတ်လုပ်သည့် စက်ရုံ တည်ဆောက်မည်ဖြစ်ပြီး ယင်းကဲ့သို့သော ခေတ်မီစက်ရုံအား ဘရာဇီးလ်နိုင်ငံ၏ မြောက်ပိုင်း ပြည်နယ်တွင် တည်ဆောက်ခြင်းသည် ပထမဆုံးဖြစ်ကြောင်း ဘရာဇီးလ်နိုင်ငံ၏ ဇီဝလောင်စာ ထုတ်လုပ်သည့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပါဝင်သော ဘရာဇီးလ်ဇီဝလောင်စာလုပ်ငန်းစု (BrasilBioFuels – BBF) က ၃-၂-၂၀၂၁ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါပဲပုတ်စေ့စက်ရုံတည်ဆောက်မှုကြောင့် ပြည်တွင်းလုပ်ငန်းရှင်များအတွက် ဇီဝ လောင်စာဆီ၊ စားသုံးဆီနှင့် ပဲပုတ်စားသောက်ကုန်ပစ္စည်းများအတွက် ကြိတ်ခွဲထုတ်လုပ်မှု အပြင် နိုင်ငံတကာဈေးကွက်သို့ တင်ပို့ခြင်းများကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း လုပ်ငန်းစု၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Pará ပြည်နယ်သည် ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုတွင် ထင်ရှားပြီး ၂၀၂၀-၂၀၂၁ ခုနှစ်တွင် သီးနှံရိတ်သိမ်းထွက်ရှိမှုသည် တန်ချိန် ၁.၈၆ သန်းခန့် ရှိနိုင်ကြောင်း National Supply Company ( Conab ) ၏ ခန့်မှန်းချက်ကို သတင်းတွင် ဖော်ပြထားသည်။

Pará တွင် ဆီထွက်သီးနှံရောင်းဝယ်မှုလုပ်ငန်းများ၌ ကွာဟချက်များ ရှိနေသေးကြောင်း အထူးသဖြင့် လုံလောက်သော သိုလှောင်ရုံများမရှိသဖြင့် အခြားပြည်နယ်များတွင် ပဲပုတ်စေ့ ကြိတ်ခွဲထုတ်လုပ်မှုများ လုပ်ဆောင်ရန် တိုက်ရိုက်တင်ပို့နေရကြောင်း ဘရာဇီးလ်နိုင်ငံ၏ ဇီဝလောင်စာလုပ်ငန်းစု (BBF) ၏ ဥက္ကဋ္ဌ Milton Steagall က သတင်းဌာနသို့ ပြောကြားခဲ့သည်။

ဘရာဇီးလ်နိုင်ငံတွင် လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖြန့်ဖြူးနေသည့် Acre၊ Rondônia၊ Amazonas နှင့် Roraima တွင် တင်ဒါများ အောင်မြင်၍ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ဇီဝလောင်စာလုပ်ငန်းစု (BBF) သည် အပင်နှင့်သီးနှံများမှ ဇီဝလောင်စာများ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချပေးလျက်ရှိသည်။ ဘရာဇီးလ်နိုင်ငံ၏ အနောက်ပိုင်းဒေသသည် ရုပ်ကြွင်းလောင်စာ စွမ်းအင်ကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြင့် အစားထိုးသုံးစွဲနိုင်ရန် ရည်မှန်းချက် ချမှတ်ထားပြီး ပဲပုတ်စေ့ကြိတ်ခွဲထုတ်လုပ်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်လျက်ရှိကြောင်း လုပ်ငန်းစု၏ ဥက္ကဋ္ဌ Steagall က ပြောကြားခဲ့သည်။

ဇီဝလောင်စာထုတ်လုပ်ရန်အတွက် ဘရာဇီးလ်နိုင်ငံရှိ ဆီအုန်းစိုက်ပျိုးထုတ်လုပ်သူ များက ဆီအုန်းစိုက်ခင်းများတွင် လုပ်ကိုင်ရန် အလုပ်သမား ၇၀၀ ကျော်အား ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ငှားရမ်းအသုံးပြုမည်ဖြစ်ပြီး ဇီဝလောင်စာလုပ်ငန်းစု (BBF) ကလည်း Pará ပြည်နယ်၏ ဆီအုန်းစိုက်ပျိုးမှုတွင် ရင်းနှီးမြှုပ်နှံမှုအသစ်များ ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။ ကုမ္ပဏီ၏ အဆိုပါရင်းနှီးမြှုပ်နှံမှုအသစ်များ လုပ်ဆောင်ရသည့် ရည်မှန်းချက်မှာ ဆီအုန်းအထွက်နှုန်းတိုးတက်လာစေရန်နှင့် ကြိတ်ခွဲမှုများအတွက် လုံလောက် သော ကုန်ကြမ်းပမာဏကို ရရှိစေရန်ဖြစ်သည်။

သတ္တုတူးဖော်ရေးလုပ်ငန်းကုမ္ပဏီ Vale အား ပိုင်ဆိုင်ထားသည့် ဆီအုန်းစိုက်ပျိုး ထုတ်လုပ်မှုနှင့်ရောင်းဝယ်ရေးကုမ္ပဏီ Biopalma ကို ၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် ဇီဝ လောင်စာလုပ်ငန်းစုက ဝယ်ယူခဲ့သေးသည်။ Biopalma သည် Pará ပြည်နယ်ရှိ Acará နှင့် Tocantins တို့တွင် လုပ်ငန်းခွဲ ၄ ခုဖြင့် ဆီအုန်းစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်မှုများ လုပ်ဆောင် နေသည့်ကုမ္ပဏီတစ်ခုဖြစ်သည်။

ထွန်းအောင်ဇော်၊ စီးပွားရေးသံမှူး

ဘရာဇီးလ်နိုင်ငံ

သတင်းရင်းမြစ် -BBF announces installation of soy extruder plant in PA and investments in palm

Loading