ပြည်ပသတင်းများ

“ရုပ်သေး”အမှတ်တံဆိပ် မြန်မာ့လက်ဖက်ရည်အား တရုတ်-အာဆီယံကုန်စည်ပြပွဲ အတွင်းရေးမှူးရုံး၏ လုပ်ငန်းခွဲဖြစ် သည့် Guangxi CAEXPO Brand Management Co., Ltd. ၏ e-Platform ပေါ်တွင်ရောင်းချရန် သဘောတူ စာချုပ်ချုပ်ဆိုနိုင်ခဲ့

မြန်မာနိုင်ငံမှ “ရုပ်သေး” အမှတ်တံဆိပ် မြန်မာလက်ဖက်ရည် အား ထုတ်လုပ်တင်ပို့ နေသည့် တော်ဝင်ကမ္ဘောဇတောင်တန်းကုမ္ပဏီနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီး(ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့ရှိ တရုတ်-အာဆီယံကုန်စည်ပြပွဲ အတွင်းရေးမှူးရုံး၏ လုပ်ငန်းခွဲဖြစ်သည့် Guangxi CAEXPO Brand Management Co., Ltd.တို့အကြား e-Platform ပေါ်တွင် ရောင်းချရန် သဘောတူစာချုပ်တစ်ရပ်အား နန်နင်းမြို့ရှိ စီးပွားရေးသံမှူးရုံး၌ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၄) ရက်နေ့ ညနေပိုင်းတွင် လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါသည်။

ယခင်နှစ်များအတွင်း အာဆီယံနိုင်ငံများမှ ကုန်ပစ္စည်းများကို တရုတ်နိုင်ငံတွင် တရုတ်-အာဆီယံကုန်စည်ပြပွဲကျင်းပသည့်ကာလ၌သာ အများအပြားတွေ့နိုင်ပြီး၊ ကျန်ကာလ များတွင် တရုတ်စားသုံးသူများထံသို့ ရောက်ရှိမှုနည်းပါးသဖြင့် တစ်နှစ်ပတ်လုံးဝယ်ယူရရှိနိုင် မည့် e-Platform အား (၂၀၁၉) ခုနှစ်ကုန်ခန့်တွင် တရုတ်- အာဆီယံကျင်းပရေးအတွင်းရေးမှူး ရုံးက ပြုလုပ်ခဲ့ကာ Guangxi CAEXPO Brand Management Co., Ltd. သို့ တာဝန်ပေးအပ် ထားခြင်းဖြစ်ပါသည်။ Guangxi CAEXPO Brand Management Co.,Ltd.၏ e-Platform များကို Taobaoအစရှိသည့် နာမည်ကြီး e-Platform များပေါ်တွင် ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။

၎င်း e-Platform ပေါ်တွင် အာဆီယံနိုင်ငံများအလိုက် ကုန်ပစ္စည်းများကို အုပ်စုခွဲ၍ ပြသရောင်းချနေရာ မြန်မာနိုင်ငံအတွက် ကုန်ပစ္စည်းများထည့်သွင်းနိုင်ရေးအတွက်  နန်နင်းမြို့ရှိ မြန်မာစီးပွားရေးသံမှူး ဒေါက်တာရွှေစင်ကိုနှင့် (၂၀၂၀) ခုနှစ် နှစ်ဆန်းကတည်းက စတင်ညှိနှိုင်းလာ ခဲ့ပါသည်။ တရုတ်နိုင်ငံ၏ e-Commerce Platform စည်းမျဉ်း လိုအပ်ချက်များအရ e-Platform ပေါ်တွင် ရောင်းချလိုသည့် မြန်မာကုန်ပစ္စည်းများမှာ တစ်ဖက်ဖော်ပြပါအချက်များနှင့် ယေဘုယျ ညီညွတ်ရန် လိုအပ်ပါသည် –

                 (က)     တရုတ်နိုင်ငံသို့ ပုံမှန်ကုန်သွယ်မှုနည်းလမ်းဖြင့် ရောက်ရှိလာရန် လိုအပ်ခြင်း၊

                 ( ခ )    မြန်မာနိုင်ငံမှ တရားဝင်တင်ပို့သူနှင့် တရုတ်နိုင်ငံမှ တရားဝင်တင်သွင်းသူများ ရှိရန် လိုအပ်ခြင်း၊

                 ( ဂ )    တရုတ်အကောက်ခွန်ဌာနတွင် အကောက်ခွန်ရှင်းလင်းထားသည့် အထောက် အထားများ လိုအပ်ခြင်း၊

                 (ဃ)     ကုန်စည်ပြပွဲတွင်ပြသရန် ပင်လယ်ရေကြောင်းမှ တင်သွင်းသည့် ပစ္စည်းများကို ရောင်းချ၍ မရခြင်း၊

                 ( င )    တရုတ်နိုင်ငံတွင် ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ထားရန် လိုအပ်ခြင်းနှင့် စားသုံး ရန်သင့်လျော်ကြောင်းစစ်ဆေးထားသည့် လက်မှတ်ရရှိထားရန် လိုအပ်ခြင်း၊

                 ( စ )    တရုတ်နိုင်ငံ၏ ကုန်အမှတ်တံဆိပ်အညွှန်းများ တပ်ဆင်သည့် လိုအပ်ချက်များ နှင့် ညီညွတ်ရန်လိုအပ်ခြင်း၊

           (ဆ)     တရုတ်နိုင်ငံဘက်မှ တင်သွင်းသည့်လုပ်ငန်းတွင် ဘဏ်စာရင်းရှိရန် လိုအပ်ခြင်း နှင့် အစိုးရအားအခွန်ဆောင်ရမည့် တရားဝင်ပြေစာများ ထုတ်ပေးရန်လိုအပ်ခြင်း၊

                 ( ဇ )    အမှာစာများအတွက် အချိန်မီပေးပို့ရန်နှင့် စောဒကတက်မှုများအား ကိုင်တွယ် ဖြေရှင်းနိုင်ရန်လိုခြင်း၊

တော်ဝင်ကမ္ဘောဇတောင်တန်းကုမ္ပဏီ၏ ရုပ်သေးတံဆိပ် မြန်မာလက်ဖက်ရည်သည် တရုတ်နိုင်ငံ၏  အကြီးဆုံးကုန်စည်ပြပွဲကျင်းပရေးအတွင်းရေးမှူးရုံး (၄) ရုံးအနက် တစ်ရုံးဖြစ် သည့် တရုတ်-အာဆီယံကုန်စည်ပြပွဲအတွင်းရေးမှူးရုံး၏ဂုဏ်သိက္ခာကြီးမားသည့် e-Commerce Platform များပေါ်တွင်  မြန်မာနိုင်ငံ၏ စားသောက်ကုန်အဖြစ် ပထမဆုံး တင်သွင်းရောင်းချ နိုင်ခဲ့သော ကုန်ပစ္စည်းအဖြစ် သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့ပြီဖြစ်ပါသည်။  ထိုကဲ့သို့ ရောင်းချနိုင် ရေးအတွက် အပိုဒ် (၃) ပါ လိုအပ်ချက်များအား အဘက်ဘက်မှ အချိန်ယူ၍ ပြင်ဆင်ခဲ့ရပါသည်။ သဘောတူစာချုပ်အား လက်မှတ်ရေးထိုးပြီး ရက်သတ္တ ၂ ပတ်မှ ၃ ပတ်အတွင်း မြန်မာနိုင်ငံ အတွက် ကုန်ပစ္စည်းအုပ်စုအား e-Platform ပေါ်၌ ထည့်သွင်းသွားမည်ဟု သိရပါသည်။

တော်ဝင်ကမ္ဘောဇတောင်တန်းကုမ္ပဏီက ယခုကဲ့သို့ ဆောင်ရွက်သကဲ့သို့ တရုတ်နိုင်ငံ ဘက်မှ တရားဝင်ဝယ်ယူမည့်သူရှိသည့် (သို့မဟုတ်) တရုတ်ဝယ်ယူသူနှင့် လက်ရှိတရားဝင် ကုန်သွယ်မှုပြုနေသည့် မြန်မာကုန်ပစ္စည်းများကိုလည်း Guangxi CAEXPO Brand Management Co.,Ltd. ၏ e-Platform ပေါ်တွင် တင်သွင်းရောင်းချလို ပါက ဆက်လက်ချိတ်ဆက်ပေးသွား မည်ဖြစ်ပါသဖြင့်  economicattachenanning@outlook.com သို့ ဆက်သွယ်နိုင်ကြပါသည်။

ရင်းမြစ်၊ စီးပွားရေးသံမှူးရုံး (နန်နင်းမြို့)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့

Loading