ပြည်တွင်းသတင်းများ

ရန်ကုန်ဈေးကွက် လယ်ယာထွက်ကုန် ရောင်းဝယ်မှု အခြေအနေ

ဆန်/စပါး

မြန်မာနိုင်ငံ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း) မှ ၂-၁၂-၂၀၂၀ ရက်နေ့ ထုတ်ပြန်သော ဆန်အမျိုးအစားအလိုက် ဈေးနှုန်းများမှာ ဖျာပုံပေါ်ဆန်း တစ်တင်းခွဲအိတ်တစ်အိတ်လျှင် ၃၆,၀၀၀ ကျပ်မှ ၃၇,၅၀၀ကျပ်၊ မြောင်းမြ/ ပုသိမ်ပေါ်ဆန်း တစ်တင်းခွဲအိတ် တစ်အိတ်လျှင် ၃၈,၅၀၀ ကျပ်မှ ၄၁,၀၀၀ ကျပ်၊ ပေါ်ကျွဲတစ်အိတ်လျှင် ၃၁,၀၀၀ ကျပ်မှ ၃၂,၀၀၀ ကျပ်၊ ဧည့်မထ ဆန်တစ်အိတ်လျှင် ၂၄,၀၀၀ ကျပ်မှ ၂၅,၀၀၀ ကျပ်၊ မနောသုခဆန် တစ်အိတ်လျှင် ၂၄,၅၀၀ ကျပ် မှ ၂၆,၀၀၀ ကျပ်၊ ငစိန်ဆန်တစ်အိတ်လျှင် ၁၉,၅၀၀ ကျပ်မှ ၂၁,၀၀၀ ကျပ်ဖြင့် ရောင်းဝယ်မှု ရှိသဖြင့် ယခင်တစ်ပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်းအတက်အကျ ပြောင်းလဲမှု အနည်းငယ်သာ ရှိကြောင်းသိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များမှ ထွက်ရှိသော ရွှေဘိုပေါ်ဆန်းဆန်အသစ်များ ရန်ကုန်စျေးကွက်သို့ ဝင်ရောက်လျက်ရှိပြီး ၂-၁၂-၂၀၂၀ ရက်နေ့ ဈေးနှုန်းအရ တစ်တင်းခွဲအိတ်တစ်အိတ်လျှင် ၅၀,၀၀၀ ကျပ်မှ ၅၈,၀၀၀ ကျပ်ဖြင့် ဈေးနှုန်းပြောင်းလဲမှုမရှိ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

ဆန်အမျိုးအစားအားလုံးအနေဖြင့် ယခင်တစ်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်မှုအရ တစ်တင်းခွဲ ဆန်အိတ်တစ်အိတ်လျှင် ဈေးအတက်အကျပြောင်းလဲမှုအနည်းငယ်ရှိခဲ့သည်။ အောက်တိုဘာလ ကုန် (သို့) နိုဝင်ဘာလဆန်းပိုင်းရက်များမှစ၍ ဒေသအချို့တွင် မိုးစပါးသစ်/ ဆန်သစ် အနည်းငယ် ဈေးကွက်သို့ စတင်ဝင်ရောက်မှုရှိခဲ့ပြီး ယခုတစ်ပတ်အတွင်း ဈေးကွက်သို့ ဆန်သစ်ဝင်ရောက် မှုများခြင်းကြောင့်လည်းကောင်း၊ ဆန်ဟောင်းလက်ကျန် အလွန်နည်းလာချိန်ဖြစ်ခြင်းတို့ကြောင့် လည်းကောင်း၊ ဝယ်လိုအားအနေဖြင့် ပုံမှန်အခြေအနေသာရှိခြင်း စသည့်အချက်တို့ကြောင့် ဆန် ဈေးနှုန်းများ အတက်အကျပြောင်းလဲမှုအနည်းငယ်သာ ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်ဈေးကွက်သို့ မြို့နယ်အသီးသီး (ဖျာပုံ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ဒေးဒရဲ၊ ဝါးခယ်မ၊ လပွတ္တာ၊ ကျိုက်လတ်၊ မြောင်းမြ၊ ကော့မှူး၊ တွံ့တေး၊ ကွမ်းခြံကုန်းနှင့် ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ) မှ ဆန်မျိုးစုံ နေ့စဉ် ဆန်အိတ်ပေါင်း (၇၀၀၀၀) ဝန်းကျင်ခန့် ဝင်ရောက်မှုရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ် များမှ စိုက်ပျိုးထွက်ရှိသော ရွှေဘိုပေါ်ဆန်းဆန်များ ဝင်ရောက်မှုရှိကြောင်း သိရှိရပါသည်။

စားသုံးဆီ

စားသုံးဆီဈေးကွက်အနေဖြင့် စားအုန်းဆီ ပြည်ပဈေးနှုန်း နိမ့်ကျနေချိန် ပြီးခဲ့သည့် လများအတွင်း ပြည်တွင်းလိုအပ်ချက်ထက်ပို၍ ပြည်ပမှ တင်သွင်းထားခဲ့သော်လည်း ယခုလပိုင်း အတွင်း ပြည်ပဈေးမြင့်လာချိန်တွင် သိုလှောင်ထားသော စားအုန်းဆီများကို လက်ရှိပြည်ပ ဈေးဖြင့် တွက်ချက်ရောင်းချမှုရှိခြင်းကြောင့် ဈေးမြင့်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အစေ့ထုတ်ပြောင်း

အစေ့ထုတ်ပြောင်းဈေးနှုန်းအနေဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် ရှမ်းပြည်နယ်‌တောင်ပိုင်းဒေသများတွင် မိုးသီးနှံအဖြစ် စိုက်ပျိုးထားသည့် အစေ့ထုတ်ပြောင်းများ ခူးဆွတ် နေချိန်ဖြစ်၍ ဈေးကွက်တွင်း ဝင်ရောက်မှုများခြင်း၊ ထွက်ရှိရာဒေသတွင် ရောင်းလိုအားများပြီး တိရစ္ဆာန်အစာစပ်လုပ်ငန်းများမှ ဝယ်လိုအားသာရှိခြင်းတို့ကြောင့် ယခုတစ်ပတ်အတွင်း အစေ့ထုတ် ပြောင်း ၅၄ ပိဿာလျှင် ၂၄,၅၇၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်သောကြောင့် ယခင်တစ်ပတ် ဈေးနှုန်းထက် ဈေးအနည်းငယ်ကျကြောင်း သိရှိရပါသည်။

ပဲမျိုးစုံ

ပဲဈေးနှုန်းအနေဖြင့် ယခုသီတင်းပတ်အတွင်း ပိတ်ရက်များရှိခဲ့ပြီး ကုန်စည်ဒိုင်နှင့် ဘဏ်လုပ်ငန်းများ ပြန်လည်ဖွင့်သည့်ရက်များတွင် အရောင်းအဝယ်သွက်လာခြင်းကြောင့် မတ်ပဲ နှင့် ပဲစဉ်းငုံဈေးတက်ခဲ့သည်။ ယခင်တစ်ပတ်တွင်  မတ်ပဲ(သင်္ဘောတင်) တစ်တန်လျှင် ၁,၀၀၄, ၀၀၀ ကျပ် ဖြစ်ခဲ့ပြီး ယခုတစ်ပတ် ဈေးနှုန်းအရ တစ်တန်လျှင် ၁,၀၄၁,၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ ယခင်တစ်ပတ်တွင် ပဲစင်းငုံ (သင်္ဘောတင်) တစ်တန်လျှင် ၇၉၇,၅၀၀ ကျပ်ဖြစ်ခဲ့ပြီး ယခုတစ်ပတ် ဈေးနှုန်းအရ ပဲစင်းငုံ (သင်္ဘောတင်) တစ်တန်လျှင် ၈၆၂,၅၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း သိရှိရပါသည်။ ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့၊ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့၊ ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နှင့် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့တို့မှ ထွက်ရှိသော ပဲတီစိမ်းနှင့် ပဲတီရွှေဝါများ ရန်ကုန်ဈေးကွက်သို့ ဝင်ရောက်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့မှ ထွက်ရှိသော ပဲတီရွှေဝါမှာ အရည်အသွေးအကောင်းဆုံးဖြစ်သည်။ ပဲတီရွှေဝါမှာ တရုတ်ဝယ်လက် ရှိသောကြောင့်လည်းကောင်း၊ ထောပတ်ပဲမှာ မိုးလက်ကျန်ပဲနည်းပြီး ဆောင်းသီးနှံအဖြစ် စတင် စိုက်ပျိုးနေချိန်ဖြစ်ခြင်းတို့ကြောင့် ဈေးကွက်ဝင်ရောက်မှုနည်းခြင်းနှင့် တရုတ်ဝယ်လိုအားရှိခြင်း တို့ကြောင့်လည်းကောင်း၊ ဘိုကိတ်ပဲမှာ ဝယ်လိုအားများခြင်းတို့ကြောင့်  ယခုတစ်ပတ်အတွင်း ဈေးမြင့်ခဲ့ကြောင်းသိရသည်။ ရန်ကုန်ဈေးကွက်အတွင်း ရှမ်းပဲပုတ်ဝင်ရောက်မှုမရှိသေးပဲ မြစ်ဝ ကျွန်းပေါ်ဒေသထွက် ပဲပုတ် (မြန်မာ) သာ ဝင်ရောက်မှုရှိပြီး အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်း ကွာခြားမှုရှိခြင်းကြောင့် ယခုတစ်ပတ်အတွင်း ဈေးနှုန်းအနည်းငယ် နိမ့်နေကြောင်း သိရှိရသည်။

စားဖိုဆောင်သီးနှံ

စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ငရုတ်ခြောက် (ရှည်) မှာ အိန္ဒိယ၊ ဧရာဝတီတိုင်း ဒေသကြီး အိမ်မဲ၊ ပန်းတနော်မှလည်းကောင်း၊ သာစည်၊ ပျော်ဘွယ်မှ မိုးထောင်ငရုတ်များ ရန်ကုန် ဈေးကွက်အတွင်း ဝင်ရောက်မှုရှိပြီး ရောင်းလိုအားနှင့် ဝယ်လိုအားခြေအနေမှာ ပုံမှန်အနေ အထားရှိခြင်းကြောင့် ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း တွေ့ရသည်။ ကြက်သွန်နီမှာ ယခုတစ်ပတ် အတွင်း ဆိပ်ဖြူမှ ရန်ကုန်ဈေးကွက်အတွင်း ဝင်ရောက်မှုများလာခြင်း၊ သီးနှံအဟောင်းများ အရည်အသွေးညံ့လာချိန်ဖြစ်ခြင်း၊ ဝယ်လိုအားနည်းခြင်းတို့ကြောင့် ယခင်တစ်ပတ် ဈေးနှုန်းအရ ကြက်သွန်နီ (ကြီး/ လတ်/ သေး) တစ်ပိဿာလျှင် ၇၀၀-၇၀၀-၅၀၀ ကျပ်မှ ယခုတစ်ပတ်တွင် တစ်ပိဿာလျှင် ၅၅၀-၅၀၀-၃၅၀ ကျပ်သို့ ဈေးနိမ့်သွားကြောင်း သိရှိရသည်။

(ဒေါ်ဖြူမာချို၊ ရန်ကုန်ဈေးကွက်တာဝန်ခံ)

Loading