ပြည်တွင်းသတင်းများ

တရုတ်-မြန်မာစီးပွားရေးစင်္ကြံပူးတွဲကော်မတီအောက်ရှိ စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့ညှိနှိုင်းအစည်းအဝေးကျင်းပခြင်း

တရုတ်-မြန်မာစီးပွားရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကော်မတီအောက်မှ ဖွဲ့စည်းထားရှိသော လုပ်ငန်းအဖွဲ့ (၁၂) ဖွဲ့အနက် စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုလုပ်ငန်း အဖွဲ့၏ညှိနှိုင်းအစည်းအဝေးကို အမြဲတမ်းအတွင်းဝန် (စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန) မှ ဦးဆောင်၍ (၃၁-၁-၂၀၂၂) ရက်နေ့၊ (၁၅:၀၀) နာရီတွင် ရုံးအမှတ် (၁၅) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်၊ ဖေဖော်ဝါရီလ၊ တတိယအပတ်တွင် ကျင်းပသွားရန်ရှိသည့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံ ပူးတွဲကော်မတီ ဒုတိယအကြိမ်အစည်းအဝေးတွင် စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့အနေဖြင့် ဆက်လက်ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းများ၊ ရပ်ဆိုင်းလိုသည့်လုပ်ငန်းများနှင့် ထပ်မံအဆိုပြုလိုသည့် စီမံကိန်းများအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးရန် ရည်ရွယ်၍ အစည်းအဝေးအား ကျင်းပခဲ့ခြင်းဖြစ်ပါ သည်။
အဆိုပါ အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့၏ ဥက္ကဋ္ဌ ဖြစ်သူ အမြဲတမ်းအတွင်းဝန်၊ စီမံကိန်းဦးစီးဌာန (အတွင်းရေးမှူး) နှင့်အဖွဲ့ဝင်များဖြစ်သည့် ၊ စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မွေးမြူရေး နှင့် ကုသရေးဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့ မှ ညွှန်ကြားရေးမှူးချုပ်များမှ ကိုယ်တိုင် (In Person) တက်ရောက်၍ ဆက်စပ်ဝန်ကြီးဌာနများဖြစ်သည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်ဝယ်ရေးဝန်ကြီးဌာနနှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့မှ အဖွဲ့ဝင်များအပြင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်တို့မှလည်း (Zoom Meeting) ဖြင့် တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ပထမဦးစွာ စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းအဖွဲ့၏ ဥက္ကဋ္ဌ ဖြစ်သူ အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ လုပ်ငန်းအဖွဲ့၏ အတွင်းရေးမှူး ဖြစ်သူ စီမံကိန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ တရုတ်-မြန်မာစီးပွားရေးစင်္ကြံဆိုင်ရာ အချက်အလက်များအား PowerPoint ဖြင့်ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တက်ရောက် လာသည့် အဖွဲ့ဝင်များမှ အကြံပြုဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို (၁၆:၂၀) နာရီတွင် ရုတ်သိမ်း ခဲ့ပါသည်။

Loading