သတင်းများ

ဗီယက်နမ်နိုင်ငံ၏ အင်းဆက်အခြေပြု စားသောက်ကုန်များ အီးယူသို့ တင်ပို့ခွင့်ရရှိခဲ့ခြင်း

ဗီယက်နမ်နိုင်ငံအနေဖြင့် ဥရောပသမဂ္ဂသို့ အင်းဆက်အခြေပြု စားသောက်ကုန်များ (insect- based food) ကိုတင်ပို့ခွင့်ရရှိခဲ့သည့် ကမ္ဘာ့နိုင်ငံများအနက် (၅) ခုမြောက်နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ၊ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနအရ သိရသည်။ ဥရောပ ကော်မရှင်၏ Regulation (EU) 2021/171 အရ ဗီယက်နမ်နိုင်ငံအနေဖြင့် လုံလောက်သည့် အထောက်အထားနှင့် အာမခံချက်များပြသနိုင်မှုကြောင့် ဥရောပကော်မရှင်ကျန်းမာရေးနှင့် အစား အသောက်ဘေးကင်းလုံခြုံမှုဌာန (Directorate-General for Health and Food Safety (DG SANTE)) ၏ အီးယူဈေးကွက်သို့ အင်းဆက်အခြေပြုစားသောက်ကုန်များ တင်ပို့ခွင့် ရရှိသည့် တတိယနိုင်ငံများစာရင်းတွင် ဗီယက်နမ်နိုင်ငံအား ထည့်သွင်းခဲ့ခြင်းဖြစ်သည်။ ဥရောပကော်မရှင် ၏ ယင်း Regulation သည် ၁၅-၂-၂၀၂၁ နေ့တွင် စတင်အသက်ဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခင်က အီးယူသို့ အင်းဆက်အခြေပြုစားသောက်ကုန်များ တင်ပို့ခွင့်ရရှိထားသည့် နိုင်ငံများမှာ ကနေဒါ၊ ဆွစ်ဇာလန်၊ ကိုရီးယားသမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ကြပြီး၊ ဗီယက်နမ် နိုင်ငံက (၅) ခုမြောက်တင်ပို့ခွင့်ရရှိသည့် နိုင်ငံဖြစ်လာသည်။ အင်းဆက်အခြေပြု စားသောက်ကုန် များ အီးယူသို့ တင်ပို့ခွင့်ရရှိခဲ့ခြင်းသည် ဗီယက်နမ်နိုင်ငံ၏ စားသောက်ကုန်လုပ်ငန်းကဏ္ဍ ပိုမို ဖွံ့ဖြိုးလာစေရေးအတွက် မောင်းနှင်အားအသစ်တခုဖြစ်လာနိုင်မည်ဟု ဗီယက်နမ်လုပ်ငန်းများက  မျှော်လင့်ထားကြကြောင်းသိရသည်။

အီးယူ၌ အင်းဆက်အခြေပြုစားသောက်ကုန်များကို ဝယ်ယူစားသုံးသူများသည် စားသောက်မှုပုံစံအသစ်ကို ရှာဖွေလာကြခြင်းဖြစ်ကြောင်း၊ အဆိုပါထုတ်ကုန်များကို ပုံမှန်စာသုံးမှု အလေ့အထအဖြစ်သို့ ပြောင်းလဲနိုင်ရေးဆောင်ရွက်ရန် လိုအပ်ကြောင်း insect-based food ကုမ္ပဏီများက ဆိုသည်။ ကမ္ဘာတစ်ဝန်းရှိလူဦးရေ (၂.၅) ဘီလီယံခန့်က အင်းဆက်များကို စားသုံး မှုရှိပြီး၊ ရောမခေတ်က ပိုးတီများအား စားသောက်ဖွယ်တစ်ရပ်အဖြစ် ယူဆမှုရှိခဲ့သော်လည်း အင်းဆက်စားသုံးမှုသည် ဥရောပတွင်ပုံမှန်စားသောက်မှုအလေ့အထ မဟုတ်ခဲ့ကြောင်း သိရသည်။

အင်းဆက်အခြေပြုစားသောက်ကုန်များသည် ပြောင်းလဲလာသည့် စားသောက်မှုပုံစံ တစ်ရပ်အဖြစ်သာမက လာမည့် ၂၀၅၀ ခုနှစ်တွင် ရှိလာမည့်ကမ္ဘာ့လူဦးရေ (၉) ဘီလီယံဝန်းကျင်၏ စားနပ်ရိက္ခာလိုအပ်ချက်အတွက် အထောက်အကူပြုမှုတစ်ရပ်ဖြစ်လာနိုင်ကြောင်း၊ ဥပမာအားဖြင့် ကမ္ဘာတစ်ဝန်းအသားစားသုံးမှုမြင့်တက်လာခြင်းအတွက် ခုသာခံသာရှိစေနိုင်ကြောင်းသိရသည်။ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (Food and Agriculture Organization-FAO) အရ ၂၀၃၀ ပြည့်နှစ်တွင် လူတစ်ဦးချင်းစီ၏ အသားစားသုံးမှုသည် ၂၀၁၅ ခုနှစ်ကထက် ပျမ်းမျှ (၁၀) ရာခိုင်နှုန်းပိုများလာမည်ဟု ဆိုသည်။ ဘီလီယံနှင့်ချီသော တိရိစ္ဆာန်များမှ မီသိန်းဓါတ်ငွေ့များ ထုတ်လွှတ်ခြင်းနှင့် တိရိစ္ဆာန်အစာထုတ်လုပ်မှုအတွက် မြေနှင့်ရေအမြောက်အများ အသုံးပြုရခြင်း တို့ကြောင့် အသားစားသုံးမှုမြင့်တက်လာခြင်းသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုအတွက် ကြီးမားသော စိန်ခေါ်မှုဖြစ်စေကြောင်း၊ အင်းဆက်များတွင်ပရိုတင်းပါဝင်မှုသည် (၃၅) ရာခိုင်နှုန်းမှ (၇၇)ရာခိုင်နှုန်းအကြားရှိပြီး၊ ကြက်၊ ဝက်၊ အမဲစသည့် အသားများထက် ပါဝင်မှုပိုမိုမြင့်မားကြောင်း သိရသည်။ အင်းဆက်များ၏ အာဟာရဆိုင်ရာ ကောင်းမွန်သည့်အချက်များရှိသော်လည်း လက်ရှိ တွင် နယ်ပယ်အလိုက် အထူးပြုထုတ်ကုန်ဈေးကွက် (niche market) အဖြစ်သာ ရှိနေဆဲဖြစ်သည် ဟု International Platform of Insects for Food and Feed (IPIFF) ထံမှ သိရသည်။ အီးယူတွင် နှစ်စဉ်အင်းဆက်ပရိုတင်းတန်ချိန် (၆၀၀၀) ခန့်သာထုတ်လုပ်နိုင်သေးကြောင်းနှင့် ၂၀၃၀ ပြည့်နှစ် တွင် တန်ချိန် (၂) သန်းမှ (၅) သန်းကြားထုတ်လုပ်နိုင်ဖွယ်ရှိကြောင်း IPIFF က ခန့်မှန်းထားသည်။

ရင်းမြစ် –  (en.vietnamplus.vn၊Euractiv)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading