ပြည်ပသတင်းများ

ဘယ်လ်ဂျီယံနိုင်ငံရှိ Non-essential shops များက ကြိုတင်ချိန်းဆိုမှုပြု၍ ဝယ်ယူသည့်ပုံစံဖြင့် ရောင်းချလို ကြခြင်း

ဘယ်လ်ဂျီယံနိုင်ငံရှိ မဖြစ်မနေသုံးစွဲရန်မဟုတ်သော ကုန်စည် များကို ရောင်းချသည့်ဆိုင်များ (Non-essential shops) သည် ၎င်းတို့၏ လုပ်ငန်းများ ရပ်တည်ရှင်သန်နိုင်ရေးအတွက် ဝယ်ယူသူများက ချိန်းဆိုမှုပြုလုပ်၍ လာရောက်ဝယ်ယူသည့်ပုံစံကို ခွင့်ပြုစေလိုကြကြောင်း အဆိုပါ လုပ်ငန်းကဏ္ဍဆိုင်ရာ အသင်းထံမှ သိရသည်။ အွန်လိုင်းမှတစ်ဆင့် ဝယ်ယူသည့်စနစ် “Click & collect” system သည် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများရှင်သန်ရပ်တည်နိုင်ရန် လုံလောက်မှု မရှိကြောင်း အဆိုပါအသင်းက ပြောကြားခဲ့သည်။

ဘယ်လ်ဂျီယံနိုင်ငံအစိုးရမှ အသွားအလာကန့်သတ်မှုအစီအမံများ (lockdown measures) ကို ချမှတ်ထားမှုကြောင့် Non-essential shops များ ပိတ်ထားရသဖြင့်  ၎င်းလုပ်ငန်း များသည် နေ့စဉ်ဝင်ငွေ ယူရိုသန်း (၁၀၀) ခန့်ဆုံးရှုံးလျက်ရှိကြကြောင်း ဘယ်လ်ဂျီယံရှိ ကူသန်း ရောင်းဝယ်ရေးဆိုင်ရာအသင်းအဖွဲ့ Comeos ၏ ခန့်မှန်းချက်အရ သိရသည်။ ဘယ်လ်ဂျီယံနိုင်ငံ ၏ ဒုတိယအကြိမ် အသွားအလာကန့်သတ်မှုကာလဖြစ်သည့် နိုဝင်ဘာလ ၂ ရက်နေ့မှ ဒီဇင်ဘာ လ ၁၃ ရက်နေ့အထိ ကာလအတွင်း အဆိုပါဆိုင်များအနေဖြင့် ဝင်ငွေ ယူရို ၄ ဘီလီယံခန့် ဆုံးရှုံး နိုင်ဖွယ်ရှိနေသည်ဟု ခန့်မှန်းထားသည်။ ထို့ကြောင့် ၎င်းလုပ်ငန်းကဏ္ဍရှိ အသင်းများအနေဖြင့် ဈေးဝယ်ယူသူများကို ကြိုတင်ချိန်းဆိုသည့်ပုံစံဖြင့် လက်ခံ၍ ရောင်းချခွင့်ကို အစိုးရပိုင်းမှ ခွင့်ပြု ပေးရန် ဆန္ဒရှိနေကြခြင်း ဖြစ်သည်။

ဆောင်းရာသီအရောင်းမြှင့်တင်ရေးကာလ (sales period) သို့ မကြာမီ ရောက်ရှိတော့ မည်ဖြစ်ပြီး၊ မသေချာမရေရာမှုများကြောင့် ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် မျှော်လင့်ချက် နည်းပါးသည့် အခြေအနေဖြစ်ပေါ်နေသဖြင့်  ကြိတင်ချိန်းဆိုမှုဖြင့် ဈေးဝယ်ယူမှုကို လာမည့် ဒီဇင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထား၍ ခွင့်ပြုပေးရန် ဘယ်လ်ဂျီယံနိုင်ငံ၏ လုပ်ငန်းရှင်များ အသင်း (Unizo) က အစိုးရကို တိုက်တွန်းထားကြောင်းလည်း သိရသည်။ အဆိုပါဆိုင်များ၏ လည်ပတ်ငွေကြေးမှာ ပုံမှန်အဆင့်အောက် များစွာနိမ့်ကျနေမည်ဖြစ်သဖြင့် ထပ်ဆောင်းအကူအညီ အစီအမံများကို ဆက်လက်ထားရှိရန် လိုအပ်မှုကိုလည်း Unizo က အလေးထားပြောကြားခဲ့သည်။

ရင်းမြစ်  –   (ဘရပ်ဆဲလ်တိုင်းမ်)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading