ပြည်ပသတင်းများ

(၉) လအတွင်း ဘရပ်ဆဲလ်လေကြောင်းလိုင်းအနေဖြင့် ယူရို ၂၃၃ သန်း ဆုံးရှုံးမှုရှိခဲ့ခြင်း

ဘရပ်ဆဲလ်လေကြောင်းလိုင်းအနေဖြင့် ယခုနှစ်၏ ပထမ (၉) လအတွင်း ယူရို ၂၃၃ သန်း ဆုံးရှုံးခဲ့ကြောင်း လေကြောင်းကုမ္ပဏီက ထုတ်ပြန်ခဲ့ပြီး၊ အဓိကအကြောင်းအရင်းမှာ ကိုရိုနာ ဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ကမ္ဘာ့ခရီးသွားလာမှုကဏ္ဍ အထူးသဖြင့် လေကြောင်းခရီးသွားလုပ်ငန်း အပေါ် သိသိသာသာ သက်ရောက်မှုရှိခဲ့၍ဖြစ်ကြောင်း သိရသည်။ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိကာလအတွင်း ခရီးသွားအရေအတွက်မှာ ၇၃ ရာခိုင်နှုန်း ကျဆင်းခဲ့ရာ အဆိုပါ လေကြောင်းကုမ္ပဏီအနေဖြင့် ယင်းအခြေအနေအား Reboot Plus ဟု အမည်ရသည့် ပြန်လည်ဖွဲ့စည်းထူထောင်ရေးအစီအစဉ်ဖြင့် တုံ့ပြန်ဆောင်ရွက်လျက်ရှိပြီး၊ အဆိုပါ အစီအစဉ် တွင် ပြီးခဲ့သည့် သြဂုတ်လအတွင်း၌ ဥရောပကော်မရှင်က အတည်ပြုခဲ့သည့် ဘယ်လ်ဂျီယံ နိုင်ငံအစိုးရ၏  ယူရို ၂၉၀ သန်းတန်ဖိုးရှိ ချေးငွေအကူအညီလည်း ပါဝင်သည်။

ဘရပ်ဆဲလ်လေကြောင်းလိုင်း၏ ပြန်လည်ထူထောင်ရေးအစီအစဉ်သည် ယင်း၏ ဝင်ငွေ ဆုံးရှုံးမှုကြောင့် သက်ရောက်မှုရှိလာနိုင်သည့် အလုပ်အကိုင်များ၏ သေချာမှုရှိစေရေးကို ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အဆိုပါလေကြောင်းကုမ္ပဏီ၏ ပြန်လည်ဖွဲ့စည်းထူထောင်ရေး လုပ်ငန်းများသည် ယခုနှစ်ကုန်တွင် ၉၀ ရာခိုင်နှုန်းပြီးစီးမည်ဖြစ်ကြောင်း ကုမ္ပဏီကဆိုသည်။ ယင်းသို့ပြန်လည်ဖွဲ့စည်းရာတွင် လေယာဉ်အစီးရေအား ၃၀ ရာခိုင်နှုန်းလျှော့ချခြင်းနှင့် လုပ်သား အင်အား ၂၅ ရာခိုင်နှုန်းလျှော့ချခြင်းတို့ပါဝင်ပြီး၊ ယခုနှစ် စက်တင်ဘာလကုန်တွင် လုပ်သား အရေအတွက်မှာ ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁၄ ရာခိုင်နှုန်းကျဆင်းခဲ့ပြီးဖြစ်ကြောင်း ကုမ္ပဏီ အရ သိရသည်။

၎င်းလေကြောင်းကုမ္ပဏီအနေဖြင့် လာမည့် ၂၀၂၁ ခုနှစ်တွင် ပျံသန်းမှုလမ်းကြောင်း များကို လျှော့ချထားသည့် လေကြောင်းလိုင်းတစ်ခုအဖြစ် စတင်နိုင်ရေးအတွက် ယခုနှစ်တွင် Reboot Plus အစီအစဉ်ကို ချိန်သားကိုက်ပုံစံဖြင့် ဆက်လက်အကောင်အထည်နိုင်ရေးကို အလေးထားဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကုမ္ပဏီ၏ စီအီးအိုဖြစ်သူ Dieter Vranckx က ပြောကြားသည်။ ခရီးသွားလာမှု ကန့်သတ်ချက်များ၊ ကူးစက်ရောဂါမပျံ့နှံ့စေရေး တားဆီး ကာကွယ်မှုများနှင့် ရှုပ်ထွေးသည့်အခြေအနေများသည် ခရီးသွားလာမှုကဏ္ဍအပေါ် များစွာ သက်ရောက်မှု ရှိနေသဖြင့် COVID-19 အမြန်စမ်းသပ်စစ်ဆေးခြင်း နည်းလမ်းတစ်ရပ်နှင့်အတူ အီးယူနိုင်ငံများအားလုံးအတွက် ခရီးသွားလာမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတစ်ရပ်ကို ၎င်းတို့အနေ ဖြင့် တောင်းဆိုထားကြောင်း သိရသည်။

ရင်းမြစ် (ဘရပ်ဆဲလ်တိုင်းမ်)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading