ပြည်ပသတင်းများ

COVID-19 ကပ်ရောဂါကူးစက်မှု ပြန်လည်မြှင့်တက်လာ ခြင်းကြောင့် မသေချာမရေရာမှုများ မြင့်မားနေခြင်း နှင့်အတူ ဥရောပ၏ စီးပွားရေးပြန်လည်နိုးထနိုင်မှု နှေးကွေးလျက်ရှိ

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါသည် အီးယူအပါအဝင် ကမ္ဘာ့ နိုင်ငံများအပေါ် ပြင်းထန် သော စီးပွားရေးနှင့် လူမှုရေးဆိုင်ရာအကျိုးဆက်များဖြင့် ရိုက်ခတ်မှုရှိခဲ့သည်။  ယခုနှစ်၏ပထမ နှစ်ဝက်ကာလတွင် ဥရောပ၏ စီးပွားရေးလုပ်ငန်းများသည် ကပ်ရောဂါ၏ ထိုးနှက်မှုဒဏ်ကို ပြင်းထန်စွာ ကြုံတွေ့ခံစားခဲ့ရပြီး၊  ရောဂါကူးစက်မှုထိန်းချုပ်ရေးအစီအမံများအား တဖြည်းဖြည်း ချင်း ပြန်လည်ဖြေလျှော့ခဲ့သည့် တတိယသုံးလပတ်ကာလတွင် ဥရောပ၏စီးပွားရေးပြန်လည် နိုးထမှုသည် အားကောင်းလာခဲ့ပါသည်။ သို့ရာတွင် မကြာသေးမီက ဥရောပတစ်လွှား ရောဂါ ကူးစက်မှုနှုန်းများ ပြန်လည်မြင့်တက်လာမှုနှင့်အတူ နိုင်ငံအသီးသီးအလိုက် ဗိုင်းရပ်စ်ထိန်းချုပ် ကန့်သတ်နိုင်ရေး အများပြည်သူကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်အစီအမံများကို ပြန်လည် သတ်မှတ်ခဲ့ရပါသည်။ ဥရောပကော်မရှင်က ၅-၁၁-၂၀၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ဆောင်းဦးရာသီ စီးပွားရေးခန့်မှန်းချက်အရ ယူရိုဒေသ၏ စီးပွားရေးသည် ၂၀၂၀ ပြည့်နှစ်တွင် ၇ ဒသမ ၈ ရာခိုင်နှုန်းဖြင့် ကျဆင်းမည်ဖြစ်ပြီး၊ စီးပွားရေးတိုးတက်မှုနှုန်းအနေဖြင့် ၂၀၂၁ ခုနှစ် တွင် ၄ ဒသမ ၂ ရာခိုင်နှုန်း၊ ၂၀၂၂ ခုနှစ်တွင် ၃ ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းထားပါသည်။ အလားတူ အီးယူ၏ စီးပွားရေးသည်  ၂၀၂၀ ပြည့်နှစ်တွင် ၇ ဒသမ ၄ ရာခိုင်နှုန်းဖြင့် ကျုံ့ဝင်မည်ဖြစ်ပြီး၊ ၂၀၂၁ ခုနှစ်တွင် ၄ ဒသမ ၁ ရာခိုင်နှုန်းနှင့် ၂၀၂၂ ခုနှစ်တွင် ၃ ရာခိုင်နှုန်း ပြန်လည်တိုးတက် မည်ဟု ခန့်မှန်းချက်အရ သိရသည်။

အလုပ်အကိုင်ဆုံးရှုံးမှုများနှင့် အလုပ်လက်မဲ့နှုန်းထား မြင့်တက်လာခြင်းသည် ဥရောပ နိုင်ငံများ၌ ပြင်းထန်သော ထိုးနှက်ချက်ဖြစ်လာသောကြောင့် အီးယူအဖွဲ့ဝင်နိုင်ငံများအနေဖြင့် သာမက အီးယူတစ်ခုလုံးအနေဖြင့်ပါ မူဝါဒပိုင်း တုံ့ပြန်ဆောင်ရွက်မှုများဖြင့် ကပ်ရောဂါ၏ လုပ်သားဈေးကွက် အပေါ်ရိုက်ခတ်မှုကို လျော့ပါးသက်သာစေရေး ဆောင်ရွက်လျက်ရှိနေပါ သည်။ အီးယူတွင် ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းရပ်များဆောင်ရွက်နိုင်မှု ကျဆင်းလျက် ရှိသော်လည်း ကာလတိုအလုပ် အကိုင်အစီအစဉ် (short-time work schemes) ကဲ့သို့သော အစီအမံများဖြင့် ဆောင်ရွက်မှုကြောင့် အလုပ်လက်မဲဖြစ်မှုမြင့်တက်လာခြင်းကို ခုသာခံသာရှိစေ ခဲ့ကြောင်းသိရသည်။ သို့သော်လည်း အီးယူအဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့၏ အရေးပေါ်တုံ့ပြန်မှု အစီအမံများကို ဖြည်းဖြည်းချင်း ရုပ်သိမ်းသွားမည်ဖြစ်ရာ လာမည့်  ၂၀၂၁ ခုနှစ်တွင် အလုပ် လက်မဲ့နှုန်းထား ဆက်လက်မြင့်တက်နေဦးမည် ဖြစ်ပြီး၊ ၂၀၂၂ ခုနှစ်တွင်မူ စီးပွားရေးပြန်လည် ထူထောင်လာမှုနှင့်အတူ အလုပ်လက်မဲ့ဖြစ်မှုနှုန်းထား အပိုင်းတွင် တိုးတက်လာနိုင်ကြောင်း ခန့်မှန်းချက်က ဆိုသည်။ ၎င်းခန့်မှန်းချက်အရ ယူရိုဒေသ၏ အလုပ်လက်မဲ့နှုန်းထားသည် ၂၀၁၉ ခုနှစ်တွင် ၇ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင်  ၈ ဒသမ ၃ ရာခိုင်နှုန်းသို့ မြင့်တက် လာကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ၉ ဒသမ ၄ ရာခိုင်နှုန်းသို့ ဆက်လက် မြင့်တက်နိုင်ပြီး၊ ၂၀၂၂ ခုနှစ် တွင် ၈ ဒသမ ၉ ရာခိုင်နှုန်းသို့ ပြန်လည်ကျဆင်းနိုင်မည်ဟု သိရသည်။ အလားတူ အီးယူ၏ အလုပ်လက်မဲ့နှုန်းသည်လည်း ၂၀၁၉ ခုနှစ်တွင် ၆ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ် တွင် ၇ ဒသမ ၇ ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ၈ ဒသမ ၆ ရာခိုင်နှုန်းသို့ မြင့်တက်နိုင်ပြီး၊ ၂၀၂၂ ခုနှစ်တွင် ၈ ဒသမ သုည ရာခိုင်နှုန်းသို့ ပြန်လည်ကျဆင်းနိုင်ကြောင်း ခန့်မှန်းထားပါသည်။

လူမှုဖူလုံရေးအထောက်အပံ့များအတွက် ဘဏ္ဍာငွေအမြောက်အများ သုံးစွဲရခြင်းနှင့် အခွန်ဘဏ္ဍာငွေများ ကောက်ခံရရှိမှု လျော့ကျခြင်းတို့ကြောင့် အီးယူတစ်ဝန်းနိုင်ငံများရှိ အစိုးရ များ၏ ဘဏ္ဍာရေးလိုငွေဖြစ်ပေါ်မှု သိသိသာသာမြင့်တက်နိုင်ကြောင်း ခန့်မှန်းထားပါသည်။ ယူရို ဒေသ၌ အစိုးရပိုင်းမှ ပျမ်းမျှဘဏ္ဍာရေးလိုငွေဖြစ်ပေါ်မှုသည်  ၂၀၁၉ ခုနှစ်တွင် ဂျီဒီပီ၏ သုည ဒသမ ၆ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင် ဂျီဒီပီ၏ ၈ ဒသမ ၈ ရာခိုင်နှုန်းဝန်းကျင်သို့ မြင့်တက်လာခဲ့ကြောင်း၊ အဆိုပါနှုန်းထားမှာ ၂၀၂၁ ခုနှစ်တွင် ၆ ဒသမ ၄ ရာခိုင်နှုန်းနှင့် ၂၀၂၂ ခုနှစ်တွင် ၄ ဒသမ ၇ ရာခိုင်နှုန်းတို့သို့ အသီးသီးကျဆင်းမည်ဟု ခန့်မှန်းထားပြီး၊ ယင်းသို့ ကျဆင်းမှုသည် ၂၀၂၁ ခုနှစ်တွင် စီးပွားရေးအခြေအနေများ ပြန်လည်တိုးတက်လာပြီး၊ အစိုးရ၏ အထောက်အပံ့ပေးမှုအစီအမံများ ပြန်လည်ရုတ်သိမ်းနိုင်မှုအပေါ်တွင် မူတည်မည်ဖြစ်ကြောင်း သိရသည်။

စွမ်းအင်ဈေးနှုန်းများကျဆင်းခဲ့ခြင်းကြောင့် ပြီးခဲ့သည့် သြဂုတ်လနှင့် စက်တင်ဘာလ တို့တွင် ဥရောပ၏ ငွေကြေးဖောင်းပွမှုနှုန်းကို အနှုတ်လက္ခဏာဖြစ်ပေါ်စေခဲ့ကြောင်း၊ နွေရာသီ ကာလတွင် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် ဝန်ဆောင်မှုလုပ်ငန်းများနှင့် စက်မှုလုပ်ငန်း ကုန်စည်များတွင် ဝယ်လိုအားလျော့နည်းခြင်းကြောင့် ငွေကြေးဖောင်းပွမှုနှုန်းသည်လည်း ကျဆင်း ခဲ့ရကြောင်း သိရသည်။ စားသုံးသူဈေးနှုန်းအညွှန်းကိန်း (Harmonized Index of Consumer Prices-HICP)ဖြင့် တိုင်းတာမှုအရ ယူရိုဒေသ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၀ ပြည့်နှစ် တွင် သုည ဒသမ ၃ ရာခိုင်နှုန်းရှိနိုင်ပြီး၊ ၂၀၂၁ ခုနှစ်တွင် ၁ ဒသမ ၁ ရာခိုင်နှုန်းနှင့် ၂၀၂၂ ခုနှစ်တွင် ၁ ဒသမ ၃ ရာခိုင်နှုန်း ရှိနိုင်ကြောင်း ခန့်မှန်းထားပါသည်။ အီးယူ၏ ငွေကြေးဖောင်းပွမှုနှုန်းအား ၂၀၂၀ ပြည့်နှစ်အတွက် သုည ဒသမ ၇ ရာခိုင်နှုန်း၊ ၂၀၂၁ ခုနှစ်တွင် ၁ ဒသမ ၃ ရာခိုင်နှုန်းနှင့် ၂၀၂၂  ခုနှစ်တွင် ၁ ဒသမ ၅ ရာခိုင်နှုန်းရှိနိုင်ကြောင်း အဆိုပါခန့်မှန်းချက်အရ သိရသည်။

ဥရောပကော်မရှင်၏ ၂၀၂၀ ပြည့်နှစ်၊ ဆောင်းဦးရာသီ စီးပွားရေးခန့်မှန်းချက်အရ မသေချာမရေရာမှုများ၊ စီးပွားရေးအတွက် ထိခိုက်နိုင်ချေရှိမှုများ မြင့်မားနေကြောင်းသိရသည်။ ဥရောပတစ်ဝန်းတွင် ပိုမိုဆိုးရွားလာနေသော ကပ်ရောဂါအခြေအနေကြောင့် အများပြည်သူ ကျန်းမာရေးဆိုင်ရာ ပိုမိုတင်းကျပ်သော အစီအမံများချမှတ်ရန် လိုအပ်လျက်ရှိမှုသည် စီးပွားရေး အပေါ် ကာလကြာရှည် သက်ရောက်မှုဖြစ်ပေါ်စေနိုင်မည့် အလားအလာဆီသို့ ဦးတည်စေလျက် ရှိပါသည်။ ကမ္ဘာ့စီးပွားရေးနှင့် ကမ္ဘာ့ကုန်သွယ်မှုတို့တွင် မျှော်မှန်းထားသည်ထက် လျော့နည်း၍ တိုးတက်ခဲ့လျှင်ဖြစ်စေ၊ ကုန်သွယ်ရေးတင်းမာမှုများ ပိုမိုပြင်းထန်လာခဲ့လျှင်ဖြစ်စေ ဥရောပ၏ စီးပွားရေးအပေါ် ဆိုးကျိုးသက်ရောက်စေနိုင်မည်ဖြစ်ပြီး၊ ဘဏ္ဍာရေးဈေးကွက်ဖိအားဖြစ်ပေါ် လာနိုင်မှုသည်လည်း စီးပွာရေးကျဆင်းမှုဖြစ်ပေါ်စေနိုင်သည့် အချက်တစ်ခုဖြစ်ကြောင်း အီးယူ၏ ဆောင်းဦးရာသီ စီးပွားရေးခန့်မှန်းချက်အရ သိရပါသည်။

ရင်းမြစ် – (ဥရောပကော်မရှင်)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading