ပြည်ပသတင်းများ

တရုတ်နိုင်ငံ၏စီးပွားရေး မျှော်မှန်းထားသည်ထက် ပိုမိုတိုးတက်လာသည်ဟု ကမ္ဘာ့ဘဏ်မှ ပြောကြားခဲ့ခြင်း

COVID-19ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားလျက်ရှိသော်လည်း ၂၀၂၀ ပြည့်နှစ်၊ ဒုတိယ လေးလပတ်တာကာလအတွင်း တရုတ်နိုင်ငံ၏ စီးပွားရေးပြန်လည်တိုးတက်မှုနှုန်း မျှော်မှန်း ထားသည်ထက် ပိုမိုကောင်းမွန်ခဲ့သည်ဟု ကမ္ဘာ့ဘဏ်မှ တရုတ်နိုင်ငံဆိုင်ရာ ဒါရိုက်တာဖြစ်သူမှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

             တရုတ်နိုင်ငံ၏ စီးပွားရေးပြန်လည်တိုးတက်ဖွံ့ဖြိုးမှုနှုန်းသည် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ အတွင်း၌ ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်ခဲ့သည့် ကမ္ဘာလုံးစီးပွားရေးဆိုင်ရာ အခွင့်အလမ်းအစီရင်ခံစာ၌ ဖော်ပြထားသည့်မျှော်မှန်းချက်ထက် ပိုမိုမြင့်မားကြောင်း၊ တရုတ်အမျိုးသားစာရင်းအင်းဗျူရိုမှ ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ တရုတ်နိုင်ငံ၏ စီးပွားရေးသည် ၂၀၂၀ ပြည့်နှစ်၊ ပထမ လေးလပတ်တာကာလအတွင်း၌ ပြီးခဲ့သည့်နှစ်၊ ကာလတူထက် (၆.၈) ရာခိုင်နှုန်း ကျဆင်းသွားခဲ့ သော်လည်း ဒုတိယလေးလပတ်တာကာလအတွင်း၌ ပြီးခဲ့သည့်နှစ်၊ ကာလတူထက် (၃.၂) ရာခိုင်နှုန်း ပြန်လည်တိုးတက်လာခဲ့ကြောင်း၊ နိုင်ငံအတွင်း COVID-19 ရောဂါထိန်းချုပ်မှုများ ဆောင်ရွက် သကဲ့သို့ စက်ရုံများအနေဖြင့် ထုတ်လုပ်မှုများ တိုးမြှင့်ဆောင်ရွက်ခဲ့သည့်အတွက် ၂၀၂၀ ပြည့်နှစ်၊ ဒုတိယလေးလပတ်တာကာလအတွင်း တရုတ်နိုင်ငံ၏ တန်ဖိုးမြှင့်စက်မှုလုပ်ငန်းများမှ ထွက်ရှိမှု သည် ပြီးခဲ့သည့်နှစ် ၊ ကာလတူထက် (၄.၄) ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံအတွင်း ဘဏ္ဍာငွေကြေး၊ ပြည်ပကုန်သွယ်မှုနှင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများစသည့် အညွှန်းကိန်း များ တစ်စထက်တစ်စ ပြန်လည်ဦးမော့လာပြီဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ တုန့်ပြန်မှုများမူဝါဒများအား သိသာထင်ရှားစွာအချိန်နှင့် တပြေးညီဆောင်ရွက် ခဲ့သည့်အတွက် အကျိုးကျေးဇူးများ ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းမှုများ မဖြစ်ပေါ်စေရန် နိုင်ငံအနေဖြင့် ဘဏ္ဍာငွေပိုမို အသုံးပြုခြင်း၊ အခွန် အကောက်များ သက်သာခွင့်ပြုခြင်း၊ ငှားရမ်းခများ ဖြတ်တောက်ပေးခြင်း၊ COVID-19 ကမ္ဘာ့ကပ် ရောဂါကြောင့် ထိခိုက်ခြင်းခံခဲ့ရသည့် စီးပွားရေးလုပ်ငန်းများ ပြန်လည်နလန်ထူလာနိုင်စေရန်နှင့် အလုပ်အကိုင်ရရှိမှုအပေါ် အထောက်အကူဖြစ်စေရန် လိုအပ်သည့် လုပ်ဆောင်ချက်များအား ဘဏ်များမှ လိုက်ပါဆောင်ရွက်ခြင်းစသည့် စီမံဆောင်ရွက်မှုများအား လုပ်ဆောင်လျက်ရှိကြောင်း၊ ဈေးကွက်ခိုင်မာစေရန်နှင့် ယှဉ်ပြိုင်မှုရရှိစေရန် လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများသည် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများနှင့် ထုတ်လုပ်မှုအား ပြန်လည်တိုးတက်စေရန် လှုံ့ဆော်ရာတွင် အထောက် အကူဖြစ်စေခဲ့သည်ဟု သိရှိရပါသည်။

             ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်ဖွင့်လှစ်ပေးရန်၊ နိုင်ငံ များအနေဖြင့် COVID-19 ကမ္ဘာ့ကပ်ရောဂါအား ထိရောက်စွာ ကုသနိုင်ရေးနှင့် ကာကွယ်ဆေး ထုတ်လုပ်နိုင်ရေးတွင် ပူးပေါင်းဆောင်ရွက်ရန်မှာ အရေးကြီးသည့်အချက်ဖြစ်ကြောင်း၊ ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေးကျဆင်းမှုကြောင့် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများအပေါ် သက်ရောက်လာနိုင် မှုများ လျော့ပါးသက်သာသွားစေမည့်နည်းလမ်းများ ဆက်လက်လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ကမ္ဘာ့ဘဏ်၏ တရုတ်နိုင်ငံဆိုင်ရာ ဒါရိုက်တာဖြစ်သူ Martin Raiser မှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: https://www.globaltimes.cn/content/1196756.shtml

ရွှေစင်ဉီး၊ စီးပွားရေးသံမှူး

ပေကျင်းမြို့

Loading