ပြည်ပသတင်းများ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် Personal Protective Equipment (PPE)များအတွက် ပို့ကုန်ခွင့်ပြုချက်ရယူရန် လိုအပ်ချက်အစီအစဉ်ကို အီးယူအဆုံးသတ်

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဖြစ်ပွားနေချိန်တွင် အီးယူအတွင်း Personal Protective Equipment (PPE) များ လုံလောက်မှုရှိစေရေးအတွက် ယခုနှစ် မတ်လတွင် စတင်ပြဌာန်းခဲ့သည့် ပို့ကုန်ခွင့်ပြုချက် အစီအစဉ် (export authorization scheme) ကို ၂၆-၅-၂၀၂၀ နေ့မှစတင်၍ အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း၊ ယင်းအစီအစဉ်ကို ယာယီစီမံဆောင်ရွက်မှုအဖြစ် ထားရှိခဲ့ခြင်း ဖြစ်ပြီး၊ ထပ်မံတိုးမြှင့်ရန်အတွက် တောင်းဆိုမှုတစ်စုံတစ်ရာ မရှိခဲ့သဖြင့် အဆုံးသတ်ခဲ့ခြင်းဖြစ် ကြောင်း သိရှိရပါသည်။

အဆိုပါ ပို့ကုန်ခွင့်ပြုမှုလိုအပ်ချက်အစီအစဉ်ကို အကောင်အထည်ဖော်ရာတွင် အများ ပြည်သူကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းနှင့် ကုန်သွယ်မှုလွတ်လပ်စွာ စီးဆင်းစေခြင်းတို့အကြား ဟန်ချက်ညီစွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အီးယူအဖွဲ့ဝင်နိုင်ငံများ၏ အစီရင်ခံမှုများအရ ပို့ကုန်တင်ပို့သူများအနေဖြင့် ယင်းပို့ကုန်ခွင့်ပြုချက်ပေါင်း (၁၃၀၀) ကျော်ကို တောင်းခံခဲ့ကြပြီး၊ လျှောက်ထားမှုအားလုံး၏ (၉၅) ရာခိုင်နှုန်းကို ခွင့်ပြုပေးခဲ့ကြောင်း၊ အလားတူ ၂၆-၄-၂၀၂၀ နေ့မှ စတင်၍ အကာအကွယ်နှာခေါင်းစည်းပေါင်း (၁၃) သန်းကျော်၊ အကာအကွယ် ဝတ်စုံ (protective garments) အရေအတွက် (၁) သန်းဝန်းကျင်နှင့် Protective masks and visors (၃၅၀၀၀၀) ကျော်ကို အီးယူမှ တင်ပို့ခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

အီးယူအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားနေချိန်တွင် PPE များ ပြည်တွင်း ဖူလုံမှုသေချာစေရေးအတွက် ယင်းသို့ ပို့ကုန်ခွင့်ပြုမှု လိုအပ်ချက်အစီအစဉ်ကို ၁၅-၃-၂၀၂၀ နေ့ တွင် စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်ပြီး၊ ၂၆-၄-၂၀၂၀ နေ့တွင် ပို့ကုန်ခွင့်ပြုချက်ရယူရန်လိုအပ်သည့် ပစ္စည်းများ စာရင်းကို လျှော့ချ၍ ယင်းအစီအစဉ်ကို ပြင်ဆင်ခဲ့ပါသည်။ အဆိုပါအစီအစဉ်အရ အီးယူအဖွဲ့ဝင်နိုင်ငံများသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များအတွက် ပို့ကုန် ခွင့်ပြုချက်ပေးအပ်မှုကို မြန်ဆန်စွာဆောင်ရွက်ပေးရန်လိုအပ်ပြီး၊ ပို့ကုန်ခွင့်ပြုပေးမှုနှင့် စပ်လျဉ်း သည့် အစီရင်ခံစာကိုလည်း အဖွဲ့ဝင်နိုင်ငံများမှ ဥရောပကော်မရှင်သို့တင်ပြရန် လိုအပ်ကြောင်း သိရှိရပါသည်။

ရင်းမြစ် –  (https://ec.europa.eu/trade)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading