ပြည်တွင်းသတင်းများ

(၄၃) ကြိမ်မြောက်ကျင်းပသည့် အာဆီယံ လယ်ယာစိုက်ပျိုး ရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေး ၊ (၂၁) ကြိမ်မြောက်ကျင်းပသည့် အာဆီယံ အပေါင်းသုံး လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေး များသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်

ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် လယ်ယာကဏ္ဍ ဆိုင်ရာ သွင်းအားစုများ ထုတ်လုပ်မှုများ နှင့် လုပ်သားများ အပေါ်ထိခိုက်မှု ရှိခဲ့သော်လည်း တောင်သူများ နှင့် ထုတ်လုပ်မှု ကွင်းဆက် တစ်လျှောက် တွင်ပါဝင်သည့် စိုက်ပျိုးစီးပွားရေး လုပ်ငန်းရှင်များ၏ ကြိုးပမ်းမှုကြောင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့မှုများ ကျေနပ်ဖွယ်ရာတိုးတက်မှု ရှိခဲ့ ကြောင်း၊ ဥပမာအားဖြင့် ပြောင်းသီးနှံ တင်ပို့မှုတွင် ၂၀၂၀ ခုနှစ် တင်ပို့နိုင်မှုသည် ၂၀၁၉ ခုနှစ် တင်ပို့မှုထက် ၇၀% တိုးတက်တင်ပို့နိုင်ခဲ့ကြောင်း၊ အဆိုပါတိုးတက်မှုသည် အိမ်နီးချင်း နိုင်ငံများ နှင့် ပူးပေါင်းဆောင်ရွက်မှု ရလဒ် ဖြစ်ပါကြောင်း

ကိုဗစ် ၁၉ ကပ်ရောဂါ ကာလအတွင်း သွင်းအားစုဓါတ်မြေဩဇာဈေးနှုန်း နှင့် ကိုင်တွယ်စရိတ်၊ ကုန်သွယ်မှုစရိတ် ကြီးမြင့်လာခြင်းသည် စိုက်ပျိုး ထုတ်လုပ်သူများ အတွက် ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ်အဖြစ် တွေ့ရှိရပါကြောင်း၊ သို့ပါ၍ ကုန်သွယ်မှု လမ်းကြောင်းများ ချောမွေ့ ပွင့်လင်းစေရေး အတွက် အာဆီယံ နိုင်ငံများ နှင့် အပေါင်းသုံးနိုင်ငံ အကြား ပူးပေါင်း ဆောင်ရွက်နိုင်ရန် ချမှတ်ထားသည့် လုပ်ငန်းစဉ်များတွင် မြန်မာနိုင်ငံအနေဖြင့် တက်တက် ကြွကြွ ပါဝင်သွားမည်ဖြစ်ကြောင်း အောက်တိုဘာလ (၂၇)ရက် နေ့က အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်သည့် (၄၃)ကြိမ်မြောက် ကျင်းပသည့် အာဆီယံ လယ်ယာစိုက်ပျိုးရေး နှင့် သစ်တော ဆိုင်ရာ ဝန်ကြီးများ အစည်းအဝေး နှင့် (၂၁)ကြိမ်မြောက် ကျင်းပသည့် အာဆီယံ အပေါင်းသုံး လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးများတွင်  မြန်မာနိုင်ငံ အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီး (AMAF Leader)ဖြစ်သူ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွဋ်ဦး က ဆွေးနွေးပြောကြားသည်။

(၄၃)ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေး နှင့် သစ်တော ဆိုင်ရာ ဝန်ကြီးများ အစည်းအဝေး နှင့် (၂၁)ကြိမ်မြောက် အာဆီယံ အပေါင်းသုံး လယ်ယာစိုက်ပျိုးရေးနှင့် သစ်တော ဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးများ အတွက် အဆင့်မြင့် အရာရှိကြီးများ၏ ကြိုတင် ညှိနှိုင်း အစည်းအဝေးများကို အောက်တိုဘာလ (၂၆)ရက်နေ့ နှင့် (၂၇)ရက်နေ့ များတွင်  အွန်လိုင်းစနစ်ဖြင့် ကျင်းပရာ သဘာပတိအဖြစ် အင်ဒိုနီးရှားနိုင်ငံ က တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး အဆိုပါ အစည်းအဝေးများ သို့ မြန်မာနိုင်ငံကိုယ်စားပြု အာဆီယံလယ်ယာ စိုက်ပျိုးရေး နှင့် သစ်တောဆိုင်ရာ အဆင့်မြင့် အရာရှိ (SOM-AMAF Leader)ဖြစ်သူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း ဦးဆောင် သည့် ကိုယ်စားလှယ် အဖွဲ့ ပါဝင်တက်ရောက်ခဲ့ကြသည်။

            (၄၃)ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများ အစည်းအဝေး တွင် အာဆီယံ ဘက်စုံ ထူထောင်ရေး ဆိုင်ရာ မူဘောင်၏ အကောင် အထည်ဖေါ် ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်း တင်ပြခြင်း၊ ကိုဗစ်−၁၉ ကပ်ရောဂါကြောင့် စီးပွားရေးဆိုင်ရာ ထိခိုက်မှုများအား ပြန်လည်ထူထောင်လာစေရေး နှင့် ကြံ့ကြံ့ခံနိုင်စေရေး အတွက် ဆောင်ရွက်ခဲ့သည့် နည်းလမ်းများနှင့်အတွေ့အကြုံများ အား ဖလှယ်ခြင်း၊ အာဆီယံ နိုင်ငံများရှိ စားနပ်ရိက္ခာ၊ စိုက်ပျိုးရေး နှင့် သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်ခြင်း နှင့် စပ်လျဉ်းသည့် မူဝါဒ မူဘောင်များ အကောင်အထည်ဖေါ် ဆောင်ရွက်မှု အခြေအနေများအား တင်ပြ ဆွေးနွေးခြင်း၊ ၂၀၂၁ခုနှစ် တွင် အဓိကရေးဆွဲပြီးစီးခဲ့သည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် သစ်တောကဏ္ဍ ဆိုင်ရာ  လမ်းညွှန်ချက်များ ၊ သတ်မှတ်ချက်များ (၉)ခု နှင့် ၂၀၂၂ခုနှစ်တွင် အကောင်အထည်ဖော်မည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် သစ်တော ကဏ္ဍ ဆိုင်ရာ လမ်းညွှန်ချက်(၂၇)ခုတို့ကို ဝန်ကြီးများ၏ အတည်ပြုချက် ရယူခြင်း၊ အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် သြစတြေးလျနိုင်ငံ၊ တရုတ်နိုင်ငံ၊ ဂျာမဏီနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ရုရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ မိတ်ဖက် အဖွဲ့အစည်းများ ဖြစ်သည့် ကုလသမဂ္ဂ စားနပ်ရိက္ခာ နှင့် စိုက်ပျိုးရေးအဖွဲ့၊ ကမ္ဘာလုံး ဆိုင်ရာ တိရစ္ဆာန် ကျန်းမာရေးအဖွဲ့အစည်း၊ အာရှဒေသ ဖွံ့ဖြိုးရေး အဖွဲ့အစည်းတို့နှင့် ပူးပေါင်း ဆောင်ရွက် လျက်ရှိသည့် စီမံကိန်းများအား အကောင်အထည်ဖော်နိုင်ခဲ့မှုနှင့် ရှေ့လုပ်ငန်းစဉ်များအား  ဝန်ကြီးများ က အတည်ပြု ခဲ့ကြပြီး လမ်းညွှန်ချက်များ ချမှတ် ပေးခဲ့ကြသည်။

            ကြံ့ကြံ့ခံနိုင်သည့်အာဆီယံဖြစ်ပေါ်စေရေး လုပ်ငန်းများတွင် ပါဝင်သည့် တိရစ္ဆာန် ကျန်းမာရေး ဆိုင်ရာ လုပ်ငန်းများ ပိုမိုခိုင်မာမှုရှိစေရေးဆိုင်ရာ စီမံကိန်း ကို ကုလသမဂ္ဂ စားနပ်ရိက္ခာ နှင့် စိုက်ပျိုးရေး အဖွဲ့နှင့် သြစတြေးလျနိုင်ငံတို့က လည်းကောင်း ၊ လက်ရှိ ဆောင်ရွက်နေသော စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့်သစ်တော ဆိုင်ရာလုပ်ငန်းများ ကို  အာဆီယံ− အမေရိကန် စီးပွားရေး ကောင်စီ က လည်းကောင်း၊ စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တော ကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ အာဆီယံမျှော်မှန်းချက် နှင့် မဟာဗျူဟာ လုပ်ငန်းစဉ် (၂၀၁၆−၂၀၂၅) အရ ဆောင်ရွက်မည့် သုတေသန လုပ်ငန်းများကို အပြည်ပြည် ဆိုင်ရာ ဆန်စပါးသုတေသနဌာနမှလည်းကောင်း အသီးသီး တင်ပြဆွေးနွေးခဲ့ကြပြီး အာဆီယံ လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီး များ ၏ (၄၃)ကြိမ်မြောက် အစည်းအဝေး က ထုတ်ပြန်ကြေညာမည့် ပူးတွဲကြေညာချက် ကို အတည်ပြုခဲ့ကြပြီး ရှေ့လုပ်ငန်းစဉ်များ အတွက် လမ်းညွှန်ချက်များ ချမှတ်ပေးခဲ့ကြသည်။

            (၂၁)ကြိမ်မြောက် ကျင်းပသည့် အာဆီယံ အပေါင်းသုံး လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တော ဆိုင်ရာ ဝန်ကြီးများအစည်းအဝေးတွင် ကိုဗစ်−၁၉ ကပ်ရောဂါကြောင့် စီးပွားရေး ဆိုင်ရာ ထိခိုက်မှုများအား ပြန်လည်ထူထောင်လာစေရေး နှင့် ကြံ့ကြံ့ခံနိုင် စေရေးအတွက် ဆောင်ရွက်ခဲ့သည့် နည်းလမ်းများနှင့် အတွေ့အကြုံများ အား ဖလှယ် ခြင်း၊ အကြိုညှိနှိုင်း အစည်းအဝေးမှ ဆွေးနွေးဆုံးဖြတ်ချက်များဖြစ်သည့် အာဆီယံ အပေါင်းသုံး နိုင်ငံများတွင် စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုမဟာဗျူဟာ (၂၀၁၆−၂၀၂၅)၏ အကောင်အထည်ဖေါ် ဆောင်ရွက်ပြီးစီး ခဲ့သည့် လုပ်ငန်းများ၊ ဆောင်ရွက် ဆဲလုပ်ငန်းများ နှင့် ရှေ့လုပ်ငန်းစဉ်များ၊ အာဆီယံ နှင့် အရှေ့အာရှ နိုင်ငံများအတွက် စီးပွား ရေးဆိုင်ရာ သုတေသနအဖွဲ့အစည်းမှ အကောင် အထည်ဖေါ် ဆောင်ရွက်ခဲ့သည့်  ကိုဗစ်−၁၉ ကပ်ရောဂါ ကျရောက်ပြီး နောက်ပိုင်း ကာလတွင် အာဆီယံ နိုင်ငံများရှိ စားသောက် ကုန်များ နှင့် စိုက်ပျိုးရေးဆိုင်ရာ ထွက်ကုန်များ တန်ဖိုးမြင့်မားစေရေးအတွက် စားသောက်ကုန် တန်ဖိုး ကွင်းဆက်များနှင့် အအေးခန်း ကွင်းဆက်များ ဖွံ့ဖြိုးတိုးတက် စေရေးတွင် ဒီဂျစ်တယ် နည်းပညာများ အသုံးပြုခြင်း ဆိုင်ရာ သုတေသနစီမံကိန်းမှ ထွက်ပေါ်လာသည့် ရလဒ်များကို တင်ပြဆွေးနွေးခဲ့မှု အပေါ် ဝန်ကြီးများမှ အတည်ပြု ခဲ့ကြပြီး ရှေ့လုပ်ငန်းစဉ်များအတွက် လမ်းညွှန်ချက်များ ချမှတ်ပေးခဲ့ကြသည်။

            ထို့နောက် အာဆီယံ အပေါင်းသုံး လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများ ၏ (၂၁)ကြိမ်မြောက်အစည်းအဝေးတွင် ထုတ်ပြန်ကြေညာမည့် ပူးတွဲကြေညာချက်ကို အတည် ပြုခဲ့ကြသည်။ ၂၀၂၂ခုနှစ်တွင် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတ နိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံ ကျင်းပမည့် အာဆီယံ လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများ ၏ (၄၄)ကြိမ်မြောက် အစည်းအဝေး နှင့် အာဆီယံ အပေါင်းသုံး လယ်ယာစိုက်ပျိုးရေးနှင့် သစ်တော ဆိုင်ရာဝန်ကြီးများ ၏ (၂၂)ကြိမ်မြောက် အစည်းအဝေး ကျင်းပမည့် အချိန် နှင့် နေရာတို့ကို ဆွေးနွေး အတည်ပြုခဲ့ကြောင်း သတင်းရရှိသည်။

Loading