ပြည်တွင်းသတင်းများ

မန္တလေးဈေးကွက် လယ်ယာထွက်ကုန် ရောင်းဝယ်မှု အခြေအနေ

ပဲမျိုးစုံ

မန္တလေးဈေးကွက်တွင် မတ္တရာဒေသထွက် ပဲတီစိမ်း(အညာ)များ၊ ခရမ်း/သုံးခွဒေသထွက် ပဲတီစိမ်း (ရွှေဝါ) များ ဝင်ရောက်လျှက်ရှိပြီး တရုတ်မှ ပုံမှန်ဝယ်ယူမှုရှိခြင်း၊ အိန္ဒိယတင်ပို့ရန် ရန်ကုန်ဝယ်လက်အဆွဲရှိခြင်းကြောင့် အညာစမှာ (၃) တင်းတစ်အိတ်လျှင်ပျမ်းမျှ ၁၂၉,၀၀၀ ကျပ် နှင့် ရွှေဝါမှာ ၁၃၅,၆၆၇ ကျပ်ဈေးရှိကြောင်း သိရှိရပါသည်။ မတ်ပဲမှာ အသစ်ဝင်ရောက်မှုရှိခြင်း၊ ပဲခွဲစက်သမားများသာ အဝယ်ရှိခြင်းကြောင့် ယခင်တစ်ပတ် (၃) တင်းတစ်အိတ်လျှင် ပျမ်းမျှ ၁၀၁,၆၆၇ ကျပ်မှ ယခုတစ်ပတ် ၉၆,၅၀၀ ကျပ်သို့ဈေးနှုန်း ဆက်တိုက်ကျဆင်းလာကြောင်း သိရှိရပါသည်။ ပဲစင်းငုံမှာ အိန္ဒိယသို့ တင်ပို့ရန်ရှိသော်လည်း ရန်ကုန်ဝယ်လက် အဆွဲနည်းခြင်း၊ ဈေးနိမ့်ဝယ်ယူနေခြင်းတို့ကြောင့် (၃) တင်းတစ်အိတ်လျှင်ပျမ်းမျှ ၆၄,၅၀၀ ကျပ်ထိဈေးကျနေပြီး ပဲလွန်းပြာအသစ်များ ဈေးကွက်သို့ စတင်ဝင်ရောက်လျှက်ရှိပြီး (၃)တင်းတစ်အိတ်လျှင် ပျမ်းမျှ ၁၂၉,၅၀၀ ကျပ်ဈေးရှိကြောင်း သိရှိရပါသည်။

ဆီထွက်သီးနှံ

ဆီထွက်သီးနှံများအနေဖြင့် ယခုတစ်ပတ် မြေပဲ (ဆီဆန်) ကို တရုတ်မှ အဆွဲရှိခြင်း ကြောင့် ယခင်တစ်ပတ် ပိဿာ (၁၀၀) လျှင် ပျမ်းမျှ ၂၄၁,၆၆၇ ကျပ်မှ ယခုတစ်ပတ် ၂၅၂,၅၀၀ ကျပ်အထိဈေးနှုန်းမြင့်လာကြောင်းသိရှိရပါသည်။ နှမ်းဖြူနှင့် နှမ်းနက်မှာ ယခုနှစ် မိုးခေါင်သဖြင့် အထွက်နည်းအဝင်နည်းခြင်း၊ အရည်အသွေးကောင်းပစ္စည်းရှားခြင်း၊ တရုတ်သို့ ပုံမှန်တင်ပို့မှု ရှိခြင်းကြောင့် ဈေးမြင့်နေသည်ကိုတွေ့ရပါသည်။

စားဖိုဆောင်သီးနှံ

မန္တလေးဈေးကွက်သို့ ကြက်သွန်နီအသစ်များ ဝင်ရောက်လျှက်ရှိခြင်း၊ အဟောင်းများ မှာလည်း အရည်အသွေးညံ့လာခြင်း၊ ထုတ်ရောင်းချမှုများခြင်းတို့ကြောင့် အကြီးတစ်ပိဿာလျှင် ပျမ်းမျှ ၅၀၀ ကျပ်၊ အလတ်စ ၄၀၀ ကျပ်နှင့် အသေးစမှာ ၃၀၀ ကျပ်ဖြင့် ရောင်းဝယ်မှုရှိပြီး တရုတ်မှလည်း ကြက်သွန်နီအသစ်များ စတင်ဝယ်ယူနေကြောင်းသိရပါသည်။ ဗမာကြက်သွန်ဖြူ မှာ ပစ္စည်းဝင်ရောက်မှုနည်းပြီး လက်ကျန်များဖြင့်သာ ရောင်းဝယ်နေခြင်းကြောင့် ဈေးတည်ငြိမ် နေပါသည်။ အောင်ပန်းမှ အာလူးအသစ်များအဝင်များခြင်း၊ တရုတ်အာလူးများလည်း အဝင်များ ခြင်းကြောင့် အာလူးအမျိုးအစားအားလုံးဈေးကျလာကြောင်း သိရှိရပါသည်။ ဂျင်းမှာ ဈေးကွက် သို့ ပစ္စည်းအဝင်များပြီး အရောင်းအဝယ်အေးသောကြောင့် တစ်ပိဿာလျှင်ပျမ်းမျှ ၁၄၀၀ ကျပ် ဖြင့် ရောင်းဝယ်မှုရှိကြောင်းသိရှိရပါသည်။

ဟင်းသီးဟင်းရွက်

ဈေးကွက်တွင်းသို့ ခရမ်းချဉ်(ထိုင်ဝမ်)သီးများ အဝင်များလာခြင်းကြောင့် အင်းသီးမှာ ယခုတစ်ပတ် တစ်သေတ္တာလျှင်ပျမ်းမျှ ၁၀,၀၀၀ ကျပ်သို့ဈေးနှုန်း ကျဆင်းလာပြီး ဆောင်းတွင်း ကာလဖြစ်သဖြင့် သီးနှံမျိုးစုံ ပေါများစွာ ဝင်ရောက်နေခြင်းကြောင့် ဟင်းသီးဟင်းရွက်များမှာ အားလုံးနီးပါးဈေးနှုန်းကျဆင်းနေကြောင်း သိရှိရပါသည်။

သစ်သီးဝလံ

သစ်သီးဝလံအနေဖြင့် လိမ္မော်သီးများ ဈေးကွက်သို့ လှိုင်လှိုင်ဝင်ရောက်လျှက်ရှိသော ကြောင့် ပိဿာ (၁၀၀) လျှင် ပျမ်းမျှ ၉၀,၀၀၀ ကျပ်ဖြင့် ရောင်းဝယ်နေပြီး၊ ဖရဲနှင့် သခွားမွှေးမှာ တရုတ်သို့ တင်ပို့မှုရှိသောကြောင့် ဈေးနှုန်းမြင့်နေကြောင်း သိရှိရပါသည်။

                                                                                                    (ဒေါ်ဆွေဇင်ညွန့်၊ မန္တလေးဈေးကွက်)

Loading