နောက်ခံသမိုင်း

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည်၊ နိုင်ငံတော်၏ စီးပွားရေး၊ တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပိုမို ထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် (၁၉၉၂)ခုနှစ် မတ်လ(၅)ရက်နေ့ အမိန့်ကြော်ငြာစာအမှတ် (၁၇/၉၂)ဖြင့် ယခင် လယ်ယာနှင့်သစ်တောဝန်ကြီးဌာနကို လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနနှင့် သစ်တောရေးရာဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာန(၂)ခု အဖြစ် ပြင်ဆင် ဖွဲ့စည်းတာဝန်ပေးခဲ့ပါသည်။

ထိုကဲ့သို့ ဝန်ကြီးဌာန (၂)ခုကို ပြင်ဆင်ဖွဲ့စည်းခဲ့ရာတွင် ယခင်လယ်ယာနှင့်သစ်တောဝန်ကြီးဌာနရှိ စီမံကိန်းနှင့်စာရင်းအင်းဦးစီးဌာနကို သစ်တောရေးရာဝန်ကြီးဌာနလက်အောက်သို့ ထားရှိဖွဲ့စည်းထားသဖြင့် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနအတွက် ဝန်ကြီးဌာန ကိုယ်စားပြုလျက် စိုက်ပျိုးရေးဆိုင်ရာစီမံကိန်းလုပ်ငန်းများ၊ စာရင်းအင်းစိစစ်ညှိနှိုင်းခြင်းလုပ်ငန်းများ၊ အပြည်ပြည်ဆိုင်ရာဆက်သွယ်ရေးလုပ်ငန်းများနှင့် ကုန်သွယ် စီးပွားရေးလုပ်ငန်းများကို ဝန်ကြီးဌာနနှင့်အထက်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနလက်အောက်ရှိလုပ်ငန်း/ဌာနများ၊ အခြားဝန်ကြီးဌာန အဖွဲ့အစည်းများတို့အကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် စိုက်ပျိုးရေးစီမံကိန်းဦးစီးဌာနဟူသောအမည်ဖြင့် ဦးစီးဌာန (၁)ခုအား နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အစည်းအဝေး (၂၁/၉၂)၏ သဘောတူခွင့်ပြုချက်အရ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အမိန့်ကြော်ငြာစာအမှတ် (၄/၉၂) ဖြင့်၊ ၁၉၉၂ခုနှစ်၊ ဇူလိုင်လ (၇)ရက်နေ့တွင် ဖွဲ့စည်းတာဝန်ပေးခဲ့ပါသည်။

စိုက်ပျိုးရေးစီမံကိန်းဦးစီးဌာနအနေဖြင့် ဌာန၏လုပ်ငန်းသဘောသဘာဝအရ အရေးကြီးသည့်လုပ်ငန်းတာဝန်များကို ဝန်ကြီးဌာနကိုယ်စား ဆောင်ရွက်ရသည့်ဌာနဖြစ်၍ လုပ်ငန်းတာဝန်များကို ထိရောက်စွာကြီးကြပ်ကွပ်ကဲဆောင်ရွက်နိုင်ရန် ဌာနခွဲ(၅)ခုကို အောက်ပါအတိုင်း ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်-

  • စီမံကိန်းလုပ်ငန်းဌာနခွဲ
  • စီမံကိန်းစိစစ်သုံးသပ်ရေးနှင့်စာရင်းအင်းဌာနခွဲ
  • စီမံခန့်ခွဲရေးဌာနခွဲ
  • အပြည်ပြည်ဆိုင်ရာဆက်သွယ်ရေးဌာနခွဲ
  • ကုန်သွယ်စီးပွားလုပ်ငန်းဌာနခွဲ

ဝန်ထမ်းအင်အားအနေဖြင့် အရာထမ်း(၂၄)ဦး၊ အမှုထမ်း(၈၇)ဦးတို့ဖြင့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်သိန်းဦးဆောင်လျက် ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။

ထို့နောက် (၁၉၉၇)ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့တွင် ကျင်းပပြုလုပ်သော အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၁/၁၉၉၇)၏ ခွင့်ပြုချက်ဖြင့် စိုက်ပျိုးရေးသိပ္ပံ(၉)ကျောင်း၊ စိုက်ပျိုးရေးအထက်တန်းကျောင်း(၁၀)ကျောင်းကို ပညာရေးဝန်ကြီးဌာနမှ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့ပြီး လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနမှတစ်ဆင့် စိုက်ပျိုးရေးစီမံကိန်းဦးစီးဌာနအောက်သို့ လွှဲပြောင်းပေးခဲ့ရာ စိုက်ပျိုးရေးစီမံကိန်းဦးစီးဌာန ဖွဲ့စည်းပုံအင်အား (၁၁၁)ဦးနှင့် စိုက်ပျိုးရေးသိပ္ပံ(၉)ကျောင်း၊ စိုက်ပျိုးရေးအထက်တန်းကျောင်း (၁၀)ကျောင်းတို့၏ ဖွဲ့စည်းပုံအင်အား (၁၄၃၈)ဦး ထပ်မံထည့်သွင်းလျက် ဌာန၏ဖွဲ့စည်းပုံကို စုစုပေါင်း ဝန်ထမ်းအင်အား (၁၅၄၉)ဦးဖြင့် ဖွဲ့စည်းခဲ့ပါသည်။

ထို့နောက် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ (၃၀-၆-၂၀၁၂)ပါ စာအမှတ်၊ ၁/၁၈၀(ခ)(၂-၃)(၁၀၂၄/၂၀၁၂) အရ လည်းကောင်း၊ (၂၄-၇-၂၀၁၂)ရက်စွဲစာအမှတ်၊ ၁/၄၀(ဃ) (၁၁၅၀/၂၀၁၂) အရလည်းကောင်း သဘောတူခွင့်ပြုပြီးဖြစ်သည့် စိုက်ပျိုးရေးသိပ္ပံကျောင်း (၉)ကျောင်း၏ ဖွဲ့စည်းပုံခွင့်ပြုအင်အား (၁၀၁၈)ဦးအား (၅-၇-၂၀၁၂) ရက်နေ့တွင် စိုက်ပျိုးရေးဦးစီးဌာနသို့ လွှဲပြောင်းပေးခဲ့ပြီး၊ (၁-၄-၁၉၉၉)ရက်နေ့မှ ဖျက်သိမ်းခဲ့သော စိုက်ပျိုးရေးအထက်တန်းကျောင်း(၁၀)ကျောင်း၏ ဖွဲ့စည်းပုံအင်အား(၄၂၀)ကိုလည်း ပြန်လည်အပ်နှံခဲ့ပြီးနောက် မူလဖွဲ့စည်းပုံ အင်အား(၁၁၁)ဦးသာ ကျန်ရှိခဲ့ပါသည်။

မြန်မာနိုင်ငံသည် (၁၉၉၇) ခုနှစ်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာပြီးနောက် အာဆီယံအဖွဲ့ဝင်နိုင်ငံအချင်းချင်း စီးပွားရေး၊ လူမှုရေး၊ ကုန်သွယ်ရေးဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရန် သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ခံဆောင်ရွက်နိုင်မည့်ဌာနများဖွဲ့စည်းရာတွင် လယ်ယာ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍနှင့် သစ်တောကဏ္ဍဆိုင်ရာ အာဆီယံရေးရာကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် စိုက်ပျိုးရေးစီးမံကိန်းဦးစီးဌာန၏ဝန်ထမ်းများမှ ထုတ်နုတ်ဖွဲ့စည်း၍ အာဆီယံယူနစ်အဖြစ် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံမှအာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ချိန်တွင် ပိုမိုများပြားလာသည့် လယ်ယာကဏ္ဍဆိုင်ရာဆောင်ရွက်ရမည့် လုပ်ငန်းများကို နိုင်နင်းစွာဆောင်ရွက်နိုင်ရန်အတွက် လက်ရှိအာဆီယံယူနစ်ကို “အာဆီယံ၊ အာရှနှင့်ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးဌာနခွဲ” အဖြစ် ဝန်ထမ်းအင်အား (၅၂)ဦးဖြင့် တိုးချဲ့ဖွဲ့စည်းခွင့်တင်ပြခဲ့ပါသည်။

သို့ဖြစ်ပါ၍ ၂၀၁၃ခုနှစ်၊ မတ်လ (၂၁)ရက်နေ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၁၀/၂၀၁၃)၏ သဘောတူခွင့်ပြုချက်အရ “နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးဌာနခွဲ”ကို တိုးချဲ့ဖွဲ့စည်းခဲ့ပြီး ဝန်ထမ်းအင်အားစုစုပေါင်း (၁၆၃) နေရာဖြင့် ဖွဲ့စည်းပုံ ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ အဆိုပါထပ်မံတိုးချဲ့ခွင့်ပြုခဲ့သည့် ဝန်ထမ်းအင်အား(၅၂)နေရာအား ဌာနရှိလိုအပ်သောဌာနခွဲများတွင် ဝန်ထမ်းအင်အား တိုးချဲ့ခြင်း ရာထူးတိုးမြှင့်ခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။

၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ(၁၅)ရက်တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၁၅)မှ သဘောတူ ခွင့်ပြုချက်အရ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ ဖွဲ့စည်းပုံကို ဝန်ကြီးရုံးနှင့်ဌာန(၁၀)ခုဖြင့် ဖွဲ့စည်းထားရာမှ ဖွဲ့စည်းပုံအင်အား လျှော့ချလျက် ဝန်ကြီးရုံးနှင့်ဌာန(၇)ခုအဖြစ် လျှော့ချလျက် ပြန်လည်ဖွဲ့စည်းခဲ့ရာ စိုက်ပျိုးရေးစီမံကိန်းဦးစီးဌာနအမည်အား “စီမံကိန်းဦးစီးဌာန” အဖြစ်လည်းကောင်း၊ လက်ရှိအင်အား အရာထမ်း (၅၂)နေရာ၊ အမှုထမ်း(၁၁၁)နေရာ၊ စုစုပေါင်း(၁၆၃) နေရာဖြင့် ဖွဲ့စည်းထားရာမှ အရာထမ်း(၄၉)နေရာ၊ အမှုထမ်း(၁၀၁)နေရာ၊ စုစုပေါင်းရာထူး (၁၅၀) နေရာဖြင့် ဖွဲ့စည်းပုံအား ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

၂၀၁၆ ခုနှစ်၊ ဇွန်လ(၉)ရက်တွင်ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၅/၂၀၁၆)မှ သဘောတူညီချက်အရ ယခင်လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနကို သမဝါယမဝန်ကြီးဌာန၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန (၃)ခုကို ပူးပေါင်း၍ “စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန”အဖြစ် ဝန်ကြီးရုံး(၁)ရုံးနှင့် ဌာန(၁၂)ခုတို့ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ရာ စီမံကိန်းဦးစီးဌာနကိုလည်း မူလဖွဲ့စည်းပုံ ခွင့်ပြုအင်အား (၁၅၀)နေရာမှ အင်အား(၁၉၈)နေရာကို တိုးချဲ့၍ စုစုပေါင်းအင်အား (၃၄၈)နေရာဖြင့် အောက်ပါဌာနခွဲ(၇)ခုတို့ဖြင့် တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခဲ့ပါ သည်-

  • စီမံခန့်ခွဲရေးနှင့်ငွေစာရင်းဌာနခွဲ
  • မူဝါဒနှင့်စီမံကိန်းဌာနခွဲ
  • အပြည်ပြည်ဆိုင်ရာဆက်သွယ်ရေးဌာနခွဲ
  • အာဆီယံရေးရာဌာနခွဲ
  • စီမံကိန်းစိစစ်သုံးသပ်ရေးဌာနခွဲ
  • သမဝါယမလုပ်ငန်းဌာနခွဲ
  • မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဌာနခွဲ

Loading